ကျောင်းသားသပိတ်တွင် ရိုက်နှက်ခံခဲ့ရသော ကျောင်းသားများက အမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံ တိုင်ကြားစာပေးပို့

ကျောင်းသားသပိတ်တွင် ရိုက်နှက်ခံခဲ့ရသော ကျောင်းသားများက အမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံ တိုင်ကြားစာပေးပို့
လက်ပံတန်းသပိတ် ဖြိုခွင်းရာ၌ အသက်မပြည့် ကျောင်းသားတစ်ဦးကို ရဲတပ်ဖွဲ့က ဝိုင်းဝန်း ရိုက်နှက်နေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ-စိုးဇေယျာထွန်း)

ရန်ကုန် ဇူလိုင် ၈ ။       ။ ကျောင်းသားသပိတ် ပင်မစစ်ကြောင်းရှိရာ လက်ပံတန်းမြို့တွင် ရိုက်နှက်ခံခဲ့ရသော ကျောင်းသား ကိုအောင်မင်းခိုင် အပါအဝင် ကျောင်းသားကျောင်းသူ ၁၈ ဦးက လူ့အခွင့်အရေးနှင့် နိုင်ငံသားအခွင့်အရေး ချိုးဖောက်ခံခဲ့ရသည် ကို မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့ ဇူလိုင် ၈ရက် နံနက် ၁၀နာရီက  တိုင်ကြားစာပေးပို့ခဲ့သည်ဟု ဗမာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများအဖွဲ့ချုပ် (ဗကသ) ပြင်ပ ဆက်ဆံရေးတာဝန်ခံ ကိုအောင်နေပိုင်က မဇ္ဈိမကို ပြောသည်။

ကိုအောင်နေပိုင်က“ပင်မသပိတ်စစ်ကြောင်းကို အကြမ်းဖက်ဖြိုခွင်းရာမှာ ရဲတွေကလိုတာထက် ပိုအင်အားသုံးပြီးကျောင်းသားတွေ ကို ရိုက်နှက်ဖြိုခွင်းခဲ့တယ်၊ ဒီအတွက်ကျောင်းသားတွေ ခေါင်းကွဲတာကအစ ဒဏ်ရာမျိုးစုံရတယ်၊ထောင်ထဲမှာလည်းထပ်ပြီး အကြမ်းဖက်ခံရတယ်။ ဒါတွေဟာ လူ့အခွင့်အရေး ချိုးဖောက်ခံရတာဖြစ်ပြီး နိုင်ငံသားအခွင့်အရေး ဆုံးရှုံးတာပါပဲ၊ ဒီအတွက် လူ့အခွင့်အရေးကော်မရှင်ကို တိုင်ကြားတာဖြစ်တယ်။ ”ဟုဆိုသည်။

ကျောင်းသား ၁၈ ဦးက သပိတ်တွင် အကြမ်းဖက်ခံရသည့် ဖြစ်စဉ်ကို တစ်ဦးချင်း အတွေ့အကြုံကို ရေးသားကာ တိုင်ကြား ခဲ့ခြင်း ဖြစ်သည်ဟု ကိုအောင်နေပိုင်က ပြောသည်။

အခြေခံပညာ အထက်တန်းကျောင်းသား ဗကသ အဖွဲ့ဝင် ကိုအောင်မင်းခိုင်က "ကျွန်တော်ဆို ဖမ်းတုန်းကရိုက်ခံရတဲ့ ဒဏ်ရာကြောင့် ထောင်ထဲမှာ ဆေးရုံတက်ခဲ့ရတဲ့အထိ ဖြစ်ခဲ့သလို ထောင်ထဲရောက်တော့လည်း ယောက်ျားလေးတွေဆို လက်သီးနဲ့ထိုးတာ၊ ခြေနဲ့ကန်တာအထိ ခံခဲ့ရတယ်”ဟု ဆိုသည်။

ကိုအောင်မင်းခိုင်ကို မတ်၁၀ရက်က လက်ပံတန်းတွင်ဖမ်းဆီးခဲ့ပြီး သာယာဝတီထောင်တွင် နှစ်လကျော်ကြာ ဖမ်းဆီးထိန်း သိမ်းခံ ခဲ့ရသည်။

ဖမ်းဆီးခံရစဉ်က ၎င်းမှာ အသက်မပြည့်သေးသော ၁၇နှစ် အရွယ်ရှိ အခြေခံပညာ ကျောင်းသားတစ်ဦးဖြစ်ပြီး ရွှေဘိုခရိုင် အခြေခံကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌတစ်ဦးဖြစ်ကာ လက်ရှိတွင် နဝမတန်း ကျောင်းသား တစ်ဦးဖြစ်သည်။ ယင်းနှင့်အတူ နဝမတန်း ကျောင်းသား ကျော်ဇော်ခန့်ကိုလည်း ဖမ်းဆီးခဲ့ပြီး နှစ်ဦးစလုံးကို အာမခံဖြင့် လွှတ်ပေးခြင်းဖြစ်သည်။

ကျောင်းသားများ၏ တိုင်ကြားစာကို မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ထံ စာဝင်အမှတ် (၈၁၂) ဖြင့် လက်ခံထားသည်ဟု စာလက်ခံရေးဌာနမှ တာဝန်ရှိသူက မဇ္ဈိမကို အတည်ပြုသည်။ ယင်းတိုင်ကြားစာနှင့် ပတ်သက်၍ မည်သို့ ဆက်လက်ဆောင် ရွက်မည်ကို မြန်မာနိုင်ငံ လူ့အခွင့်အရေးလူ့အခွင့်အရေးကော်မရှင်မှ ဥက္ကဋ္ဌ ဦးစစ်မြိုင်ထံ မဇ္ဈိမက ဆက်သွယ်မေးမြန်ရာတွင် "အပြင်ကိုရောက်နေလို့ စာလက်ခံဌာနကို မေးမြန်းလိုက်ပါ "ဟု သာ ဖြေကြားခဲ့သည်။

တိုင်ကြားစာပို့သည့် ဗကသ အဖွဲ့ဝင် ကျောင်းသား ကိုအောင်နေပိုင်က “လက်ရှိအနေအထားတွေအရ ဆိုရင်တော့ ထိရောက် မှုမရှိနိုင်ဘူးဆိုတာ တွက်မိပါတယ်၊ ဒါပေမဲ့ လုပ်ပေးတာ မလုပ်ပေးတာက လူ့အခွင့်အရေးကော်မရှင် ဘက်က ကိစ္စပါ၊ ကျွန်တော်တို့ဘက်ကတော့ ကော်မရှင်ရဲ့ သိက္ခာကို လေးစားတဲ့အနေနဲ့ တိုင်တာဖြစ်တယ်၊ ခက်တာကလည်း ကော်မရှင်က အစိုးရရဲ့ဒေါက်တိုင်ဖြစ်နေတယ်”ဟုဆိုသည်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်အနေဖြင့် တိုင်ကြားမှ ဆောင်ရွက်ပေးသည်ထက် လူ့အခွင့်အရေးချိုးဖောက်ခံရသည့် ကိစ္စများကို မတိုင်ကြားသော်လည်း  တာဝန်ယူတာဝန်ခံကာ စုံစမ်းဆောင်ရွက်ပေးသင့်သည်ဟု ၎င်းကဆိုသည်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများအဖွဲ့ချုပ် (ဗကသ)အနေဖြင့် လူ့အခွင့်အရေး ကော်မရှင်သို့ တိုင်ကြားသည့်နေ့မှ နှစ်လ အတွင်း ကော်မရှင်က အရေးယူဆောင်ရွက်ပေးခြင်း မရှိပါက သမ္မတရုံးနှင့် အာဆီယံလူ့အခွင့်အရေးကော်မရှင်သို့  ဆက်လက် တိုင်ကြားသွားမည်ဟု  ကိုအောင်နေပိုင်က ဆိုသည်။

လက်ရှိပညာရေး ဥပဒေကို ပြင်ဆင်ပေးရန် လှုပ်ရှားသည့် ကျောင်းသားသပိတ်ကို ၂၀၁၄ခုနှစ် အောက်တိုဘာ ၁၄ရက်တွင် ရန်ကုန်မြို့မှ စတင်လှုပ်ရှားခဲ့ခြင်းဖြစ်ပြီး ပညာရေးဥပဒေပြင်ဆင်ရေး လေးပွင့်ဆိုင်ဆွေးနွေးပွဲသုံးခုကို ဖေဖော်ဝါရီလအတွင်းက ရန်ကုန်မြို့ နှင့် နေပြည်တော်တွင် ပြုလုပ်ခဲ့သော်လည်း ကျောင်းသားသမဂ္ဂနှင့် တာဝန်ရှိသူများကြား ပြေလည်မှု မရရှိခဲ့ဘဲ  သပိတ်ဆက်လက်လှုပ်ရှားခဲ့ပြီး တစ်လကျော်အကြာ မတ် ၁၀ရက်တွင် လက်ပံတန်းမြို့တွင် အကြမ်းဖက်ဖြိုခွင်းခံရခြင်းဖြစ်သည်။

အဆိုပါ  အကြမ်းဖက်ဖြိုခွင်းမှုတွင် ကျောင်းသားများနှင့် ဝန်းရံပြည်သူ ၁၂၇ ဦးကိုဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ယင်းတို့အနက်မှ ၆၉ ဦးကိုပုဒ်မ ငါးခုနဲ့ တရားစွဲခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly