၂၀၁၅ ဘောလုံးရာသီကုန်တွင် ရတနာပုံအသင်းနှင့် လမ်းခွဲရန် သီဟစည်သူ စီစဉ်

၂၀၁၅ ဘောလုံးရာသီကုန်တွင် ရတနာပုံအသင်းနှင့် လမ်းခွဲရန် သီဟစည်သူ စီစဉ်
ရတနာပုံအသင်းနှင့် ဂလိုဘယ်အသင်းတို့ ပွဲတွင် ပွဲထွက်လာသည့် သီဟစည်သူအားတွေ့ရစဉ် (ဓာတ်ပုံ- MFF)

ရန်ကုန်၊ ဇူလိုင် ၈။ ။ ရတနာပုံအသင်းနှင့် မြန်မာ့လက်ရွေးစင် ဂိုးသမားဟောင်း သီဟစည်သူသည် ယခုနှစ် ၂၀၁၅ ဘောလုံးရာသီကုန်တွင် ရတနာပုံအသင်းနှင့် လမ်းခွဲရန် စီစဉ်ထားသည် ဟု ကာယကံရှင် က မဇ္ဈိမသို့ ပြောသည်။

သီဟစည်သူသည် မြန်မာနေရှင်နယ်လိဂ်စတင်ချိန်တွင် (ယခင် ဒယ်တာယူနိုက်တက်) ဧရာဝတီယူနိုက်တက်အသင်း၌ ကစားခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ရတနာပုံအသင်းသို့ ပြောင်းရွေ့လာခဲ့ကာ ၂၀၁၄ ဘောလုံးရာသီတွင် အသင်းနှင့်အတူ အမှတ်ပေးချန်ပီယံဆု ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် ကစားသမားတစ်ဦးဖြစ်သည်။ ထို့ပြင် မြန်မာ့လက်ရွေးစင်အသင်း၌ ၂၀၀၉ ခုနှစ်မှ စတင်ကာ ပွဲပေါင်း ၂၃ ပွဲ ထိ အဓိက ကစားသမားအဖြစ် ပါဝင်ခဲ့သည်။ သို့သော် ယခုနှစ် ၂၀၁၅ ဘောလုံးရာသီ နည်းပြအေဗရာမိုဗစ်လက်ထက်တွင် လက်ရွေးစင်အဖြစ် ရွေးချယ်ခံရခြင်း မရှိခဲ့ပေ။

“ ကျွန်တော် ရာသီကုန်မှာ အသင်းနဲ့ လမ်းခွဲဖို့ စီစဉ်တယ်ဆိုတာက အသင်းမှာ ပြဿနာရှိလို့ မဟုတ်ပါဘူး။ ကျွန်တော်အနေနဲ့ အေးအေးဆေးဆေး ကစားချင်တာလည်း ပါပါတယ်။ ဘယ်အသင်းကို ပြောင်းမယ် ဆိုတာလည်း မရှိသေးပါဘူး။ ကိုယ်တိုင်လည်း ကစားရင်း လူငယ်လေးတွေကိုလည်း သင်ကြားပေးတာမျိုးတွေ လုပ်ဖို့လည်း ရှိပါတယ်။ ကစားသမားဘဝနားဖြစ်ခဲ့ရင် ဂိုးနည်းပြ ပုံစံ လုပ်ဖို့ စဉ်းစားထားပါတယ်။ အခုလက်ရှိတော့ ရတနာပုံအသင်းအတွက် အကောင်းဆုံးပေးဆပ်ပြီး အသင်းအောင်မြင်ဖို့ ကြိုးစားသွားမှာပါ ” ဟု သီဟစည်သူက ပြောသည်။

ရတနာပုံအသင်းသည် ယခုနှစ် ဘောလုံးရာသီတွင် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၁၁ ပွဲ ကစားပြီးချိန်၌ အဓိက ဂိုးသမားအဖြစ် သီဟစည်သူကို ပွဲထွက်ခဲ့သော်လည်း လက်ရှိတွင် ပေးဂိုး ၁၃ ဂိုးထိ ပေးထားရသည့်အပြင် ၂၀၁၅ AFC Cup အုပ်စုပွဲစဉ်တွင်လည်း ပေးဂိုး ၂၀ ထိ ပေးခဲ့ရကာ အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရသည်။ ရတနာပုံအသင်းအနေဖြင့် လက်ရှိတွင် ဂိုးသမားများအဖြစ် သီဟစည်သူ၊ ညီညီလွင်၊ ပြည့်လျှံအောင် တို့ ပါဝင်ကစားလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly