လားရှိုးရှိ ကျေးရွာနှစ်ခုတွင် ရွာသား ရ ဦးအသတ်ခံရမှု အမှုမှန် ဖော်ထုတ် အရေးယူပေးရန် တောင်းဆို

လားရှိုးရှိ ကျေးရွာနှစ်ခုတွင် ရွာသား ရ ဦးအသတ်ခံရမှု အမှုမှန် ဖော်ထုတ် အရေးယူပေးရန် တောင်းဆို

ချင်းမိုင်၊ ဇူလိုင် ၅ ။               ။ ရှမ်းမြောက်ပိုင်း လားရှိုးမြို့ရှိ ကျေးရွာနှစ်ခုတွင် ဇွန်လ ၂၅ရက်က ရွာသား ၇ ဦး အသတ်ခံရမှုအတွက် ဖြစ်စဉ်အမှန် နှင့် အမှုမှန်ကို အမြန်ဆုံးဖော်ထုတ်ကာ အရေးယူပေးရန် ရှမ်း၊ ကချင်၊ တအာင်း အရပ်ဘက်အဖွဲ့အစည်းများက တောင်းဆိုလိုက်သည်။

လားရှိုးမြို့နယ် နှင့် မိုင် ၃၀ခန့်ဝေးသည့် မိုင်းယော်ပြောင်းဖူးခြံတွင် အလုပ်လုပ်ကိုင်နေသည့် မန်ကစ်ရွာ နှင့် မန်တပ်ကျေးရွာတို့မှ ရွာသား ၇ဦးမှာ အသတ်ခံခဲ့ရသည်ဟု အရပ်ဘက်အဖွဲ့အစည်းများက ထုတ်ပြန်ထားသည်။

“အေးအေး ချမ်းချမ်းနဲ့နေလာတဲ့ ရွာသားဘဝက အခုအချိန်မှာ ကျနော်တို့ ရှမ်းမြောက်ရယ်လို့ မဟုတ်ဘူး။ မြန်မာ တစ်နိုင်ငံလုံးမှာ ရှိနေတဲ့ အရပ်သားဟာ ကိုယ့်အသက်ရဲ့ အာမခံချက် ကိုယ့်အသက် လုံခြုံမှု မရှိသလို ဖြစ်နေလို့ပါ။ အဲဒီလို အသက် အာမခံချက်၊ လုံခြုံမှု ရှိလာဖို့ ကျနော်တို့ လူငယ်ကွန်ယက်တွေအနေနဲ့ ရှုံ့ချရတာပါ”ဟု လားရှိုးမြို့မှ ရှမ်းလူငယ်အဖွဲ့၏ တာဝန်ခံ ကိုစိုင်းဟန်က မဇ္ဈိမကို ပြောသည်။

တိုင်းရင်းသားပြည်သူများ၏ အသက်အန္တရယ်ကို ခြိမ်းခြောက်နေသည့် ယင်းဖြစ်စဉ်များသည် အစိုးရက အကောင်အထည်ဖော်နေသည့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို ထိခိုက်စေသည့်အတွက် ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချသည်ဟု ဇူလိုင် ၄ရက် ရက်စွဲဖြင့် အရပ်ဘက်အဖွဲ့အစည်းများက ထုတ်ပြန်လိုက်သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်ဘက်ကမူ ဇွန်လ ၂၅ရက်တွင် တအာင်းတပ် TNLA နှင့် ထိတွေ့တိုက်ပွဲဖြစ်ခဲ့သော တပ်မတော်စစ်ကြောင်းက တိုက်ပွဲဖြစ်ပွားအပြီးတွင် အလောင်း ၇ လောင်း တွေ့ရှိခဲ့သဖြင့် တွေ့ရှိနေရာပေါ်မူတည်၍ သုံးနေရာခွဲ မြေမြှုပ်နှံခဲ့ကြောင်း နှင့် ယင်းအလောင်း ၇လောင်း တွေ့ရှိမှုအတွက် စုံစမ်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း ဇူလိုင် ၁ရက်ထုတ် မြဝတီသတင်းစာတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly