မ“အ”အောင် မနှေးအမြန် လုပ်ကြရပါလိမ့်မယ်

မ“အ”အောင် မနှေးအမြန် လုပ်ကြရပါလိမ့်မယ်
ပဲခူးတိုင်း ဒိုက်ဦးမြို့နယ် ဆင်ဇလုပ်ကျေးရွာရှိ အခြေခံပညာ မူလတန်းလွန်ကျောင်းရှိ မူလတန်းပညာသင်ယူနေသည့် ကျောင်းသူကျောင်းသားများအား သြဂုတ်လ ၂၅ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - ဟောင်ဆာ (ရာမည)

ပြီးခဲ့တဲ့ရက်ပိုင်းတွေ အတွင်းတုန်းက အခြေခံပညာအထက်တန်း စာမေးပွဲအောင်စာရင်း ဂယက်တွေကြောင့် တတိုင်းပြည်လုံး လှုပ်လှုပ်ရှားရှားရှား ရှိခဲ့ပါသေးတယ်။ ဘာသာစုံ ဂုဏ်ထူးရရှိကြတဲ့   ကျောင်းသားများရဲ့သတင်းနဲ့အတူ ကျူးကျော်တဲနဲ့ နေထိုင်ရတဲ့ မိသားစုဝင်ကျောင်းသားတစ်ဦး ဘာသာစုံဂုဏ်ထူးရတယ်ဆိုတဲ့ သတင်းအထိ လူအများစိတ်ဝင်စားခဲ့ကြပါတယ်။

ဒီလိုသတင်းတွေနဲ့အတူ ကျန်တဲ့ဘာသာတွေ အမှတ်ကောင်းပြီး အထူးသဖြင့် လေးဘာသာမှာ ဂုဏ်ထူးရထားပြီး တစ်ဘာသာထဲ အောင်မှတ်အောက် ၂ မှတ်နည်းရလို့ စာမေးပွဲရှုံးရတဲ့   ကျောင်းသားကလေးရဲ့သတင်းကိုလည်း လူတွေ စိတ်ဝင်စားခဲ့ကြပါတယ်။ မြန်မာနိုင်ငံ ပညာရေးစံနစ် ဘယ်လဲဘာလဲဆိုတဲ့ မေးခွန်းအထိ မေးလာကြသူတွေ ရှိပါတယ်။

တစ်ခါ ထူးခြားပြီး စိတ်ဝင်စားဖို့လည်းကောင်းပြီး ထိတ်လန့်ဖို့လည်းကောင်းတဲ့သတင်းက တက္ကသိုလ်မှာ သမိုင်းဘာသာရပ်ယူသူ မရှိသလောက်နည်းပါးနေပြီဆိုတဲ့သတင်းကို ကြားလိုက်ကြရပါသေးတယ်။  ဒီသတင်းကတော့ ထိတ်လန့်ဖို့ကောင်းတဲ့သတင်းလို့ပဲ ပြောရမယ်ထင်ပါတယ်။

ဘယ်အတန်း ဘယ်ကျောင်းမှာပဲဖြစ်ဖြစ် ဘာသာရပ်တိုင်း သူ့နေရာနဲ့သူ အရေးပါကြတာချည်းပါပဲ။ ဒါပေမယ့် ပြဌာန်းထားပါရဲ့နဲ့ ယူတဲ့သူမရှိဖြစ်ကြရတာရယ် အဲဒီ ယူတဲ့သူမရှိလို့ ဖြစ်ပေါ်လာနေတဲ့ အကျိုးဆက်ရယ်ကို တွေးမိရင်တော့ အဲဒီ ယူတဲ့သူမရှိဖြစ်ရတဲ့ ဘာသာရပ်ကိစ္စ ဆွေးနွေးကြဖို့ အဖြေရှာကြဖို့ ပြင်ဆင်ကြဖို့ လိုအပ်တာကတော့ အသေအချာပါပဲ။ ဒါဟာ ပေါ့ပေါ့တန်တန် သဘောထားရမယ့်ကိစ္စမဟုတ်သလို အချိန်ဆွဲထားပြီးမှ ဖြေရှင်းရမယ့်ကိစ္စလည်းမဟုတ်ပါဘူး။

မှန်ပါတယ်။ သမိုင်းဘာသာရပ်ယူူတဲ့ ကျောင်းသားဟာ ကျောင်းကထွက်တဲ့အခါ် ကိုယ်ယူခဲ့တဲ့ ဘာသာရပ်အပေါ်မူတည်ပြီး ဝင်ငွေကောင်းတဲ့အလုပ်တွေ မရနိုင်လို့ ဒီသမိုင်းဘာသာရပ်ကို ယူတဲ့ကျောင်းသား မရှိတော့တာဖြစ်တယ်ဆိုတာ မှန်ပေမယ့် ဒီအဖြစ်အပျက်ကြီးဟာ တိုင်းပြည်အတွက် ဘယ်လောက်အထိ နစ်နာထိခိုက်စေသလဲဆိုတာ စဉ်းစားရမယ့် ကိစ္စကြီးဖြစ်ပါတယ်။ သမိုင်းဘာသာရပ် ယူလို့သင်လို့ ကျောင်းကထွက်ရင် အဲဒီကျောင်းသား အလုပ်အကိုင်အခွင့်အလမ်း နည်းပါးတာထက် နောင် ဖြစ်ပေါ်လာမယ့် အကျိုးဆက် ဆိုးကျိုးက  ပိုပြီး ကြီးမားလှပါတယ်။

တကယ်တော့ သမိုင်းဆိုတာ အရေးကြီးပါတယ်။ လူတိုင်း သမိုင်းသိသင့်တယ်။ လူတိုင်း သမိုင်းကို နားလည်သင့်တယ်။ လူတိုင်း သမိုင်းကို ကိုယ်တိုင်ဖန်တီးနေတာပါလားအထိ သိနေသင့်တယ်။ လူတွေ သမိုင်းမသိရင် လူတွေ သမိုင်းကိုစိတ်မဝင်စားရင် ကွယ်လွန်သူ သမိုင်းပညာရှင်ကြီး ဒေါက်တာသန်းထွန်းပြောသလို လူ“အ” တွေချည်းပဲ ဖြစ်ကုန်တော့မှာသေချာသွားပြီဖြစ်ပါတယ်။

သမိုင်းမသိလို့ လူတွေ “အ” သွားပြီဆိုရင် သူများလိမ်တာ ခံရမှာ သေချာသွားပြီပေါ့ဆိုတဲ့အခြေခံအချက်နဲ့တင် ဆိုးကျိုးက ကြီးပါတယ်။ “အ”တဲ့လူထုကြီးကို နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ အတွေးအခေါ်အရ၊ လူမှုရေးအရ၊ မရိုးသားသူများ ကိုယ်ကျိုးအတ္တသမားများက အလွယ်တကူ လိမ်စားလို့ ရနိုင်ပါတယ်။ အလွယ်တကူ လိမ်ညာပြီး လမ်းမှားကို တွန်းပို့နိုင်ပါတယ်။ အလွယ်တကူ ဝါဒမှိုင်းတိုက်ပြီး သူတို့လိုရာလမ်းကို လျှောက်ခိုင်းစေနိုင်ပါတယ်။ ဒါဟာ သမိုင်းမသိလို့ “အ”သွားတဲ့ လူထုကြီးကို ဒုက္ခအမျိုးမျိုးပေးခဲ့တဲ့ သမိုင်းသင်ခန်းစာတွေပါပဲ။

ဒီလို သမိုင်းအသိ သမိုင်းအမြင် သမိုင်းသင်ခန်းစာမသိတဲ့လူထုကြီးဟာ ရန်သူကို မိတ်ဆွေထင်ချင် ထင်လာနိုင်သလို မိတ်ဆွေကိုလည်း ရန်သူလို့ ထင်ချင်ထင်စေနိုင်ပါတယ်။ လူဆိုးသူခိုးကို သူူတော်စဉ်လို့ မြင်သွားနိုင်သလို သူတော်စဉ်ကိုကြတော့ လူဆိုးလို့ မြင်နိုင်ပါတယ်။

အထူးသဖြင့် ကျိုးကြောင်းဆင်ခြင် ဝေဖန်သုံးသပ်နိုင်စွမ်းရှိဖို့ဆိုတာ သမိုင်းကိုသိမှု အတိုင်းအတာပေါ်မှာလည်း အများကြီးမူတည်တယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ဒါမှသာ သမိုင်းမှာ ဘယ်လူမျိုးတွေ ကျဆုံးခဲ့သလဲ၊ ဘာ့ကြောင့်ကျဆုံးရသလဲ။ သမိုင်းမှာ ဘယ်သူတွေအောင်ပွဲခံကြရသလဲ၊ ဘာ့ကြောင့်အောင်ပွဲခံကြရသလဲဆိုတဲ့ မှန်ကန်တဲ့ ဝေဖန်ဆန်းစစ်နိုင်မှု ရှိဖို့ဆိုရင် သမိုင်းသိကြရပါလိမ့်မယ်။

ဒီနေရာမှာ မိမိတို့လူမျိုးတချို့ အဲသလို သမိုင်းမသိလို့၊ “အ”လို့ ကြုံတွေ့ကြရတဲ့ အဖြစ်အပျက်တချို့ ရှိပါတယ်။ အခုတလော ကြားသထက်ကြားလာရတဲ့ သတင်းအချို့အရဆိုရင် ဂဠုန်ဦးစောတို့၊ မှုံကြီးတို့လို လူသတ်ကောင်တွေကို သတ္တိိရှိတဲ့သူရဲကောင်းဆိုတာမျိုး၊ ရေအောက်က ခေါင်းလောင်းကြီးကို နဂါးကြီးက ပတ်ထားတယ်ဆိုတာမျိုး၊ ဂျပိုးကို လိပ်ဖြစ်အောင်ပြောနေတာကို လူအများက ဝိုင်းပြီးရှင်းပြနေသည့်တိုင် အဲဒီ လိပ်ဆိုတာကိုပဲ ယုံကြည်တတ်ကြတာမျိုး၊ မယုံကြည်သင့်တာကို ယုံကြည်၊ အားမပေးထိုက်သူကို အားပေး၊ မဝန်းရံထိုက်သူကို ဝန်ရံတတ်ကြတဲ့သူတွေ ရှိနေ ပေါ်ပေါက်နေကြတယ်ဆိုတာ သမိုင်းမသိတဲ့သူတွေ များလာလို့ဖြစ်တယ်ဆိုတာ ငြင်းနိုင်ကြမယ်မထင်ပါဘူး။

ဒါကြောင့်မို့ နိဂုံးချုပ်ရရင် မိမိတို့ရဲ့ပညာရေးစနစ်မှာ သမိုင်းဘာသာရပ် နေရာမှန်ပြန်ရောက်ပြီး မိမိတို့လူမျိုး မ“အ” အောင်ကြိုးစားကြရမည်သာဖြစ်ကြောင်း မဇ္ဈိမက တိုက်တွန်းလိုက်ပါတယ်။

Mizzima Weekly