မထက်ရဲ့ ဘဝလက်တွဲဖော်အပေါ် မျှော်လင့်ချက်က ဘယ်လိုပုံမျိုးလဲ

မထက်ရဲ့ ဘဝလက်တွဲဖော်အပေါ် မျှော်လင့်ချက်က ဘယ်လိုပုံမျိုးလဲ

ရန်ကုန်၊ ဇွန် ၂၉ ။             ။ မြန်မာနိုင်ငံမှာ ဂေး ဆိုရင် လက်ခံတဲ့သူထက် လက်မခံဘဲ နှိပ်ချချင်ကြတဲ့သူတွေ ရှိနေတဲ့ကြားက ထိုအရာတွေကို ဖြတ်ကျော်ပြီး ကိုယ်ဖြစ်ချင်တဲ့ အရာတွေကို တစ်ခုပြီးတစ်ခု လုပ်ဆောင်ပြီး မိန်းသားတစ်ဦးအဖြစ် ပြောင်းလဲ နေထိုင်နေတဲ့သူကတော့ မိတ်ကပ်ပညာရှင် မထက်(Pop Soul) ပါပဲ။ ဒီနှစ်ထဲမှာပဲ သူဟာ အကြီးမားဆုံး ခွဲစိတ်မှု တစ်ခုဖြစ်သည့် Sex ပိုင်းဆိုင်ရာကိုပါ ချိန်းပစ်ပြီး ကိုယ်တိုင် မိန်းမသားတစ်ဦးအဖြစ် ခံယူကာ ဘဝကို ရှေ့ဆက်နေသူ တစ်ဦးလည်းဖြစ်ပါတယ်။

ဒါ့ကြောင့် လက်ရှိမှာ Sex ချိန်းထားတဲ့ သူ့အတွက် ကျန်းမာရေးအခြေအနေ၊ သူ့ဘဝ ရပ်တည်ချက်တွေ အပြင် သူ့အနေနဲ့ တစ်ချိန်မှာ LGBT တွေနဲ့ ပတ်သက်ပြီး ဘိုးဘွားရိပ်သာ တစ်ခု ဖန်တီးပေးချင်တဲ့ ဆန္ဒတစ်ခုလည်း ရှိနေပြန်တာကြောင့် ထိုအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး မိတ်ကပ်ပညာရှင် မထက်(Pop Soul)ကို သွားရောက် တွေ့ဆုံ မေးမြန်းဖြစ်ခဲ့ပါတယ်။

မဇ္ဈိမ ။  ။ မထက် အခုလက်ရှိ ကျန်းမာရေး အခြေအနေလေး ပြောပြပေးပါအုံး။

မထက် ။  ။ ပုံမှန်ပါပဲ။ ဘာအခက်အခဲမှမရှိဘူး။ အရင်ကထက်စာရင်တော့ ပိုပြီးကောင်းလာတယ်။ ၃လဖြစ်လာတဲ့ အခါကျတော့ အရင်လို နာကျင်မှုကတော့ တော်တော်ကြီး လျော့ပါးသွားပါတယ်။

မေး ။  ။ ဘယ်လိုဂရုစိုက်မှုတွေ လုပ်နေရလဲ။ ဆရာဝန်နဲ့ ထပ်ပြရတာတွေကောရှိသေးလား။

မထက် ။  ။ ပြီးခဲ့တဲ့လကတော့ တစ်ခေါက်ပြပြီးပြီ။ ၃လကျော်ရင် တစ်ခေါက်လာပြဖို့ ဆာရာဝန်က မှာထားတယ်။ ထွေထွေထူးထူးတော့ မဟုတ်ပါဘူး။ လေ့ကျင့်ခန်း လုပ်ရတဲ့အပိုင်းတွေ ရှိတယ်။ အဲ့ဒီလေ့ကျင့်ခန်း လုပ်တာကို မထက်က ကြောက်တတ်တော့ နှေးကွေးတာတွေရှိတယ်။ ဒါကို အသုံးပြုလို့ ရလားမရလား ဆိုတဲ့ အပိုင်းလေးပဲ ကျန်တာက အကုန်ကောင်းနေပြီ။

မဇ္ဈိမ ။  ။ အခုလတ်တလော မထက် ရဲ့ အချစ်ရေး နဲ့ ပတ်သက်ပြီး အွန်လိုင်းမှာ ပျံ့နှံ့နေတာလဲ တွေ့ရတယ်။ အဲ့ဒါလေး နဲ့ ပတ်သက်ပြီး ပြောပြပါအုံး။

မထက် ။  ။ ထင်ရာမြင်ရာ လျှောက်ရေးကြတာပေါ့နော်။ အမှန်တကယ်တော့ မထက်တို့ကြားမှာ အလုပ်ကိစ္စပဲ ရှိကြတာပါ။ လက်ရှိ ချစ်သူက သတ်သတ်ပါ။ ပရိသတ်ထင်တဲ့သူက သတ်သတ်ပေါ့။

မဇ္ဈိမ ။  ။ ဒါဆို မထက်ရဲ့ လက်ရှိ အချစ်ရေး နဲ့ ပတ်သက်ပြီး ပြောပြပါအုံး။

မထက် ။  ။ ပုံမှန်ပါပဲ ။ ရည်းစားများများထားလေ့ မရှိဘူး။ တစ်ယောက်ဆို တစ်ယောက်ထဲကိုပဲ ကြိုက်တတ်တယ်။ ချစ်ရမှာကြောက်တယ်။ အခု ရည်းစားနဲ့ ကတော့ ချစ်သူဖြစ်တာ ၂နှစ်ခွဲလောက်ရှိပြီ။

မဇ္ဈိမ ။  ။ မထက် ရဲ့ ချစ်သူကကော မထက်အပေါ် ဘယ်လိုသဘောထားလဲ။

မထက် ။  ။ သူက ဘယ်လိုမျိုးလဲဆိုတော့ အစစအရာရာ လက်ခံပေးတယ်။ မထက် sex မချိန်းခင်ကတည်းက သူနဲ့တွေ့တာ ။ တနေ့မှာ sex ချိန်းမယ် ဆိုတာ သိပေမယ့် သူ့အတွက်ကတော့ ဘာမှထွေထွေထူးထူး ကိစ္စမရှိဘူးလို့ပြောတယ်။ အားပေးတယ်။ အစစအရာရာ ဖေးမတယ်။ အဆင်ပြေပါတယ်။

မဇ္ဈိမ ။  ။ ချစ်သူ နှစ်ဦးကြားမှာ နားလည်မှု ဘယ်လိုထားလဲ။ ပုံမှန်ထက် ပိုတဲ့နားလည်မှု ထားရတာမျိုးရှိလား။

မထက် ။  ။ သူက လူကြီးလည်းဖြစ်တော့ လူကြီးဆန်တယ်။ အရမ်းညှိစရာမလိုဘူး။ သူက အရာရာဦးဆောင်တယ်။ မထက်ကတော့ သူ့ကိုအရမ်းမမျှော်မှန်းထားဘူး။ မထက်ကြောက်တတ်တယ်။ မထက်တို့ မိန်းမလျာဆိုတာက အချိန်တန်ကျရင် တစ်ယောက်တည်း နေခဲ့ရမယ့်အမျိုးပေါ့။ သူဆိုတာလဲ ဘယ်အချိန်ထွက်သွားမလဲ မသိဘူး သူကတော့ မသွားဘူးလို့ပြောတာပဲ။ ဒါကိုယုံစားထားလို့ရတဲ့ အလုပ်မဟုတ်ဘူးလေ။ ကလေးမရနိုင်တဲ့ဟာတွေ ရှိတယ်။ မထက်ဘက်ကလည်း အဆင်သင့်မဖြစ်တဲ့အပိုင်းတွေ ရှိတယ်။ အတူနေဖို့တောင် မဖြစ်နိုင်သေးတဲ့ ကိစ္စ ဒါတွေကို မတွေးထားသေးဘူး။ ရေရှည်တော့ အရမ်းမမျှော်လင့်ထားဘူး။

မဇ္ဈိမ ။  ။ မထက် လိုချင်တဲ့ ဘဝလက်တွဲဖော် နဲ့ အခုလက်ရှိ ချစ်သူက တစ်ထပ်တည်းကျလား။

မထက် ။  ။ အခုလက်ရှိ ရည်းစားကတော့ မထက်လိုချင်တဲ့ ပုံစံပါပဲ။ မထက်တို့ မိန်းမလျာတွေက ပုံမှန်အားဖြင့် ထင်မြင်ယူဆ ကြတာက သူတို့ ပြန်ပြီး ပံံပိုးမှုတွေ အများကြီးလုပ်ကြရတယ်လို့ထင်တယ်။ မထက်ကတော့ ချောတာလှတာ မလိုဘူး။ မထက်ကြိုက်တဲ့ ယောင်္ကျားတစ်ယောက်က လူကြီးလူကောင်းဆန်ရမယ်။ ကိုယ့်ကို ဦးဆောင်နိုင်စွမ်းရှိရမယ်။ ကိုယ်ဖြစ်ချင်တာတွေကို ဖန်တီးခွင့် ပေးနိုင်ရမယ်။ ဦးဆောင်နိုင်စွမ်းရှိပြီး ကိုယ့်ကို လမ်းကြောင်းမှန်ပေါ် တင်ပေးနိုင်မယ်။ လက်ရှိရည်စားကလည်း အဲ့လိုပဲ အသက်အရွယ်အရရော သူ့ရဲ့ အလုပ် အကိုင် အနေအထိုင် အပြုအမူတွေကို မထက်ကတော့ ကြိုက်တယ်။

မဇ္ဈိမ ။  ။ မထက်အနေနဲ့ ဘာ့ကြောင့် မိန်းမသားဘဝကို လိုချင်မိတာလဲ။

ငယ်ငယ်ကဆို မိန်းမလျာလည်း မကြိုက်ဘူး။ မိန်းမလျာတွေကိုလည်း အရမ်းကြောက်တယ်။ မိန်းမလျာ တစ်ယောက် ဖြတ်လျောက်သွားရင်ကို ကိုယ်က ကြောက်နေတာ။ ဘာကို စိုးရိမ်တာလဲ ဆိုတော့ ကိုယ်က မိန်းမလျာဖြစ်မှာ ကြောက်တာ။ ကိုယ့်ဘဝကြီးမှာ မိန်းမလျာ ဖြစ်လာလိမ့်မယ်။ မိန်းမလိုဝတ်ဖို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး။ ကိုယ်ကအလှအပကို ဝါသနာပါလို့ မိတ်ကပ်ဆရာလုပ်ပါလားလို့ ပြောရင် အရမ်း ကြောက်တယ်။ တစ်သက်လုံး ဒါမျိုးမလုပ်ဖူးလို့ ပြောခဲ့တယ်။ ငါ ပညာတတ် တစ်ယောက် ဖြစ်အောင် လုပ်မယ်။ အရာရှိ တစ်ယောက်ဖြစ်အောင်လုပ်မယ် အဲ့လိုပုံစံမျိုးပဲ တွေးခေါ်လာတာ။ မထက် ၁၀တန်းထိကို ပုံမှန်အတိုင်းပဲ။ ၁၀တန်းဖြေပြီးနောက်ပိုင်း စာတွေဖတ်မိလာတယ်။ စာဖတ်ရင်း ကိုယ်မေ့နေတာကို သတိထား မိလာတယ်။ တွေးတတ်လာပြီ အိမ်ကလည်း မိန်းမလျာဖြစ်မှာ အရမ်းကြောက်တယ်။ အမေဆို ခါးခါးသီးသီးကို ပစ်ပယ်တာ။ တက္ကသိုလ် နောက်ဆုံးနှစ်အထိပဲ တက်ခဲ့တယ်။ တက္ကသိုလ်မအောင်ဘူးပေါ့ ပြီးတော့ ဒုတိယနှစ်မှာ လုပ်ငန်းခွင်ထဲရောက်သွားတယ် ဆံပင်ညှပ်သင်တန်းတက်ပြီး ဆံပင်အလုပ်လုပ်တယ်။ ပြီးရင် မိတ်ကပ်ပြင်တာ တက်ရင်းမှ ဒီလောကကလူတွေနဲ့ ပေါင်းမိလာတာ။ မော်ဒယ်တွေနဲ့ ပေါင်းမိလာပြီး ဂေး ဆိုတဲ့ စကားလုံးတွေ ရယ် ဂေး ဆိုတဲ့ ရလာဘ်တွေရယ် ဂေးတွေ ဘယ်လိုပုံစံရှိတယ်ဆိုတာ အဲ့မှာ စသိလာတာ အဲ့တော့ ကိုယ့်ကိုကိုယ် စပြီးတော့ ငါ ဂေး ပါလားလို့ ပိုပြီးသိလာတဲ့အချိန်မှာ ဂေးမှာ ပုံစံမျိုးစုံရှိတယ် ယောင်္ကျားဆန်တဲ့ ဂေးရယ်၊ နည်းနည်း နွဲ့နွဲ့နှောင်းနှောင်း ရှိတဲ့ ဂေး၊ ယောင်္ကျားမကျမိန်းမမကျ ဂေး ရှိတယ်။ မိန်းလိုနေတာရှိတယ်။ ကိုယ့်ကိုကိုယ် မိန်းလို့ သတ်မှတ်ပြီး ဘဝကြီးကို ယုံယုံကြည်ကြည်နဲ့ နေတာရှိတယ်လို့ သိရတဲ့အချိန် ကိုယ်က ယောင်္ကျားလည်းမကျ မိန်းမလည်းမကျတဲ့ နံပါတ် ၃ အဆင့်မှာ ရှိနေတာပေါ့။ ဘန်ကောက်သွားတဲ့ အချိန်မှာ သိသာလာတယ် သူတို့နိုင်ငံမှာ ယောင်္ကျားလိုနေတဲ့ဂေး နဲ့ မိန်းမလိုနေတဲ့ဂေး အဲ့လောက်ပဲရှိတဲ့အချိန်မှာ ကိုယ်က ဆန်ကောဆန်ခ ဖြစ်နေတော့ အရမ်းရှက်လာတယ်။ ကိုယ့်ကိုကိုယ် ဆုံးဖြတ်ချက်ချလိုက်တယ်။ ငါမိန်းမလိုပဲနေမယ် လုံးဝ ကိုယ့်ကိုကိုယ် မိန်းကလေး တစ်ယောက်လို ခံယူပြီးတော့ ခွဲစိတ်ပြုပြင်ပြီး ပြောင်းလဲလိုက်တဲ့ ဂေးဖြစ်အောင် ကြိုးစားမယ် ဆိုပြီး စပြီး ပြုပြင်ပြောင်းလဲ လာခဲ့တာ။

မဇ္ဈိမ ။  ။ ဒါဆို မိန်းမသားတစ်ယောက်လို နေဖို့ ဘယ်အပိုင်းကို စပြီး ခွဲစိတ်ပြုပြင်ခဲ့တာလဲ။

မထက် ။  ။ နှာခေါင်း အရင်ပြင်တာ နှာခေါင်းကတော့ လှချင်လို့ပြင်တာ။ ပြီးတော့ ဆီလီကွန်ထည့်တယ်။ ဆီလီကွန်ထည့်တဲ့ အချိန်မှာ အမေနဲ့ စကားမပြောတော့ဘူး။ ဆီလီကွန် မထည့်ခင် တစ်နှစ်လောက် ကတည်းက အမေနဲ့ မခေါ်တော့တာ။ ကိုယ့်ဘာသာ တစ်ယောက်တည်း လှုပ်ရှားရုန်းကန်ပြီး ပိုက်ဆံစုတယ်။ ဆီလီကွန်ထည့်တယ်။ မိန်းကလေးလိုဝတ်တယ်။ အဲ့ဒီအချိန်မှာ အမေ စပြီးလက်ခံလာတယ်။ အသံကတော့ အဖေက မိန်းကလေးနဲ့လည်း တော်တော်တူနေပြီ။ အသံထွက်လာရင် ရုပ်ဆိုးတယ်ပေါ့ မထက်အသံက တော်တော် သြတော့ အသံတော့ ပြောင်းလိုက်ပါ သူပိုက်ဆံပေးမယ် ဆိုတာနဲ့ အသံချိန်းလိုက်တယ်။ လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်ကပေါ့။ အသံချိန်းပေမယ့် စည်းကမ်းတကျတော့ မနေနိုင်ပါဘူး။ အသံနည်းနည်းလေး ပျက်သွားတယ်။ ဒါပေမယ့် အဆင်ပြေပါတယ်။ ကိုယ့်ဒေါသနဲ့ ကိုယ်ဆိုတော့ မအော်ရဘူးလို့ ပြောထားတဲ့ အချိန်မှာ မထက်က အော်လိုက်တယ်။ ဒေါသတွေထွက်တယ် အလုပ်နဲ့ပတ်သက်ပြီး ဖြစ်တဲ့အခါကျတော့ အသံတော့ နည်းနည်းယိုင်သွားတယ်။ ဒါပေမယ့် အရင်အသံထက်စာရင်တော့ ကိုယ့်ကိုကိုယ် လက်ရှိအချိန်မှာ တော့ အရမ်းကျေနပ်တယ်။ နောက်ဆုံးကတော့ ဒီနှစ်မှာ sex ချိန်းလိုက်တယ်။

မဇ္ဈိမ ။ ။ ကြီးမားတဲ့ ခွဲစိတ်မှုတွေ လုပ်ခဲ့ရတော့ အခက်အခဲတွေလဲ တွေ့ခဲ့မှာပဲ။ တွေ့ကြုံခဲ့ရတဲ့ အခက်အခဲတွေကို ပြောပြပေးပါအုံး။

မထက် ။  ။ နှာခေါင်းပြင်တုန်းကတော့ ဘာပြဿနာမှ မရှိဘူး။ ဆီလီကွန်ထည့်တဲ့ အချိန်မှာတော့ ကြာတယ်။ အခန်းထဲမှာ တစ်ယောက်တည်း နေရတဲ့အခါမျိုးမှာ ကိုယ်တစ်ယောက်တည်း အိမ်သာသွားတာကအစ ဒုက္ခရောက်တယ်။ အရမ်းကိုပင်ပန်းတယ်။ နာကျင်တယ်။ သူများတွေကတော့ ပေါ့ပေါ့ပါးပါးပဲ ကိုယ့်အလှည့်ကျမှ ဖြစ်တာလားတော့ မသိဘူး။ အသံချိန်းတော့လဲ ပေါ့ပေါ့ပါးပါးပါပဲ ဒါပေမယ့် ဘာဖြစ်လဲ ဆိုတော့ မထက် ဆေးသောက်ရတဲ့ အချိန်မျိုးမှာဆေးက လည်ချောင်းထဲမှာ ကပ်ပြီး ပေါက်ထွက်သွားတဲ့အချိန် လည်ချောင်းလောင်သွားတယ်။ အဲ့အချိန်မှာဆို လုံးဝ အသက်ရှုတွေကြပ်မတတ်ဖြစ် ဆေးတွေထိုး အောက်ဆီဂျင်တွေပေးရတဲ့ အဆင့်မျိုးထိ ရောက်သွားတယ်။ အခက်အခဲမရှိဘူး ဆိုပေမယ့် သဘာဝကို ဆန့်ကျင်ပြီး လုပ်တဲ့အခါမျိုးမှာ အနည်းနဲ့ အများတော့ ဒုက္ခရောက်တာပေါ့နော်။ Sex ချိန်းတာကလည်း ဟော်မုန်းအပြောင်းအလဲဖြစ်မယ် ဒါကို ထိန်းသွားနိုင်ရင် ရပြီ။ အသက်တိုသွားတာတွေ ဘာတွေမရှိဘူး မြန်မာနိုင်ငံမှာ သိတာက ဟိုဟာဖြစ်သွားမယ် ဒီဟာ ဖြစ်သွားမယ် အဲ့ဒီက ဆရာဝန်တွေ အကုန်မေးပြီးပြီ ပုံမှန်ထက် ဘာမှထူးခြားပြီး အသက်တိုမသွားဘူး သူတို့ နိုင်ငံမှာတော့ sex ချိန်းတဲ့သူက ဒီနေ့အချိန်ထိ အသက် ၆၀၊ ၇၀ နီးပါးအထိ အသက်ရှင် နေထိုင်နေတယ်။ ပုံမှန် ကောင်းကောင်းမွန်မွန် နေထိုင်သွားရင် ဘာပြဿနာမှ မရှိပါဘူး။

မဇ္ဈိမ ။  ။ အခုလက်ရှိမှာ မထက် ဖြစ်ချင်တာတွေ အားလုံး လုပ်ပြီးပြီ ဆိုတော့ အိမ်ထောင်ပြုဖို့ စဉ်းစားထားပြီလား။

မထက် ။  ။ မရှိဘူး။ ဘာလို့လဲဆိုတော့ ဘယ်တော့မှ ကိုယ့်ကိုကိုယ် မေ့မသွားဘူး။ ဘယ်တော့မှ မိန်းမဖြစ်မသွားဘူးလေ။ အတုကအတုပဲ ။ ယောင်္ကျားတစ်ယောက် နဲ့ အိမ်ထောင်ပြုတယ် ဆိုတာ ပုံမှန် ယောင်္ကျား တစ်ယောက်ရယ် မိန်းမတစ်ယောက်ရယ် အိမ်ထောင်ပြုရင်တောင်မှ နှစ်ဖက်မိဘ ရှိတယ်။ ဆွေးမျိုးအသိုင်းအဝိုင်းရှိတယ်။ ညှိယူရတာတွေ ရှိတယ်။ မထက်တို့လို ပတ်ဝန်းကျင်က အနှိမ်ခံ လူတန်းစားမျိုးမှာ ဒီယောင်္ကျား တစ်ယောက်နဲ့ ယူလိုက်တယ် ထားအုံးတော့ သူလက်ခံနိုင်ပေမယ့် သူ့မိဘက ရှိသေးတယ်။ သူ့မိဘ လက်ခံနိုင်ပေမယ့် သူ့မိဘကကော ကိုယ့်ကိုလက်ခံတယ် သဘောကျတယ် ဆိုပေမယ့် ပတ်ဝန်းကျင် အသိုင်းအဝိုင်း ရှိသေးတယ်။ စိတ်အခန့်မသင့်ဖြစ်လာတဲ့အခါ တစ်ယောက်နဲ့ တစ်ယောက် အမုန်းပွားလာတာမျိုးတွေ ဖြစ်လာမယ်။ ကိုယ့်အပေါ် အမြင်စောင်းလာတာမျိုးတွေ ဖြစ်လာမယ် ရှက်ရွံ့တဲ့ အပိုင်းလေးတွေ ဖြစ်လာမယ် အဲ့အချိန်ကျရင် သူနဲ့ ကိုယ်နဲ့ နှစ်ယောက်တည်း ပေါင်းစည်းလို့ မရတော့ဘူး။ အဲ့တာတွေကို ရေရှည်တွက်တဲ့အတွက် အိမ်ထောင်ပြုဖို့တော့ အစီအစဉ်မရှိဘူး။ နောက် ကလေး မွေးစားဖို့ ဆိုတာမျိုးတွေ ကလေးမွေးဖို့ဆိုတာတွေ ဒီကလေး တစ်ယောက် အရွယ်ရောက်လာတဲ့အခါ ကျောင်းနေတဲ့ အခါမျိုးမှာ နင့်မိဘက sex ချိန်းထားတာလို့ ကျောင်းနေဖက် သူငယ်ချင်းကပဲ ဖြစ်ဖြစ် မိဘတွေကဖြစ်ဖြစ် ပြောလာလို့ ကလေးစိတ်ထဲမှာ ဖြစ်လာမယ့် ရလာဒ်ကို လုံးဝမလိုချင်ဘူး။ မထက်တို့က နဂိုကတည်းက အနှိမ်ခံလာရတာလေ ကလေးကို အနှိမ်မခံစေချင်ဘူး။ အဲ့တာကြောင့် မထက် အဲ့တာတွေ လုပ်ဖြစ်မှာ မဟုတ်ပါဘူး။

မဇ္ဈိမ ။  ။ တချို့ကတော့ မထက် ဒီလိုပြုပြင် ပြောင်းလဲမှုတွေ လုပ်တာ အိမ်ထောင်ပြုချင်လို့ ဆိုပြီး အမျိုးမျိုးမြင်ကြတာ ရှိတယ်။ ဒီအပေါ်မှာကော မထက် ဘယ်လို ပြောချင်လဲ။

မထက် ။  ။ မထက် အခုလို ပြောင်းလဲတာက ကိုယ့်လုပ်ချင်တဲ့ အရာ ကို တစ်ဆင့်ခြင်း လုပ်ခဲ့တာ။ ၃၅နှစ်မကျော်ခင် ငါ့ခန္ဒာကိုယ်ကို ပြောင်းလဲမယ်ဆိုပြီး ကြိုးစားထားတာ အခု ၃၄နှစ်မှာ အကုန်လုပ်ပြီးသွားခဲ့ပြီ။ အဲ့ဒီအတွက် ကျေနပ်တယ်။ ကိုယ့်လုပ်ချင်တာကို လုပ်နေတဲ့သဘောပါပဲ။ အနီးစပ်ဆုံး မိန်းမတစ်ယောက်နဲ့ တူချင်လို့ လုပ်ခဲ့တာရှိတယ်။ အိမ်ထောင်ပြုဖို့ ကလေးယူဖို့ လုံးဝ စတ်မဝင်စားဘူး။ အမှန်တော့ ကလေးချစ်တယ် ကလေး အရမ်းလိုချင်တယ်။ တကယ်ကို နွေးထွေးတဲ့ အိမ်ထောင်တခု လိုချင်တယ်။ ဒါပေမယ့် ကိုယ့်ဘဝက ဒီလိုဖြစ်ခဲ့ပြီးပြီဆိုတော့ မတမ်းတတော့ဘူး။

မဇ္ဈိမ ။ ။ ဒါဆို မထက် အနေနဲ့ မိန်းမသားတစ်ယောက်ရဲ့ ဘဝကို ဘယ်လိုနားလည်ထားလဲ။

မိန်းမသားတွေရဲ့ ဘဝက တကယ့်ကို နူးနူးညံ့ညံ့နဲ့ မိခင်ကောင်းတစ်ယောက် အိမ်ထောင်ကောင်း တခုကို ဖန်တီးရတာ အရမ်းပျော်စရာကောင်းတယ်လို့ ထင်တယ်။ မထက် အိမ်ထောင်ပြုမယ်လို့ မတွေးဖူးဘူး။ Single Mother တစ်ယောက်ဖြစ်ချင်တယ်။ ဘဝမှာ ရုန်းကန်ပြီး ကလေးကျောင်းပို့ချင်တယ်။ မေမေကိုယ့်ကိုယ် ထိန်းသိမ်း စောင့်ရှောက်လာသလို ဖန်တီးကြည့်ချင်တယ်။ ဒါပေမယ့် မဖြစ်နိုင်ဘူးလို့ တွေးပါတယ်။ ငယ်ငယ်ကတော့ အဲ့လိုတွေးတယ် အခုတော့ အဲ့လိုမတွေးတော့ပါဘူး။

မဇ္ဈိမ ။ ။ ကိုယ်က မိန်းမသား တစ်ယောက် ဘဝကို ခံယူလိုက်ပြီ ဆိုတော့ အမျိုးသမီးတွေဘက်က ဘယ်လိုရပ်တည်ချင်တာမျိုးရှိလဲ။

မထက် ။ ။ မိန်းမတွေနဲ့ပဲပေါင်းတယ်။ မိန်းမတွေနဲ့ပဲ ကြီးပြင်းခဲ့ရတာဆိုတော့ ကိုယ့်ကိုကိုယ်လည်း မိန်းမသား တစ်ယောက်လို့ ခံယူထားတဲ့အတွက် အသည်းကွဲတယ်ဖြစ်ဖြစ် ပြဿနာဖြစ်တယ် ဖြစ်ဖြစ် ကိုယ်ကတော့ အမြဲတမ်း မိန်းမတွေဘက်ကပဲ အလုပ်လုပ်တာ နေတာထိုင်တာကအစ သူငယ်ချင်းတွေကို ကိုယ်ကပဲ ဦးဆောင်ပြီး အကြံဉာဏ်ပေးတယ်။ သူတို့မမြင်တဲ့အပိုင်းတွေ ထောက်ပြပေးတယ်။ ကိုယ်ကတော့ အမြဲ ဒီလိုပဲ ရပ်တည်ခဲ့တာပါ။

မဇ္ဈိမ ။  ။ မထက်အနေနဲ့ ကိုယ်ဖြစ်ချင်တာတွေ လုပ်ခဲ့ပြီးပြီ ဆိုတော့ နောက်ထပ် ဖြစ်ချင်တာနဲ့ ဆန္ဒတွေ ထပ်ရှိသေးလား။

မရှိတော့ပါဘူး။ လုပ်ချင်လို့သာ ဇွတ်လုပ်ခဲ့တာ ဆေးထိုးရမှာ အရမ်းကြောက်တဲ့သူ။ ထပ်လုပ်ချင်တာကတော့ လုပ်ငန်းပိုင်းကို ဒီ့ထက်ပိုပြီး ရေရှည်ကောင်းဖို့ လုပ်ဖို့ မျှော်မှန်းထားတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly