ဘိန်းမှောင်ခိုလုပ်၍ အသက် ရ၀ ကျော် သြစတြေးလျအမျိုးသမီးအား ဗီယက်နမ်သေဒဏ်ပေး

ဘိန်းမှောင်ခိုလုပ်၍ အသက် ရ၀ ကျော် သြစတြေးလျအမျိုးသမီးအား ဗီယက်နမ်သေဒဏ်ပေး

ဟနွိုင်း၊ ဇွန် ၃၀ ။            ။ ဆပ်ပြာချောင်းများတွင် သိုဝှက်ကာ ဘိန်းဖြူမှောင်ခိုကုန်ကူးသည့် အသက် ၇၃ နှစ်ရှိ ဗီယက်နမ်နိုင်ငံဖွား သြစတြေးလျအမျိုးသမီးတစ်ဦးကို ဗီယက်နမ်တောင်ပိုင်း တရားရုံးတစ်ရုံးက သေဒဏ်အပြစ်ဒဏ်ချမှတ်လိုက်သည်။

အမှုမှာ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလအတွင်းက သြစတြေးလျသို့ ပျံသန်းမည့် လေယာဉ်ပေါ် ငုယင်သီဟောင်ဆိုသူ အမျိုးသမီးကြီး၏ ခရီးဆောင်အိတ်တွင်း ဆပ်ပြာချောင်းများအတွင်း ဘိန်းဖြူ ၂ ဒဿမ ၈ ကီလိုဂရမ်အား တွေ့ရှိဖမ်းဆီးခဲ့ခြင်းဖြစ်ကာ ပြီးခဲ့သည့် ဇွန် ၂၉ ရက်၌ ဟိုချီမင်းမြို့ ပြည်သူတရားရုံးက သေဒဏ်ပြစ်ဒဏ် အပြီးသတ်ချမှတ်လိုက်ခြင်းဖြစ်သည်။

အမှုနှင့် ပတ်သက်ပြီး တရားရုံးအရာရှိများနှင့် သြစတြေးလျသံတမန်များထံ ထင်မြင်ချက်တောင်းခံ၍ မရသေးပေ။

သြစတြေးလျ နိုင်ငံခြားရေးရာနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနက "ဗီယက်နမ်၌ သြစတြေးလျနိုင်ငံသူ သေဒဏ်အပြစ်ပေးခံရခြင်းအတွက် စိုးရိမ်ပူပန်ရကြောင်း၊ သို့သော် ဗီယက်နမ်ဥပဒေအရ အသနားခံစာလျှောက်ထား၍ ရသဖြင့် အမှုအတွက် ဆက်လက်လုပ်ဆောင်ရမည့် လမ်းကြောင်း ရှိနေဆဲဖြစ်ကြောင်း" ထုတ်ပြန်သည်။

"ကျွန်တော်တို့အနေနဲ့က ဒီအမျိုးသမီးနဲ့ မိသားစုအတွက် သံတမန်အကူအညီတွေ ဆက်လက်ပေးသွားမှာဖြစ်ပါတယ်။ နောက်ပြီး သေဒဏ်အပြစ်ဒဏ်ဆိုတာကို အကြွင်းမဲ့ဆန့်ကျင်ခဲ့တာက သြစတြေးလျနိုင်ငံရဲ့ ရေရှည်ချမှတ်ထားခဲ့တဲ့ မူဝါဒပဖြစ်ပါတယ်။"ဟု ယင်းဌာနက ပြောရေးဆိုခွင့်ရှိသူက အီးမေးလ်မှတစ်ဆင့် ဖြေကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly