ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အိန္ဒိယသို့ သွားမည်

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အိန္ဒိယသို့ သွားမည်
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အိန္ဒိယအမျိုးသားလုံခြံုရေးအကြံပေး မစ္စတာ အဂျစ်ဒိုဗာလ် တို့နေပြည်တော်၌ တွေ့ဆုံစဉ်။(ဓာတ်ပုံ - NLM)

ဇူလိုင် ၈ ။        ။ အိန္ဒိယ-မြန်မာနယ်စပ်ဒေသရှိ သူပုန်များကို နှိမ်နင်းနိုင်ရန် ပူးတွဲကင်းလှည့်ရေး ဆွေးနွေးရန် အိန္ဒိယစစ်တပ် အကြီးအကဲ ဒါလ်ဘီယာဆင်း၏ ဖိတ်ကြားချက်အရ မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယခုလကုန်ပိုင်းတွင် နယူးဒေလီသို့ ထွက်ခွာမည်ဖြစ်သည်။

ဇွန် ၄ က မဏိပူရပြည်နယ်၊ ချန်ဒဲလ်ခရိုင်တွင် အိန္ဒိယစစ်တပ်၏ ယာဉ်တန်းကို ချောင်းမြောင်းတိုက်ခိုက်ခဲ့သော မြန်မာအခြေစိုက် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (ကပ်ပလန်) National Socialist Council of Nagaland-Khaplang NSCN (K) သူပုန် အဖွဲ့ကို ချေမှုန်းရန် နာရင်ဒရာမိုဒီ၏ အစိုးရက စီစဉ်နေစဉ် ဗိုလ်ချုပ်မှူးကြီး၏ ခရီးစဉ်နှင့် တိုက်ဆိုင်နေသည်။

ဗိုလ်ချုပ်မှူးကြီး၏ ခရီးစဉ် ရက်အတိအကျကို အတည်ပြုရန် လိုအပ်နေသေးသော်လည်း မြန်မာတပ်မတော်မှ ထိပ်ပိုင်းခေါင်းဆောင်များသည် ဗိုလ်ချုပ်မှူးကြီးနှင့်အတူ ဇူလိုင်လနောက်ဆုံးပတ်အတွင်း အိန္ဒိယသို့ ရောက်လာနိုင်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ခရီးစဉ်အတွင်း အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီနှင့် ကာကွယ်ရေးဝန်ကြီး မာနိုဟာပါရီကာ အပါအဝင် အိန္ဒိယထိပ်ပိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဟု Hindustan Times သတင်းတပုဒ်က ဖော်ပြသည်။

တွေ့ဆုံရာ၌ အိန္ဒိယအစိုးရအား တိုက်ခိုက်နေသော စစ်ဆင်ရေးကို မြန်မာပိုင်နက်အတွင်းခြေကုတ်ယူမှ စီမံနေသော သူပုန်အဖွဲ့အား ချေမှုန်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် အိန္ဒိယအစိုးရဘက်က ကမ်းလှမ်းမည်ဟု သိရသည်။

မြန်မာတပ်မတော်သည် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (ကပ်ပလန်) NSCN (K) အဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိထားသည်။

သို့သော် ယင်းအဖွဲ့၏ခေါင်းဆောင် အက်စ်အက်စ်ကပ်ပလန်မှာ အိန္ဒိိယကိုဆန့်ကျင်နေသည့် အနောက်-တောင်နှင့် အရှေ့ အာရှစည်းလုံးသော အမျိုးသားလွတ်မြောက်ရေးတပ်ဦး (UNLFW) ၏ ဥက္ကဋ္ဌလည်းဖြစ်နေသည့်အတွက် အပစ်ရပ်စဲရေး သဘောတူညီမှုမှာ နှစ်နိုင်ငံဆက်ဆံရေးအတွက် အတားအဆီးဖြစ်နိုင်သည်ဟု အိန္ဒိယအမျိုးသားလုံခြုံရေးအကြံပေး အဂျစ်ဒိုဗာလ်က လွန်ခဲ့သည့်လသူ၏ ခရီးစဉ်အတွင်း မြန်မာအစိုးရကို နေပြည်တော်၌ ပြောကြားခဲ့သည်။

အသစ်ဖွဲ့စည်းလိုက်သော ယင်းအဖွဲ့ကြီးသည် NSCN (K) အဖွဲ့၊ United Liberation Front of Assam (Paresh Barua) အဖွဲ့၊ Kamtapur Liberation Organization အဖွဲ့နှင့် National Democratic Front of Bodoland အဖွဲ့တို့မှ ကေဒါ များနှင့် ပေါင်းစည်းထားသောအဖွဲ့ဖြစ်သည်။

ယင်းအဖွဲ့သည် အနာဂတ်တွင် ကျယ်ပြန့်လာနိုင်ပြီး အိန္ဒိယစစ်တပ်အတွက် ခေါင်းခဲစရာကိစ္စဖြစ်လာနိုင် သည့်အတွက် မြန်မာ အနေဖြင့် အိန္ဒိယကို တိုက်ခိုက်နေသော သူပုန်များကို အဆောတလျင်အရေးယူပေးသင့်သည်ဟု ဒိုဗာလ်က ထောက်ပြခဲ့သည်။

အိန္ဒိယအစိုးရကို တိုက်ခိုက်နေသော သူပုန်အချို့သည် အရူချီနာလ်နှင့် မဏိပူရနယ်စပ်တစ်လျှောက် မြန်မာဘက်၌ စခန်းငယ်များ တည်ဆောက် လှုပ်ရှားနေသည်ဟုဆိုသည်။ ချင်းတွင်းမြစ် အနောက်ဘက်ခြမ်းရှိ ယာယီစခန်းများ၌ ခိုလှုံရန် ကြိုးပမ်းနေသော အိန္ဒိိယသူပုန်များကို ချေမှုန်းရေးရည်ရွယ်၍ နယ်စပ်တွင် အခြေခံအဆောက်အဦများ တည်ဆောက်ရန် ဘဏ္ဍာငွေထောက်ပံံ့မည် ဟု မြန်မာအစိုးရအား ကမ်းလှမ်းနိုင်သည်ဟု သိရသည်။

အိန္ဒိယသည် နိုင်ငံအရှေ့မြောက်ပိုင်းရှိ သူပုန်အုပ်စုများ၊ အထူးသဖြင့် NSCN (K) ကို အပြီးသတ်ချေမှုန်းရန် ဆုံးဖြတ်ထားသည်။ NSCN (K) ၏ တရားမဝင် ငွေညစ်ဓါးပြတိုက်သည့်နည်းလမ်းများမှ ရရှိနေသော ငွေကြေးနှင့် ပိုင်ဆိုင်မှုများကို ဖြတ်တောက်ရန် အာရုံစိုက်နေသည်။

အိန္ဒိယအစိုးရက လုံခြုံရေးနှင့် ဖွံ့ဖြိုးရေးဆက်စပ်ကိစ္စများကို ဇူလိုင် ၁၁ ၌ ဆွေးနွေးရန် အာသံပြည်နယ် ဂူဝါဟာတီမြို့တွင် အရှေ့မြောက်ပိုင်းပြည်နယ်များဝန်ကြီးချုပ်များ အစည်းအဝေးတစ်ရပ်ကျင်းပရန် စီစဉ်ထားသည်။

မြန်မာအခြေစိုက်သောင်းကျန်းသူများကို ကိုင်တွယ်နိုင်ရေးနှင့် အိန္ဒိယ-မြန်မာနယ်စပ် လုံခြံမှုခိုင်မာစေရေး မဟာဗျူဟာ တစ်ရပ်ဖော်ဆောင်ရေးမှာ ဇူလိုင် ၁၁ ရက်နေ့ အစည်းအဝေး၏ ဦးစားပေးအစီအစဉ်များဖြစ်ပြီး ပြည်ထောင်စုပြည်ထဲရေး ဝန်ကြီး ရက်ဂျ်နက်သ်ဆင်းက ဦးစီးကျင်းပမည်ဟု သိရသည်။

အိန္ဒိယအမျိုးသားလုံခြုံရေးအကြံပေး မစ္စတာ အဂျစ်ဒိုဗာလ်သည် သူ၏ ဇွန်လ မြန်မာခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်လည်း နေပြည်တော်၌ တွေ့ဆုံခဲ့ပြီး နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတိုးမြှင့်ရေး၊ တပ်မတော် (ကြည်း) ကိုယ်စားလှယ်များ အပြန်အလှန် စေလွှတ်ရေးနှင့် တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးများ ဆွေးနွေးခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၎င်း ဒုဗိုလ်ချုပ်မှူးကြီးတာဝန်ထမ်းဆောင်နေစဉ် ၂၀၁၂ ခု သြဂုတ်လက အိန္ဒိယသို့ ခရီးထွက် ခဲ့ဖူးပြီး အိန္ဒိိယ-မြန်မာနယ်စပ်မှ သူပုန်များအရေး ဆွေးနွေးမှုများ ရှိခဲ့ဖူးသည်။

အလားတူ နှစ်နိုင်ငံ အဆင့်မြင့်အစိုးရအဖွဲ့ဝင်များ အပြန်အလှန်ခရီးစဉ်များ ရှိခဲ့သည်။ လွှတ်တော်ဥက္ကဌများဖြစ်သည့် သူရဦးရွှေမန်းနှင့် ဦးခင်အောင်မြင့်တို့လည်း အိန္ဒိယသို့ သွားရောက်ခဲ့ကြသည်။

အိန္ဒိယက မြန်မာအစိုးရအား နယ်စပ်ဖွံ့ဖြိုးရေး၊ လေကြောင်းလုပ်ငန်းများ၊ သတင်းနှင့် နည်းပညာလုပ်ငန်းများနှင့် ယဉ်ကျေးမှု ဖလှယ်ရေးလုပ်ငန်းများအတွက် ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ခွင့်ပြုထားပြီးဖြစ်သည်။

Ref; Hindustan Times/ Myawady

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly