လူမျိုးရေး ခွဲခြားမှုများမရှိစေရန် မူလတန်းသင်ရိုးတွင် ကလေးသူငယ်အခွင့်အရေး ထည့်သွင်း သင်ကြားသင့်ဟုဆို

လူမျိုးရေး ခွဲခြားမှုများမရှိစေရန် မူလတန်းသင်ရိုးတွင် ကလေးသူငယ်အခွင့်အရေး ထည့်သွင်း သင်ကြားသင့်ဟုဆို

ရန်ကုန်၊ ဇူလိုင် ၈ ။      ။ လူမျိုးရေးခွဲခြားမှုမရှိစေရန် ကလေးသူငယ်အခွင့်အရေးများကို မူလတန်း သင်ရိုးတွင် ထည့်သွင်း သင်ကြားသင့်သည်ဟု ကလေးသူငယ်အခွင့်အရေးလှုပ်ရှားနေသည့် မြန်မာနိုင်ငံ ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက် စီမံကိန်း ဒါရိုက်တာ ဦးအာကာစိုးနောင်က မဇ္ဈိမကိုပြောသည်။

ဦးအာကာမိုးသူက “ကလေးငယ်တွေကို အဲ့ဒီအခွင့်အရေးတွေ ငယ်စဉ်ကတည်းက သင်ကြားပေးခဲ့ရင် သူတို့အရွယ်ရောက် ကြီးပြင်းတဲ့အခါ လူမျိုးရေးခွဲခြားမှု ကင်းစင့်ပြီး ဘာသာရေး ပဋိပက္ခဖြစ်မှုလည်းကင်းစင် သွားမှာပါ”ဟု ပြောသည်။

ယင်းအပြင် ကလေးသူငယ်အခွင့်အရေးနှင့် ပတ်သက်၍ တာဝန်ယူမှု၊ တာဝန်ခံမှုတွေကို သိရှိနားလည် သဘောပေါက်လာ မည်ဖြစ်ပြီး အရွယ်ရောက် ကြီးပြင်းလာသည့်အခါ ကလေးသူငယ်အခွင့်အရေးကို လေးစားလိုက်နာသူများ ဖြစ်လာမည်ဟုလည်း ၎င်းက ဆိုသည်။

ယင်းကဲ့သို့ ကလေးသူငယ်အခွင့်အရေးကို အခြေခံသင်ရိုးညွန်းတမ်းတွင် ထည့်သွင်းသင့်သည့် အချက်ကို ၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ပြုလုပ်ခဲ့သည့် ကလေးသူငယ်ဆိုင်ရာ အခွင့်အရေး အလုပ်ရုံဆွေးနွေးပွဲ ၁၅ခုခန့်၏ ဆွေးနွေးချက်များမှ ရရှိခဲ့ခြင်းဖြစ် သည်ဟု ဦးအာကာစိုးနောင်က ပြောသည်။

ကလေးသူငယ်ဆိုင်ရာ မဟာဗျူဟာကို အစိုးရအနေဖြင့် အကောင်အထည်ဖော်ရာတွင်လည်း ကလေးသူငယ်ဆိုင်ရာ အခွင့်အရေး လှုပ်ရှားသူများနှင့် ပူးပေါင်းဆောင်ရွက်၍ အစိုးရသက်တမ်း မကုန်ဆုံးမှီ ကာလအတွင်း အလျှင်အမြန် အကောင်အထည်ဖော်သင့် သည်ဟုလည်း ဦးအာကာမိုးသူကပြောသည်။

ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးတွင် အချက် ၅၄ချက်ပါဝင်ပြီး ယင်းတို့အနက် ၄၄ချက်မှာ ကလေးသူငယ်များ၏ အခွင့်အရေးဖြစ်ပြီး ကျန် ၁၀ချက်မှာ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးများကို ဖြည့်ဆည်းပေးရန် တာဝန်ရှိသည့် အစိုးရနှင့် အရပ်ဘက်ဆိုင်ရာ အဖွဲ့အစည်းများ လိုက်နာရမည့် တာဝန် ဝတ္တရားများဖြစ်သည်ဟု ဦးအာကာစိုးနောင်က ဆိုသည်။

ကလေးသူငယ်အခွင့်အရေး ၅၄ချက်တွင် အဓိကအချက်များမှာ- အသက်ကောင်းမွန်စွာရှင်သန်ခွင့်၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက် ခွင့်၊ ကာကွယ်စောင့်ရှောက် ခံပိုင်ခွင့်၊ ကလေးတိုင်း လူမျိုးမရွေး၊ ဘာသာမရွေး၊ ချမ်းသာမရွေး အားလုံးတန်းတူ အခွင့်အရေး ရရှိနိုင်ရေးနှင့် ပူးပေါင်းပါဝင်ခွင့်တို့ ဖြစ်ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly