NLD ရွေးကောက်ပွဲ ၀င်မဝင် နှင့် ကိုယ်စားလှယ်လောင်းရွေးရေး ၂ရက်အတွင်းCEC အစည်းအဝေးဖြင့် ဆုံးဖြတ်မည်

NLD ရွေးကောက်ပွဲ ၀င်မဝင် နှင့် ကိုယ်စားလှယ်လောင်းရွေးရေး ၂ရက်အတွင်းCEC အစည်းအဝေးဖြင့် ဆုံးဖြတ်မည်

ရန်ကုန်၊ ဇူလိုင် ၈ ။   ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကရွေးကောက်ပွဲဝင်မဝင်နှင့် ကိုယ်စားလှယ်လောင်း ရွေးချယ်ရေးတို့ကို ၂ရက် အတွင်းပြုလုပ်နိုင်သည့် ဗဟိုအလုပ်မှုဆောင်ကော်မတီ (CEC) အစည်းအဝေး ဖြင့်ဆုံးဖြတ်မည်ဟု ပါတီ ပြောရေး ဆိုခွင့်ရှိ သူ ဒေါ်နန်းခင်ထွေးမြင့်က ဇူလိုင်လ ၈ရက်တွင်မဇ္ဈိမကိုပြောသည်။

"ဒီလ CEC  အစည်းအဝေးမခေါ်ပဲ ရပ်ထားတာ အခုဒီကိစ္စကို ဆုံးဖြတ်ဖို့ ဒီ ၂ရက်အတွင်းလောက် အစည်းအဝေး ခေါ်နိုင်တယ်။ အဲဒီမှာပဲဆုံးဖြတ်ရမယ်။ ကိုယ်စားလှယ်ကလည်း အရင်အမတ်တွေကလွဲရင် တစ်ခြားအသစ်ဝင်မယ့်သူတွေကို ရွေးရမှာ။ အဲဒါကို အစည်းအဝေးမှာ ဆုံးဖြတ်မယ်" ဟု ၎င်းကဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်လောင်းများရွေးချယ်ရာတွင် ပါတီဝင်များသာမက ပါတီပြင်ပမှ လူပုဂ္ဂိုလ်များကို လည်း ပါတီမှရွေးကောက်ပွဲဝင်ရန် ဖိတ်ခေါ်သွားမည်ဟု ပါတီဥက္ကဌဒေါ်အောင်ဆန်းစုကြည် ပထမအကြိမ် ဗဟိုကော်မတီ ပဉ္စမမြောက်အစည်းဝေး ပထမနေ့ အဖွင့်မိန့်ခွန်းတွင်ပြောထားသည်။

NLD က ရွေးကောက်ပွဲဝင်မဝင် မဆုံးဖြတ်ရသေးသော်လည်း ရွေးကောက်ပွဲဝင်ပါက ကျင်းပမည့်မဲဆန္ဒနယ် အားလုံးတွင် အစိုးရအဖွဲ့ဖွဲ့နိုင်သည့် လွှတ်တော်နေရာများရရှိအောင် ယှဉ်ပြိုင်သွားမည်ဟု ဒေါ်နန်းခင်ထွေးမြင့် ကဆိုထားသည်။

၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ရက်တွင်ကျင်းပမဖြစ်ပြီး  ဝင်ရောက်မည့် ရွေးကောက်ခံ ကိုယ်စားလှယ်များ စာရင်းကို ဇူလိုင်လ ၂၀ရက်မှ စတင်ကာ ၁၄ရက် (၂ ပတ်) အတွင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ တင်ပြရမည်ဟု ထုတ်ပြန်ချက်ကို ဇူလိုင် ၈ရက်တွင် ကော်မရှင်ဥက္ကဌက လက်မှတ် ရေးထိုးပြီး ထုတ်ပြန်လိုက်ပြီဟု ကော်မရှင်အဖွဲ့ဝင် ဦးညွှန့်တင်က မဇ္ဈိမကိုပြောသည်။

"နောက်ဆက်တွဲ မဲဆွယ်စည်းရုံးရမယ့် ကာလတွေကိုတော့ ကော်မရှင်က ထက်ပြီးထုတ်ပေးဦးမှာပါ။ ဒီနေ့တော့ နှစ်မျိုးထုတ်တာ" ဟု ၎င်းကဆိုသည်။

၂၀၁၅ခုနှစ်တွင် ကျင်းပမည့်အထွေထွေရွေးကောက်ပွဲရက်ကို မထုတ်ပြန်မီ ၃ရက်ကပင် မြန်မာနိုင်ငံရှိ မဲဆန္ဒနယ်အရေအတွက် များဖြစ်သည့် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၃၃၀၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၆၈၊ ပြည်နယ်တိုင်းလွှတ်တော် မဲဆန္ဒနယ် ၆၄၄နေရာနှင့် တိုင်းရင်းသားရေးရာဝန်ကြီး မဲဆန္ဒနယ် ၂၉နေရာ တို့ကို ထုတ်ပြန်ခဲ့သေးသည်။

လက်ရှိအချိန်ထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီပေါင်း ၈၃ပါတီကို မှတ်ပုံတင်ခွင့်ပြုပြီးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly