အနောက်အုပ်စုနှင့် လိပ်ခဲတည်းလည်းဖြစ်နေစဉ် ပူတင်က BRICS ထိပ်သီးဆွေးနွေးပွဲကို လက်ခံကျင်းပ

အနောက်အုပ်စုနှင့် လိပ်ခဲတည်းလည်းဖြစ်နေစဉ် ပူတင်က BRICS ထိပ်သီးဆွေးနွေးပွဲကို လက်ခံကျင်းပ

ယူဖာ၊ ရုရှား၊ ဇူလိုင် ၈ ။    ။ ယူကရိန်းအရေးနှင့် ပတ်သက်၍ အနောက်နိုင်ငံများနှင့် ဆက်ဆံရေးလိပ်ခဲတည်းလည်းဖြစ်နေသော ရုရှားသမ္မတ ဗလာဒီမာပူတင်သည် BRICS ဟုခေါ်ဆိုသည့် ပေါ်ထွန်းစစီးပွားရေးနိုင်ငံများ၏ ထိပ်သီးအစည်းအဝေးမစတင်မီ အိန္ဒိယဝန်ကြီးချုပ်နာရင်ဒရာမိုဒီ၊ တရုတ်သမ္မတရှီကျင်ပင်းတို့အပါအဝင် ကမ္ဘာ့ခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဖြစ်သည်။

ထိပ်သီးဆွေးနွေးပွဲတစ်ခုအတွက် ပူတင်သည် အခြား BRICS နိုင်ငံများဖြစ်သော တရုတ်၊ ဘရာဇီး တောင်အာဖရိကနှင့် အိန္ဒိယ ခေါင်းဆောင်များနှင့်ယူရယ်တောင်တန်းရှိ ယူဖာမြို့တွင် နှစ်ဘက်တွေ့ဆုံဆွေးနွေးပွဲများပြုလုပ်ရန် ရှိသည်။

တောင်အာဖရိက ဂျက်ကော့ဇူးမားသည် ဇူလိုင် ၇က ယူဖာသို့ရောက်ရှိခဲ့ပြီး တရုတ်သမ္မတရှီကျင်ပင်းနှင့် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီတို့မှာ ဇူလိုင် ၈တွင် ရောက်လာရန် စီစဉ်ခဲ့သည်။ BRICS ၏ ထိပ်သီးဆွေးနွေးပွဲကို ဇူလိုင် ၉တွင် ကျင်းပမည်ဖြစ် သည်။

မော်စကိုမှ ကီလိုမီတာ ၁,၁၀၀ ခန့်ကွာဝေးသော ပြည်နယ်မြို့တော်တွင် ပြုလုပ်မည့် ယင်းထိပ်သီးဆွေးနွေးပွဲနှင့် အတူ ဒေသ ဆိုင်ရာ လုံခြုံရေးအုပ်စု ရှန်ဟိုင်းကော်ပိုရေးရှင်းအဖွဲ့(SCO)၏ အစည်းအဝေးကိုလည်း ကျင်းပမည်ဖြစ်ပြီး SCO အစည်းအဝေး တွင် ပူတင်သည်  အီရန်သမ္မတဟာဆန်ရိုဟာနီနှင့် တွေ့ဆုံမည်ဖြစ်သည်။ အီရန်သည် ရုရှား၊ တရုတ်နှင့် ဆိုဗီယက်အုပ်စု ဝင်နိုင်ငံဟောင်းများဖြစ်သော ကာဇက်စတန်၊ ကာဂျစ္စတန်၊ တာဂျစ်ကစ္စတန်နှင့် ဥဇဘက်ကစ္စတန်တို့ ပါဝင်သော SCO တွင် လေ့လာသူအဆင့်ရရှိထားသည်။

ရုရှားသည် ယူကရိန်းအကျပ်အတည်းနှင့် ပတ်သက်၍ အမေရိကန်၊အီးယူတို့နှင့် ဆက်ဆံရေးမှာ ခါးသည်းသော လိပ်ခဲတည်း လည်းဖြစ်နေစဉ် BRICS ခေါင်းဆောင်များ အစည်းအဝေးပေါ်ထွက်ခဲ့ခြင်းဖြစ်သည်။

အမေရိကန်နှင့် အီးယူတို့မှ နိုင်ငံရေးသမားအချို့က ရုရှားအထီးကျန်နေပြီဟု ပြောကြားနေသော်လည်း BRICS ထိပ်သီးအစည်း အဝေးကို လက်ခံကျင်းပလိုက်ခြင်းက ရုရှားသည် အထီးမကျန်ကြောင်း အလေးအနက်ပြသလိုက်ခြင်းဖြစ်ကြောင်း ကရင်မလင် လိုလားသော Centre for Political Information ၏ အကြီးအကဲ နိုင်ငံရေးလေ့လာသူ အလက်ဇေမတ်ခင်က Kommersant အက်ဖ်အမ်ရေဒီယိုသို့ ပြောကြားခဲ့သည်။

BRICS ဆိုသည်မှာ အနောက်နိုင်ငံများ ကြီးစိုး၍ မရသည့် ကမ္ဘာသစ်တစ်ခုဖွဲ့စည်းခြင်းသာ ဖြစ်သည်ဟု နိုင်ငံခြားရေးနှင့် ကာကွယ်ရေးပေါ်လစီဆိုင်ရာကောင်စီ၏ ဥက္ကဋ္ဌ ဖီယိုဒေါလူကီယာနော့ဗ်က Rossiiskaya Gazeta နိုင်ငံပိုင် သတင်းစာ တွင် ရေးသားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly