မန်ယူက ခေါ်ယူနိုင်ပြီဆိုတဲ့ ဒါမီယန်ဆိုတာ ဘယ်သူလဲ

မန်ယူက ခေါ်ယူနိုင်ပြီဆိုတဲ့ ဒါမီယန်ဆိုတာ ဘယ်သူလဲ

အီတလီ၊ ဇူလိုင် ၈ ။ ။ မန်ယူအသင်းဟာ တိုရီနိုအသင်းက နောက်ခံကစားသမား မက်တီယိုဒါမီယန်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ စကိုင်းအီတာလီယာက ဖော်ပြခဲ့ပါတယ်။

မန်ယူအသင်းရဲ့ ကမ်းလှမ်းမှုကို တိုရီနိုအသင်းက ငြင်းပယ်ခဲ့ပြီးတဲ့နောက် အသင်းနှစ်သင်းကြားမှာ ဆွေးနွေးမှုတွေ ဆက်ရှိနေခဲ့ပါတယ်။ နောက်ဆုံးမှာတော့ မန်ယူအသင်းက ပေါင် ၁၂ ဒသမ ၇ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့တယ်လို့ စကိုင်းအီတာလီယာက ဆိုပါတယ်။

တိုရီနိုအသင်းဟာ ပြီးခဲ့တဲ့ ရာသီက စီးရီးအေမှာ အဆင့် ၉ နေရာရခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ အသင်းဥက္ကဋ္ဌ ကာရီရိုက တစ်ရာသီလုံး ခြေစွမ်းပြကစားနိုင်ခဲ့တဲ့ ဒါမီယန်ကို ဆက်လက်ထိန်းသိမ်းထားဖို့ မလွယ်ဘူးလို့ ဝန်ခံခဲ့ပါတယ်။ ဒါ့အပြင် ကာရီရိုက ချန်ပီယံလိဂ်ကစားခွင့်က ဒါမီယန်ကို ဆွဲဆောင်လျက်ရှိပြီး ရာသီသစ်အတွက် ပြင်ဆင်မှုစတင်ပြုလုပ်မည့် ဇူလိုင် ၁၂ ရက်နေ့မတိုင်မီ ဒါမီယန်ရဲ့ အပြောင်းအရွှေ့ကို အဆုံးသတ်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

'အသင်းမှာ ဆက်ရှိနေမယ့် ကစားသမားအားလုံး ဇူလိုင် ၁၂ ရက်နေ့မှာ ကျွန်တော်တို့နဲ့အတူ လေ့ကျင့်ရေးကွင်းမှာ ရှိနေမှာပါ။ အဲ့ဒီနေ့က ဒါမီယန်အတွက် နောက်ဆုံးနေ့ပါပဲ။ ဒါမီယန်ကို အသင်းတစ်သင်းက သုံးကြိမ် ကမ်းလှမ်းခဲ့ပါတယ်။ ဘယ်အသင်းဆိုတာ ကျွန်တော် မပြောလိုပါဘူး။ သူတို့က ကျွန်တော်တို့အသင်းကို လေးစားမှု မရှိပါဘူး' လို့ ကာရီရိုက ပြောပါတယ်။

စကိုင်းအီတာလီယာကတော့ ဒီအသင်းဟာ မန်ယူလို့ပဲ နားလည်ခဲ့ပါတယ်။

မန်ယူနည်းပြ ဗန်ဟားဟာ ရာသီသစ်အတွက် ညာတောင်ပံကစားသမားသစ်တစ်ဦး ခေါ်ယူလိုနေတာပါ။ ဘာစီလိုနာနောက်ခံလူ အဲလ်ဗက်စ်ကို မခေါ်ယူနိုင်ခဲ့လို့ အခြားကစားသမားတစ်ဦးကို ရှာဖွေနေပါတယ်။

ဒါမီယန်ဆိုတဲ့ ကစားသမား
-----------------------------

မက်တီယိုဒါမီယန်ဆိုတာ အေစီမီလန်လူငယ်အသင်းကနေ ပေါ်ထွက်လာခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ အေစီမီလန်လူငယ်အသင်းရဲ့ အသင်းခေါင်းဆောင်တစ်ဦးဖြစ်ပြီး အသင်းကြီးမှာ အသက် ၁၆ နှစ်တည်းနဲ့ ပါဝင်ခွင့် ရခဲ့ပေမယ့် အေစီမီလန်မှာ ဒါမီယန် မအောင်မြင်ခဲ့ပါဘူး။

ပါဒိုဗာအသင်းမှာ တစ်နှစ် အငှားသွားရောက်ကစားပြီးတဲ့နောက် ၂၀၁၀ ခုနှစ်မှာ ပါလာမိုအသင်းထံ ပြောင်းရွှေ့ခဲ့ပါတယ်။ ပါလာမိုအသင်းမှာဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရပြီး တစ်ရာသီသာ ကစားခဲ့ကာ ၂၀၁၁ မှာ တိုရီနိုအသင်းကို ရောက်ရှိသွားခဲ့ပါတယ်။

တိုရီနိုအသင်းမှာတော့ ဒါမီယန်ဟာ ပုံမှန်ပွဲထွက်ခွင့် ရရှိခဲ့ပြီး ခြေစွမ်းပြ ကစားနိုင်ခဲ့ပါတယ်။ အခုဆိုရင် တိုရီနိုအသင်းအတွက် ကစားပေးခဲ့တာ ပွဲ ၁၃၀ ကျော်သွားပြီ ဖြစ်ပါတယ်။ တိုရီနိုအသင်း ယူရိုပါလိဂ်ဝင်ခွင့်ရခဲ့ပြီး ဥရောပအထိ ခြေစွမ်းတက်ပြခဲ့ရာမှာ ဒါမီယန်က အဓိက နောက်ခံကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

ကလပ်မှာ ခြေစွမ်းပြနိုင်တာကြောင့် ၂၀၁၄ ခုနှစ်မှာ နည်းပြပရင်ဒယ်လီက အီတလီလက်ရွေးစင်အသင်းမှာ ရွေးချယ်ခဲ့ပါတယ်။ အီတလီအသင်းနဲ့အတူ ကမ္ဘာ့ဖလားကို သွားရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး အုပ်စုပွဲသုံးပွဲလုံးပါဝင်ကစားခွင့်ရခဲ့ပေမယ့် အီတလီတို့ နောက်တစ်ဆင့်ကို မတက်ရောက်နိုင်ခဲ့ပါဘူး။ ၂၀၁၄ ခုနှစ်အတွက် အကောင်းဆုံး အီတလီလက်ရွေးစင်ကစားသမားကို ရွေးချယ်ရာမှာတော့ ဒါမီယန် ရခဲ့ပါတယ်။ အခုအချိန်မှာ ဒါမီယန်ဟာ အီတလီလက်ရွေးစင်အသင်းအတွက် ၁၃ ပွဲ ပါဝင်ကစားထားပါတယ်။

ဒါမီယန်ရဲ့ အားသာချက်က ဘာလဲ
-------------------------------------

ဒါမီယန်ကို နောက်တန်းအစွန်ကစားသမားအဖြစ် လူသိများပါတယ်။ ဟုတ်ပါတယ်။ သူဟာ ညာနောက်ခံကစားသမားတစ်ဦးပါ။ ညာတောင်ပံတစ်လျှောက် အတက်၊ အဆင်းကစားပြီး ပြိုင်ဘက်တောင်ပံကစားသမားတွေကို မာမာထန်ထန် တားဆီးကစားနိုင်စွမ်းရှိသူပါ။ သူ့ရဲ့ အားသာချက်နောက်တစ်ခုက လိုအပ်လာရင် နောက်ခံအတွင်းလူအဖြစ်ပါ ကစားနိုင်တာပါပဲ။

ဒီလိုအားသာချက်တွေနဲ့ ခြေစွမ်းပြမှုတွေကြောင့် ဥရောပတစ်လွှားက အသင်းကြီးတွေက ဒါမီယန်ကို မျက်စိကျလာကြပါတယ်။

မန်ယူနည်းပြ ဗန်ဟားလ်ကလည်း ဒါမီယန်ဟာ မန်ယူအသင်းရဲ့ တိုက်စစ်ပုံစံကို ပြောင်းလဲပေးနိုင်မယ့် နောက်ခံအစွန်လူလို့ ယုံကြည်လျက်ရှိနေပါတယ်။ ပြီးခဲ့တဲ့ ရာသီကဆိုရင် မန်ယူအသင်းရဲ့ ညာနောက်ခံလူနေရာမှာ ကစားသမားတိတိကျကျ မရှိခဲ့ဘဲ ပွဲအများစုမှာ ဗလင်စီယာကို အသုံးပြုခဲ့ရပါတယ်။ ဒါကြောင့် ပြိုင်ဘက်အသင်းတွေရဲ့ အဓိကပစ်မှတ်နေရာမျိုးဖြစ်ခဲ့ရပါတယ်။ ဒါကြောင့် ဗန်ဟားလ်က ဒီနေရာကို ပြင်ဆင်အားဖြည့်ဖို့ ကြိုးပမ်းနေတာပါ။

ညာနောက်ခံနေရာမှာ ဒါမီယန်ကို အသုံးပြုပြီး ဘယ်နောက်ခံနေရာမှာ လုခ်ရှောသာ ကြံ့ခိုင်မှု အပြည့်နဲ့ ကစားနိုင်မယ်ဆိုရင် မန်ယူအသင်းရဲ့ နောက်တန်းအစွန်နှစ်ဖက်က မန်ယူပရိသတ်တွေအတွက် စိတ်လှုပ်ရှားစရာ ဖြစ်လာပါလိ့မ်မယ်။

ကိုးကား စကိုင်းစပေါ့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly