ဘဝရဲ့ အခြေအနေမဲ့မှုများကို ထင်ဟပ်ပြသနေသည့် အဖြစ်အပျက်များ

ဘဝရဲ့ အခြေအနေမဲ့မှုများကို ထင်ဟပ်ပြသနေသည့် အဖြစ်အပျက်များ

လွန်ခဲ့တဲ့ သုံးရက်က အင်တာနက် လူမှုကွန်ရက်စာမျက်နှာတစ်ခုမှာ လမ်းဘေးမှာ တန်းစီပြီး အိပ်ပျော်နေကြတဲ့ အရွယ်ရောက်စ လူငယ် လေးယောက်ရဲ့ဓါတ်ပုံနဲ့ အခြား လမ်းဘေးမှာအိပ်ပျော်နေတဲ့သူ တချို့ရဲ့ဓါတ်ပုံတွေကို ကျွန်တော်တို့ တွေ့ခဲ့ကြရပါတယ်။ ပုံစာအရပြောရရင် သင်္ဃန်းကျွန်းမြို့နယ် ရွှေဘုန်းပွင့်ဘုရားလမ်းထောင့် တနေရာမှာ နံနက် ၇ နာရီမှာ ရိုက်ကူးခဲ့တာလို့ ဆိုပါတယ်။

ဒီကလေးငယ်တွေဟာ မနက် မိုးလင်းလို့ လူတွေ ကားတွေ ဥဒဟိုသွားလာဆူညံနေသည့်တိုင် တစ်ယောက်မကျန် အိပ်ပျော်ရာက မနိုးနိုင်ကြသေးပဲ အိပ်ပျော်နေကြစဲဖြစ်တာရယ် လူတွေကလည်း ပလက်ဖေါင်းဘေး အိမ်တံစက်မြိတ်အောက် သံမံတလင်းပေါ် အိပ်ပျော်နေကြတဲ့ ဒီကလေးငယ်တွေကို တစ်ယောက်မှ ထူးခြားစွာ လှည့်မကြည့်ကြပဲ နေ့စဉ် မြင်တွေ့နေကြ ရိုးနေတဲ့မြင်ကွင်းတစ်ခုလို ဖြတ်သန်းသွားနေကြတဲ့ အကြောင်းကိုလည်း ဖတ်လိုက်ရပါသေးတယ်။

လမ်းဘေးက ဒီလိုမြင်ကွင်းတွေ ဒီလို စိတ်မချမ်းမြေ့ဖွယ်ကောင်းတဲ့ သတင်းတွေဟာ နေ့စဉ်နဲ့အမျှ ကျွန်တော်တို့ ကြားနေမြင်နေကြရပါတယ်။

မနေ့တနေ့ကဆိုရင် လမ်းပေါ်မှာရပ်နေတဲ့အမျိုးသမီးရဲ့လည်ပင်းက ဆွဲကြိုးကိုဖြုတ်ယူလုယက်တဲ့ လူတစ်ယောက်ကို ဘေးကလူတွေ ဝိုင်းဖမ်းလို့မိတဲ့အခါ ဆွဲကြိုးကို ပါးစပ်ထဲမြိုချ ဖျောက်ဖျက်ရာက အသက်ရှူလမ်းကြောင်းပိတ်လို့ ဆေးရုံကို အမြန်ပို့ကြရတဲ့အကြောင်း၊ မန္တလေး အဆင့်မြင့်ဈေးချိုမှာ ချက်ကြိုးမပြေသေးတဲ့ မွေးကင်းစကလေးတစ်ဦးကို ပိုင်ရှင်မဲ့တွေ့ကြရတဲ့အကြောင်း၊ ဖျာပုံမြို့က ပျောက်ဆုံးနေတဲ့ ငယ်ရွယ်သူကျောင်းသူ ငါးဦး သုံးရက်ခြားပြီးနောက် ပြင်ဦးလွင်မြို့တွင် ပြန်လည်ရှာဖွေတွေ့ရှိကြရပြီး ဝင်ငွေကောင်းသည့်အလုပ် ရစေမည်ဟု လိမ်ညာပြောဆိုသူ၏ စကားကိုယုံကာ ယခုလို မိဘများမသိအောင် ထွက်လာခဲ့ကြခြင်းဖြစ်ကြောင်း အစရှိတဲ့ စိတ်မချမ်းမြေ့ဖွယ် စိတ်ပူပန်ဖွယ် သတင်းတွေ ကြားကြရပါတယ်။

ဒါတွေကတော့ သွားရင်းလာရင်း တဖြတ်ထိုး ဖတ်ကြရ ကြားကြရတဲ့ ဘဝရဲ့ အခြေအနေမဲ့မှုကိုထင်ဟပ်တဲ့  သတင်းတွေ အဖြစ်အပျက်တွေပါပဲ။

အခုပြောခဲ့တဲ့သတင်းတွေကို ပြန်ကောက်ရရင် လမ်းဘေးမှာ အခင်းအကာမပါ သည်အတိုင်းထိုးအိပ်နေတဲ့ ကလေးငယ်တွေဟာ ဘယ်ကလည်း။ သူတို့မှာ အိုးအိမ်အတည်တကျ မရှိကြလို့လား။ သူတို့ မိဘအုပ်ထိန်းသူ မရှိကြလို့လား။ မနက်မိုးလင်းတဲ့အထိ အိပ်ရာကမနိုးအောင် အိပ်ပျော်နေကြပုံထောက်ရင် ညက သူတို့ဘယ်အချိန်ကြမှ အိပ်ကြတာလဲ။ ဘာ့ကြောင့် လဲ။ တခါ မွေးကင်းစကလေးကို လာရောက်စွန့်ပစ်သွားတဲ့ မိခင်ဆိုတာ ဘယ်လိုလူမျိုးလည်း။ ဆွဲကြိုးဖြတ်တဲ့သူက ဘယ်လောက်အထိ သူ့မှာ ငွေကြေးအခက်အခဲရှိနေလို့လည်း။ မိဘတွေမသိအောင် အိမ်ကထွက်ပြေးပြီး အလုပ်ရှာထွက်ကြတဲ့ မြီးကောင်ပေါက် မိန်းကလေး ငါးဦးရဲ့ မိသားစုအခြေအနေဟာ ဘယ်အခြေအနေအထိ ဆင်းရဲနေကြလို့လည်း။ ဒါတွေကတော့ ဆက်လက်စဉ်းစားမိစေတဲ့ အကျိုးဆက် အတွေးတွေပါပဲ။

သေချာတဲ့အချက်ကတော့ လူတွေ ဆင်းရဲမွဲတေလာနေတာ သေချာနေပြီဆိုတဲ့အချက် ဖြစ်ပါတယ်။ တခါ ဆင်းရဲမွဲတေမှုထဲက ရုန်းထွက်ဖို့ ကြိုးစားတဲ့အခါမှာလည်း နည်းမှန်လမ်းမှန် ထွက်ပေါက် မရှာနိုင်ကြလောက်အောင် လူတွေရဲ့ စိတ်ဓါတ်အတွေးအခေါ်တွေ နိမ့်ဆင်းလာနေကြပြီ ဆိုတဲ့အချက်လည်း ရှိလာပါတယ်။

ကျွန်တော်တို့ရဲ့တိုင်းပြည်ဟာ တချိန်တုန်းက အရှေ့တောင်အာရှမှာ အချမ်းသာဆုံးနိုင်ငံတနိုင်ငံဖြစ်ခဲ့တာ အားလုံးအသိဖြစ်ပါတယ်။ ဒါပေမယ့် လွန်ခဲ့ နှစ်ပေါင်းခြောက်ဆယ်လာက်ကစပြီး ဆိုရှယ်လစ်စီးပွားရေးဆိုတာနဲ့ စစ်အုပ်ချုပ်ရေးစီးပွားရေးဆိုတဲ့ စနစ်အမှာတွေကြောင့် ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံစာရင်းဝင် ဖြစ်ခဲ့ရပါတယ်။ အခုလို ဒီကနေ့ကြားကြရ မြင်ကြရတဲ့ သတင်တွေ မြင်ကွင်းတွေဟာ အဲဒီ ဆင်းရဲတွင်းနက်ရတဲ့ အဖြစ်ကို မီးမောင်းထိုးပြနေတဲ့ သက်သေအနည်းအကျဉ်းမျှသာ ဖြစ်ပါတယ်။ ဒါတွေက သာမာန်လူပြိန်းတွေတင် သိနိုင်မြင်နိုင်တဲ့ မြင်ကွင်းတွေပါပဲ။ သေသေချာချာ စာရင်းဇယားတွေ၊ တွက်ချက်မှုတွေ၊ သုတေသနပြုမှုတွေနဲ့ တိုင်းတာကြည့်မယ်ဆိုရင်တော့ သည့်ထက် ထင်လင်းတဲ့ အဖြေတွေ ရနိုင်မှာပါပဲ။

အခု အရပ်သားအစိုးရ ဖြစ်လာခဲ့ပြီ။ ဒီအနိဌာရုံတွေ လျော့နည်းပပျောက်ဖို့ စတင်ရတော့မည်။ သို့သော်ငြားလည်း အတိတ်၏ဆိုးကျိုးများဖြင့် ပတ်လည်ဝိုင်းနေသော သည်လိုအခြေအနေဆိုးများကို ချက်ချင်းလက်ငင်း ပပျောက်သွားအောင်လုပ်ဖို့ဆိုသည်မူ မလွယ်ကူလှသေးသည့်ကိစ္စဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

Mizzima Weekly