မျိုးတုံးတော့မယ့်အန္တရယ် ရင်ဆိုင်နေရတဲ့ မိချောင်းတို့ပျော်စံရာ ကဒုံကနိသို့ အပိုင်း(၄)

02 July 2016
မျိုးတုံးတော့မယ့်အန္တရယ် ရင်ဆိုင်နေရတဲ့ မိချောင်းတို့ပျော်စံရာ ကဒုံကနိသို့ အပိုင်း(၄)

(ကဒုံးလေးကျွန်းပေါ်က နာဂစ်မုန်တိုင်း ဒဏ်ရာဒဏ်ချက်များ)

လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့မှာ ဒီကျွန်းပေါ်မှာ တကယ့်ကို ငရဲခန်းလိုပဲ ကမ္ဘာပျက်မတက် အကုန်လုံး ဝမ်းနည်းခဲ့ရတယ်။ ပူဆွေးခဲ့ရတယ်။ အော်ဟစ်ခဲ့ကြရတယ်။ သဘာဝဘေးအန္တရာယ်ကြီးကို ဆိုးရွားစွာ ခံခဲ့ရတယ်။ နာဂစ်မုန်တိုင်းကြီး ကျရောက်နေတဲ့အချိန် ဒီ ကဒုံးလေးပေါ်မှာရှိနေတဲ့ ရွာကြီးတစ်ရွာလုံးဟာ ပင်လယ်မြေအောက်ကို ရောက်သွားပြီးတော့ မိသားစုဝင်တွေ အများကြီး သေကြေခဲ့ကြရပါတယ်။ ပျက်ဆီးခဲ့ကြတယ်။ အသက်ရှင်ကျန်နေခဲ့တဲ့ အချို့တစ်ဝက်ကလည်း ပူဆွေးသောကတွေ ရင်မှာပိုက်ပြီး ကယ်ဆယ်ရေးအဖွဲ့တွေနောက်ကို လိုက်သွားခဲ့ကြရပါတယ်။ ဒါကတော့ ကဒုံးလေးကျွန်းရဲ့ အိပ်မက်ဆိုးလိုဖြစ်နေသေးတဲ့ နာဂစ်မုန်တိုင်း  ရာဇဝင်လေးပါ။

တစ်ချိန်က အိမ်ခြေ ၁၀၀ နီးပါးလောက် စည်ကားခဲ့တဲ့ ကျွန်းကလေးမှာ ရွာကိုစွန့်ခွာသူတွေ စွန့်ခွာသွားခဲ့ကြလို့ အခုတော့ တိတ်ဆိတ် ငြိမ်သက်လို့ နေပါတယ်။ တဲကလေးတစ်လုံးကိုတွေ့တော့ မေးမြန်းကြည့်ပြန်တော့လည်း သူတို့က ဒီကျွန်းပေါ်က လိပ်တွေကို ထိန်းသိမ်းဖို့အတွက် လာနေကြတာပါလို့ ပြန်ဖြေတာ ကြားခဲ့ရပါတယ်။

ဟိုအရင် နာဂစ်မုန်တိုင်းဖြစ်ပြီး ရွာပျက်သွားတယ်ဆိုပေမယ့် ကျွန်းသားမိသားစု တစ်စုနှစ်စု ရှိသေးတယ်ဆိုတာသိရလို့ သူတို့ှရှိနေတဲ့ အဲဒီတဲကလေးတွေဆီကို ထွက်လာခဲ့တယ်။

နာဂစ်ဖြစ်တဲ့အခါမှာ ကဒုံကနိဘက်က ဟိုဘက်က နာဂစ်ရွာကို နိုင်ငံတော်အစိုးရရဲ့ ထောက်ပံ့မှုနဲ့ ရွေ့ပြောင်း နေထိုင်ခဲ့ကြပါတယ်။ နာဂစ်ရွာကလူတွေက ဟိုမှာ လုပ်ကိုင်စားသောက်ရတာ အဆင်မပြေတော့ ဒီ ကဒုံးလေးကျွန်းကိုပဲ ပြန်လာနေထိုင်ပြီးတော့ ရှာဖွေစားသောက်နေကြတာပါ။ အဲဒီ ဒီမှာပြန်လာနေထိုင်နေကြတယ်ဆိုတဲ့ မိသားစုဆီ သွားကြည့်ခဲ့ပါတယ်။

တဲကလေးတစ်တဲက တဲပိုင်ရှင် အဒေါ်ကြီးနဲ့ အမေးအဖြေ လုပ်ကြည့်တဲ့အခါ နာဂစ်မုန်တိုင်းကာလ သူတို့ရဲ့ ဒုက္ခတွေကို အတိုင်းသား ကြားခဲ့ရပါတယ်။

“တညလုံး ကလေးတွေကိုလည်း လှေပေါ်မှာတင်ထားရတယ်။ လှိုင်းဂရက်ကလာလိုက် လှေကို အပေါ်ကိုဆွဲမလိုက် လှိုင်းသွားတယ်ဆို လှေလေးကို ချထားလိုက်နဲ့ အဲလိုပဲ တစ်ညလုံး နေရတယ်ပေါ့။ အဲဒီ ရွာတဲ့မိုးတွေက အသားတွေနာတယ်။ အသားတွေကို စပ်ပြီးတော့ အနာတွေပါဖြစ်တယ်။ နောက်တော့ တကယ့်တကယ်လည်း ဖြစ်လာရော ညနေ ၄ နာရီထိုးလောက်ကျတော့ စဖြစ်တယ်။ အဝေးကြီးပဲ ဟိုသောင်ပြင်မှာ ဒါ နီးသေးတယ်။ အဲဒီဝေးတာကနေ ရေက ဒီကုန်းဘက်ကို ချက်ခြင်းရောက်လာတယ်။ ရေက ချက်ခြင်းထိုးတက်လာတာ။ လှေက အန်တီတို့က သေးသေးလေးပဲရှိတယ်။ အဲဒီလှေသေးသေးလေးပေါ်ကို ကလေးတွေကို တင်ပြီးတော့ ဟိုဘက် ကုန်းပေါ်ကို ပြောင်းလိုက်ရတယ်”

ကုန်းကလေးပေါ်ဆိုတာ ဒီ ကဒုံးလေးကျွန်းပေါ်မှာပဲလား။

“ဒီကျွန်းပေါ်မှာပါပဲ။ ကုန်းလေးရှိတယ်။ အဲကုန်းပေါ်မှာပဲ ကလေးတွေနဲ့ လူတွေ အကုန်လုံး ပြောင်းနေရတယ်”

အကုန်လုံး တစ်မိသားစုလုံးလား။

“တစ်မိသားစုံးလုံးပါ”

တစ်မိသားစုလုံး ပြောင်းနေတော့ လွတ်သွားတာလား။

 လွတ်သွားတာပေါ့။ လွတ်သွားတယ်ဆိုတာကလည်း ဒီလိုလေ လေကလည်း သိပ်မတိုက်တော့ဘူး။ လေကြောင်းကလည်း နဲနဲပြောင်းသွားတယ်။ ရေကလည်း ည ၈ နာရီထိုးလောက်ကျတော့ ပြန်ကျသွားတယ်လေ။ အဲဒါကြောင့် အဒေါ်ကြီးတို့လည်း မသေတာပေါ့”

ဒါပေမယ့် ဒီကဒုံးလေးကျွန်ပေါ်မှာနေတဲ့သူ အတော်များများက သေကြတယ်နော်။ ဘာကြောင့် သူတို့တွေက သေသွားကြတာလဲ။ အခုလိုဆို အန်တီတို့ သိထားသလိုမျိုး ဒီလိုမျိုး ကုန်းရှိတယ်ဆိုတာ မသိတာလား။

“ပြေးစရာကုန်းဆိုတာက မရှိဘူးလေ။ ဖြစ်လိုက်တယ်ဆိုတော့ ချက်ခြင်းဆို ဘယ်မှ မသွားတတ်တော့ဘူး။ မိုးကလည်း ချုပ်နေတယ်။ ဟိုဘက်မှာလည်း ကုန်းကရှိတယ်”

အန်တီတို့က အဲဒါကို ခေါင်းထဲမှာ တွေးမိသွားတဲ့အတွက် အန်တီတို့မိသားစုတွေ ပြေးကြတယ် အဲအတွက်ကြောင့် အန်တီတို့မိသားစုတွေ လွတ်သွားတယ်ပေါ့။

“ပြေးကြတယ်ဆိုတာက မပြေးနိုင်သေးဘူး။ အဲညဘက်က ဒီမှာပဲ နေကြရတာပဲ။ ဒီကုန်းမှာပဲနေရတာ။ ကုန်းက နဲနဲမြင့်တာလေးတော့ ရှိတယ်။ အနိမ့်ပိုင်းကတော့ မရှိတော့ဘူး။ အိမ်တွေ အကုန်လုံးကျွတ်ပြီးတော့ မျောကုန်ပြီ။ အဲတော့ ကုန်းကောင်းကောင်းလေးနေရာကို အန်တီတို့ တွယ်ကပ်နေရတာပေါ့။ မနက်မိုးလင်းတဲ့အထိ တွယ်ကပ်နေရတာပေါ့”

မနက်မိုးလင်းတော့ ကယ်ဆယ်ရေးတွေကရော ဘယ်အချိန်ရောက်လာလဲ။

“ကယ်ဆယ်ရေးတွေကတော့ အန်တီတို့ ဒီကနေပြီးတော့ ဘိုသိန်းကျွန်းကို ပြေးကြတာပေါ့။ ပြေးလွှားကြတော့ အဲနေ့ပါပဲ ကယ်ဆယ်ရေးတွေ ရောက်လာကြတာ”

အန်တီတို့က အခု ဒီမှာ အမြဲနေကြတာလား။

“အမြဲနေတယ်လို့တော့ မဟုတ်ပါဘူး။ တစ်ခါတစ်ရံပေ့ါ လာလုပ်စားရတာပေါ့”

လာလုပ်စားတယ်ဆိုတော့ ဒီမှာ တစ်ခါ လာလုပ်စားတယ်ဆိုရင် ဘယ်လောက်လောက် ကြာသလဲ။

“ကြာတာကတော့ ကြာတာပေါ့။ တစ်လလောက် နှစ်လလောက် ကြာတယ်။ မိုးတွင်းဆိုရင် ပြန်တက်သွားတယ်”

မိုးတွင်းဆို ပြန်တက်တယ်။ ဒီလိုမျိုး ပွင်းလင်းရာသီဆို ပြန်လာတယ်ပေါ့။

“ဟုတ်ပါတယ်”

အန်တီတို့ အခု ဒီမှာ ဘာတွေကို လုပ်ကိုင်စားသောက်ကြလဲ။

“ဒီမှာ ဘာလုပ်လဲဆိုတော့ ဂဏန်းထောင်တယ်။ ပိုက်ဆွဲတယ်။ အဲဒီလုပ်ငန်းပဲရှိတယ်”

ဟိုဘက်က ပြန်လည်ထူထောင်ပြီးတော့ အန်တီတို့ကို ပို့ထားတဲ့ရွာပေါ့။ နာဂစ်ရွာရှိတယ်လေ။ နာဂစ်ရွာမှာက အန်တီတို့ လုပ်ကိုင်စားသောက်ရတာ အဆင်မပြေဘူးလား။

“မပြေဘူးလေ။ ကဒုံရွာထဲမှာဆိုတော့ ဘယ်လိုမှ မပြေဘူး”

အန်တီတို့ လုပ်ဖို့အတွက် အားသန်တာက ဒီမှာပေါ့။

“ဟုတ်ပါတယ်။ ဒီရွာမှာပဲ ကိုယ်က အားသန်တယ်လေ။ ဒီမှာပဲ ရှာစားလို့ရတာ။ ဟိုမှာ မရှာစားတတ်ဘူး”

အခု နာဂစ်ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ အခု ဒီကျွန်းကြီးမှာ သမီးတို့ကြည့်တာဆိုရင် ဘာမှလည်း မတွေ့တော့ဘူး။ အပင်တွေလည်း မတွေ့တော့ဘူး။ ဒီ သောင်ပြင်ကြီးနဲ့ နွံတွေပဲ တွေ့တော့တယ်ပေ့ါနော်။ အဲအခါကျတော့ ဒီ နာဂစ်မဖြစ်ခင်တုန်းက ဒီကဒုံးလေးရွာကြီးက ဘယ်လိုမျိုးလေး ဖြစ်နေတာလဲ။ လူတွေ အများကြီးပဲလား။

 “များပါတယ် မဖြစ်ခင်တုန်းကတော့ ဘုန်းကြီးကျောင်းလည်းရှိတယ်။ အရင်တုန်းကတော့ ဒီရွာကြီးကောင်းစားတုန်းက တော်တော်ကြီး ကောင်းစားခဲ့ပါတယ်။ နောက်ကျတော့ တဖြည်းဖြည်းနဲ့ ကမ်းတွေပျိုပြီးတော့ သိပ်ပြီးတော့ မရှိတော့ဘူး။ အိမ်တွေဘာတွေလည်း တစ်ဝက်လောက်ပဲ ရှိတော့တယ်”

စာသင်ကျောင်းတွေကော ရှိလား။

“ရှိတယ်”

ရဲစခန်းတို့ဘာတို့ကော။

“ရဲစခန်းလည်း ရှိတယ်”

ဆေးပေးခန်းတွေကော ရှိလား။

“ဆေးပေးခန်းတွေတော့ မရှိဘူး”

အဲဒါဆိုရင် စာသင်ကျောင်းတွေရှိမယ်။ ရဲစခန်းတွေလည်း ရှိတယ်ပေါ့နော်။ ပြီးတော့ အခြား ဘာတွေရှိသေးလဲ။ ကြီးကြီးမားမား။

“ဘာတွေရှိသေးလဲဆိုတော့ ကြီးကြီးမားမားကတော့ ဘာမှမရှိဘူး။ အိမ်ခြေက အရင်တုန်းက ရွာကြီး အကြီးကြီးတုန်းက တော်တော်လေးရှိပါတယ်။ ရာနဲ့ချီ ရှိတယ်ပေါ့”

ဒါဆိုလို့ရှိရင် နာဂစ်မဖြစ်ခင်အခြေအနေနဲ့ နာဂစ်ဖြစ်ပြီးအခြေအနေမှာ ဒီရွာကြီးက လုံးဝ ပျောက်သွားတာပေါ့နော်။

“ဖြစ်ပြီးမှ အခု သမီးမြင်တဲ့အတိုင်းပဲလေ ဘာမှကို မရှိတော့ဘူး။ အန်တီတို့က ရေဒီယိုက မှန်တိုင်းကျမယ်လို့ ကြေညာလိုက်ရင် ဒေါ်ကြီးတို့က ရွာကို ပြေးဖို့ပဲ တွက်နေတာ။ အဒေါ်ကြီးတို့က ကြောက်တယ်လေ။ ခံလည်း ခံပြီးသွားပြီလေ”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly