စစ်ဘေးရှောင် ဒုက္ခသည်စခန်းတွင် နေထိုင်သူများ ရက်ပေါင်း ၁၈၀ နေထိုင်ကြောင်း ထောက်ခံချက်ဖြင့် မဲထည့်ခွင့်ရမည်

စစ်ဘေးရှောင် ဒုက္ခသည်စခန်းတွင် နေထိုင်သူများ ရက်ပေါင်း ၁၈၀ နေထိုင်ကြောင်း ထောက်ခံချက်ဖြင့် မဲထည့်ခွင့်ရမည်
ကချင်ပြည်နယ် မြစ်ကြီးနားရှိ ဒုက္ခသည်စခန်းတစ်ခုကို တွေ့ရစဉ်။ (ဓာတ်ပုံ-အီးပီအေ)

ရန်ကုန်၊ ဇွန် ၈ ။      ။ စစ်ဘေးရှောင် ဒုက္ခသည် စခန်းများတွင် နေထိုင်သူများအနေဖြင့် မိမိရောက်ရှိရာအရပ်တွင် ရက်ပေါင်း ၁၈၀ ပြည့်ကြောင်း သက်ဆိုင်ရာ အုပ်ချုပ်ရေးဌာန၏  ထောက်ခံချက်ဖြင့် မဲထည့်ရမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွ့ဲဝင် ဦးညွှန့်တင်က မဇ္ဈိမကိုပြောသည်။

မဲစာရင်းများတွင် ပါဝင်ခြင်းမရှိသေးသည့် စစ်ဘေးရှောင် ဒုက္ခသည် စခန်းတွင် နေထိုင်သူများအနေဖြင့် သက်ဆိုင်ရာ အုပ်ချုပ်ရေး ဌာန၏ ရက်ပေါင်း ၁၈၀ နေထိုင်ကြောင်း ထောက်ခံချက်ယူပြီး မဲစာရင်းတွင် ပါဝင်ရေးဆောင်ရွက်ရမည် ဟုဆိုသည်။
 
"ဒုက္ခသည် စခန်းမှာ နေထိုင်တဲ့သူတွေကလည်း သူတို့ က တရားဝင်နေထိုင်တဲ့သူတွေ ဖြစ်တဲ့အတွက် ရက်ပေါင်း ၁၈၀ ပြည့်တဲ့ အကြောင်း ထောက်ခံချက်ယူပြီး ပုံစံ ၃ နဲ့မဲစာရင်းမှာပါအောင်လုပ်ရမှာပါ၊ ဥပဒေက ဒီအတိုင်းပဲရှိပါတယ်"ဟု ဦးညွှန့်တင် ကပြော သည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဲစာရင်းများကို ကြေညာပြီး ဖြစ်သော်လည်း ဒုက္ခသည်စခန်းများတွင် နေထိုင်သူများ မဲစာရင်းတွင် ပါဝင်ခြင်းမရှိသေးပေ။

ကချင်ပြည်နယ် စစ်ဘေးရှောင်ဒုက္ခသည် စခန်းများရှိ မဲပေးခွင့်ရှိသူများ၏ စာရင်းများကို ကောက်ခံရန် ညွှန်ကြားထားပြီး ထိုဒုက္ခ သည်များနှင့် ပတ်သက်၍ သီးခြားညွှန်ကြားချက်များ မရှိသေးဟု ကချင်ပြည်နယ် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ ကပြောသည်။

"ဒုက္ခသည် စခန်းတွေက အသက်၁၈ နဲ့ အထက်ရှိတဲ့သူတွေကို စာရင်းပြုစုထားပါတယ်၊ ဗဟိုက ညွှန်ကြားချက် မလာသေးတဲ့ အတွက် ဘယ်လိုမဲထည့်ရမယ်ဆိုတာတော့ မသိသေးပါဘူး"ဟု မန်စီမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးမြင့်မောင် မဇ္ဈိမ ကို ပြောသည်။

မန်စီမြို့နယ်တွင် ဒုက္ခသည်စခန်း သုံးခုတွင် လတ်တလော ကောက်ယူထားသော စာရင်းများအရ  မဲထည့်နိုင်သူ ဦးရေ ၂၉၀၀ ကျော်ရှိသည် ဟု ဦးမြင့်မောင်ကဆိုသည်။

"လက်နက်ကိုင်ထိန်းချုပ်နယ်မြေတွေက စခန်းတွေကို ကျွန်တော်တို့ သွားလို့မရပါဘူး၊ ဒါကြောင့် အဲဒီက လူတွေကို စာရင်းကောက်ဖို့မဖြစ်နိုင်ပါဘူး"ဟု ၎င်းက ဆက်ပြောသည်။

မြစ်ကြီးနားမြို့နယ်တွင်မူ ဒုက္ခသည် စခန်း ၂၄ ခုရှိပြီး မဲပေးနိုင်သူ ဦးရေ ၉၀၀၀ ကျော်ရှိသည် ဟု မြစ်ကြီးနား မြို့နယ် ရွေးကောက် ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးအောင်မြင့်ကပြောသည်။

လက်ရှိတွင် ကချင်တစ်ပြည်နယ်လုံးရှိ ဒုက္ခသည် စခန်းများ၌ ဒုက္ခသည် တစ်သိန်းကျော်ထိ ရှိနေပြီး မဲပေးနိုင်သူ ဦးရေ အတိအကျ မရရှိသေးဟု ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ကဆိုသည်။

ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့ တွင် စစ်ရှောင်ဒုက္ခသည်များရှိပြီး ရခိုင်ပြည်နယ်တွင်လည်း ပဋိပက္ခကြောင့် ဒုက္ခသည်စခန်းများသို့ ရောက်ရှိနေသော ဒုက္ခသည် သုံးသောင်းကျော်ရှိသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly