ရက် ၁၀၀ စီမံကိန်းဖြင့် မူးယစ်ဆေးဝါးအမြစ်ဖြတ်ရေး ဦးစားပေးလုပ်ရန် အစိုးရကြေညာ

ရက် ၁၀၀ စီမံကိန်းဖြင့် မူးယစ်ဆေးဝါးအမြစ်ဖြတ်ရေး ဦးစားပေးလုပ်ရန် အစိုးရကြေညာ
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှု နှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မီးရှို့ဖျက်ဆီးပွဲ အခမ်းအနားကို ဇွန်လ ၂၆ ရက်က ကျင်းပစဉ်။ (ဓာတ်ပုံ- သူရ) 

နိုဘယ်ဆုရှင်ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အရပ်သားအစိုးရသစ်က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သောဆေးဝါးများ အမြစ်ဖြတ်ချေမှုန်းရေးက ဦးစားပေးလုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်း ကြေညာသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ညွန်ကြားမှုဖြင့် အစိုးရဝန်ကြီးဌာနများက မေလမှအစပြုပြီး ရက် ၁၀၀ စီမံကိန်းဖြင့် လုပ်ငန်းစဉ်များကို အရှိန်မြှင့်လုပ်ကိုင်လျက်ရှိနေကြောင်း သမ္မတရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။

"မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေတဲ့ ဆေးဝါးများက ကျွန်တော်တို့ ပြည်သူတွေအတွက် ကြီးမားတဲ့ အန္တရာယ်ကြီးတစ်ရပ်ပါ။ အထူးသဖြင့် လူငယ်တွေအတွက်ပါပဲ။"ဟု ဦးဇော်ဌေးက ဆိုသည်။

ပြီးခဲ့သည့်လက မြန်မာနိုင်ငံဖက်ခြမ်း တရုတ်နယ်စပ်အနီးတွင် မှောင်ခိုပေါက်ဈေး အမေရိကန်ဒေါ်လာ ၃၅ သန်းဖိုးပမာဏရှိ မက်သာဖီတာမင်းဆေးပြားများ ၂၁ သန်းကို တာဝန်ရှိသူများက ဖမ်းဆီးရမိသည်။

ယင်းဖမ်းဆီးမှုက နိုင်ငံအတွင်း ဒုတိယအများဆုံး ဖမ်းဆီးနိုင်မှု ပမာဏဖြစ်သည်။ ၂၀၁၅ ခုနှစ် ဇူလိုင်လအတွင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်း စွန့်ပစ်ယာဉ်တစ်စင်းပေါ်မှ မှောင်ခိုဈေး အမေရိကန်ဒေါ်လာ ၁၀၆ သန်းဖိုးရှိသော မက်သာဖီသမင်းဆေးပြား ၂၇ သန်းကို အာဏာပိုင်များက ဖမ်းဆီးရမိခဲ့သည်။

ရဲဌာနက လူဒါဇင်များစွာကို ဖမ်းဆီးစစ်ဆေးမေးမြန်းခြင်းများ လုပ်ဆောင်ခဲ့သော်လည်း အဓိကတရားခံအား ယခုတိုင် ဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။

"တကယ်ကို ကြီးကြီးမားမား အရေအတွက် စံချိန်တင် ဆေးဝါးတွေ ဖမ်းမိတဲ့ ဒီနှစ်မှုစလုံးက အဓိကမူးယစ်ကုန်ကူးသူတွေကို ဖမ်းဆီးဖော်ထုတ်နိုင်ခြင်း မရှိသေးပါဘူး။"ဟု နေပြည်တော်က ရဲဌာနချုပ်ရုံးမှ အကြီးတန်းတာဝန်ရှိသူတစ်ဦးက အမည်မဖော်လိုဘဲ ပြောကြားသည်။

"ကျွန်တော်တို့အနေနဲ့ မူးယစ်ဆေးဝါးကုန်ကူးမှုရဲ့ အဓိကကြိုးကိုင်သူတွေကို သိရှိထားတယ်။ ဒါပေမယ့် လက်ရှိအခြေအနေအတွင်းမှာတော့ သူတို့ကို ဖမ်းဆီးဖို့ရာက မဖြစ်နိုင်သလောက်ရှိတယ်။"ဟု ၎င်းက DPA သတင်းဌာနသို့ ပြောသည်။

"သူတို့က အချိတ်အဆက်ကောင်းတဲ့ စီးပွားရေးသမားတွေဖြစ်ပါတယ်။ တစ်ချို့တွေက သူပုန်တွေရဲ့ အကာအကွယ်ရှိနေပြီး တစ်ချို့ကတော့ အာဏာရှိစစ်တပ်ဗိုလ်ချုပ်ကြီးတွေနဲ့ နီးစပ်သူတွေဖြစ်တယ်။"ဟု ၎င်းကဆိုသည်။

"ကျွန်တော်တို့ အခု စံချိန်တင်ဖမ်းမိတယ်ဆိုတဲ့ ဆေးဝါးတွေဆိုတာကလည်း နိုင်ငံတွင်းမှာ ထုတ်လုပ်ထွက်ရှိနေတဲ့ ဆေးဝါးပမာဏရဲ့ သေးငယ်တဲ့ အချိုးအစား ပမာဏကို ဖမ်းဆီးမိတာပါ။ ဒါတွေကြောင့် ကျွန်တော်တို့ ဌာနအတွက် စိတ်ပျက်စရာကောင်းသလို ရှက်စရာလည်း ကောင်းတယ်။"ဟု ယင်းက ပြောသည်။

ကမ္ဘာတွင် ဒုတိယမူးယစ်ဆေးဝါးထွက်ရှိသည့် မြန်မာနိုင်ငံက မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ၁၅ နှစ်တာ စီမံကိန်းကို နောက်ထပ် ငါးနှစ်ထပ်တိုးကာ ၂၀၁၉ အထိ သတ်မှတ်လုပ်ဆောင်နေသော်လည်း ထွက်ရှိမှုက မြင့်မားနေဆဲဖြစ်ကြောင်းကို သိမြင်ထားရသည်။

မူးယစ်မှောင်ခိုကူးသူတွေအဖြစ် သံသယရှိရသူများက လှည့်ပတ်ရှောင်တိမ်းနေကြရာတွင် တစ်ခါတစ်ရံ သူပုန်ထိန်းချုပ်ရာဒေသများက လက်နက်ကိုင်အဖွဲ့များ၏ အကာအကွယ်ပေးခြင်းကိုပါ ရရှိနေကြောင်း ပြည်ထဲရေးဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly