မြောက်ဥက္ကလာ ၂စျေးအတွင်း ဆိုင်အချို့တွင် အရောဆီများ စစ်ဆေးတွေ့ရှိ

မြောက်ဥက္ကလာ ၂စျေးအတွင်း ဆိုင်အချို့တွင် အရောဆီများ စစ်ဆေးတွေ့ရှိ

ရန်ကုန်၊ ဇွန်  ၂၃ ။  ။ ရန်ကုန်မြို့၊ မြောက်ဥက္ကလာပ အမှတ်(၂)ဈေးအတွင်း စီးပွားကူးသန်းက ရောင်းချနေသည့် စားသောက်ကုန်ပစ္စည်းများကို ဇွန် ၂၃ရက်က လိုက်လံ စစ်ဆေးခဲ့ရာ စားသုံးဆီအချို့ အရောဆီများ ပါနေသည်ကို စစ်ဆေးတွေ့ရှိခဲ့သည်။

နာမည်ကြီး ကုမ္ပဏီ တံဆိပ်ပါ စားသုံးဆီအချို့ ပဲဆီမစစ်ဘဲ အရောဆီများ တွေ့ရှိကြောင်း နှင့် ဖုန်းနံပါတ်၊ လိပ်စာမပါဝင်ဘဲ တင်သွင်းရောင်းချနေသည့် စားသုံးဆီများ ဈေးကွက်အတွင်းသို့ ရောက်ရှိနေကြောင်း စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာ ဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ချိုကပြောသည်။

ဈေးအတွင်း စစ်ဆေးတွေ့ရှိမှုတွင် ပဲဆီဟုဆိုကာ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချနေသည့်အထဲတွင် ယိုးဒယားအမှတ်တံဆိပ်ဖြင့် တင်သွင်းလာသည့်ဆီအချို့ အပြင် နာမည်ကြီးအမှတ်တံဆိပ်အချို့လည်း ပါဝင်နေသည်ဟုဆိုသည်။ ယင်းအပြင် အချိန်တွယ်ဖြင့် ရောင်းသည့် ပဲဆီအချို့ကို စစ်ဆေးရာတွင် အရောဆီများပါနေသဖြင့် ယင်းဆီများ၏ မူလကုမ္ပဏီကို လိုက်လံစစ်ဆေးသည့် ဌာနဆိုင်ရာများက မေးမြန်းရာတွင် ၎င်းတို့မှာ မဟာမိတ် နှင့် ငွေသဇင်မင်းဆီများဖြစ်သည်ဟု ဆိုင်ရှင်အချို့က ပြန်လည်ဖြေကြားသည်ဟုလည်း ဆိုသည်။ 

"ပဲဆီ ဒီဈေးနှုန်းနဲ့ ဘယ်လို့လုပ်ရမှာလဲ။ အရောပဲ ရမှာပေါ့။ အဲလို့ နာမည်ကြီးဆီတွေကပါ အရောဆီနဲ့လုပ်တော့ အန်တီတို့က ဘယ်လို့လိုက်ထိန်းမလဲ။ ဒီဈေးနှုန်းနဲ့ထုတ်တော့ အရောပဲ ရမှာပေါ့။"ဟု ၎င်းကပြောသည်။

ဇွန်  ၂၃ရက်က စားသုံးသူများ ကာကွယ်ပေးရေးအကြောင်း သိကောင်းစရာ ဟောပြောဆွေးနွေးပွဲကို မြောက်ဥက္ကလာပ (၂)ဈေးအတွင်း ပြုလုပ်အပြီး လိုက်လံ စစ်ဆေးခဲ့ရာ၌ ယခုကဲ့သို့ တွေ့ရှိခဲ့ခြင်းလည်းဖြစ်သည်။ 

"ယခုစစ်ဆေးမှုများကို ပညာပေးကာလ ဖြစ်သည့်အတွက် ဆီက အရောဆီလား၊ စားအုံးဆီကို ပဲဆီအနံထည့်ထားတာလားဆိုတာကို နမှုနာယူပြီး ဓာတ်ခွဲကြည့်ရအုန်းမယ်။ အရေးယူမှုအပိုင်းကတော့ တိုင်းကြားတဲ့သူရှိရင်တာ့ အရေးယူပါမယ်"ဟု ဒေါ်မြင့်မြင့်ချိုကပြောသည်။

စစ်ဆေးမှုတွင် စားသုံးဆီများအပါအဝင် နာမည်ကြီး အမှတ်တံဆိပ် ဖျော်ရည်ပုလင်းများ၊ အချိုမှုန့်များလည်း လိပ်စာ နှင့် ထောက်ခံချက်မပါဘဲ ရောင်းချနေသည်ကို တွေ့ရှိရသည်ဟု ဆိုသော်လည်း အမည်နာမ ထုတ်ဖော်ပြောဆိုရန်ကိုမူ စစ်ဆေးသူများက ငြင်းဆိုခဲ့သည်။ 

ဈေးရောင်းချသည့် ဆိုင်ရှင်များကိုလည်း ကုန်ပစ္စည်းအမှတ်တံဆိပ်ကို နောက်ကြောင်းပြန်လိုက်နိုင်ရန် ဖုန်းနံပါတ်၊ လိပ်စာ၊ သက်တမ်းကုန်ဆုံးရက်မပါပါက ရောင်းချမှု မပြုရန် ပညာပေးခဲ့သေးသည်ဟု ဒေါ်မြင့်မြင့်ချိုက ပြောသည်။ 

မြောက်ဥက္ကလာပမြို့နယ်တွင် ၁ရက်ကွက်၊ ၂ရက်ကွက် နှင့် ကျောက်ရေတွင်း ရပ်ကွက်များတွင် ရပ်ကွက်အလိုက် အုပ်ချုပ်ရေးမှူးရုံးများတွင် ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးရာ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါများ အများဆုံး တွေ့ရှိရကြောင်း နှင့် ထိုသို့ဖြစ်ပွားရခြင်းမှာ မသန့်ရှင်းသည့် ဆီများစားသုံးမှုကလည်း တစ်စိတ်တစ်ဒေသပါဝင်ကြောင်း မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ ကျန်းမားရေး ဦးစီးဌာမှ လက်ထောက် ဆရာဝန် ဒေါက်တာမို့မို့ဝင်းကပြောသည်။

"ကျွန်မတို့ တစ်နေ့ထဲမှာ လူနာအယောက် ၂၅၀ ကိုကြည့်ခဲ့တာ တူရာတူရာ အုပ်စုတွေ ဘယ်သူတွေက ရောဂါများလဲ အုပ်စုခွဲလိုက်တာ နှလုံး၊ သွေးတိုး၊ ဆီချိုက အများဆုံးပဲ။"ဟု ၎င်းကပြောသည်။ 

FDA  အနေဖြင့် ရက် ၁၀၀ စီမံချက်အဖြင့် စာသင်းကျောင်း၊ ဈေး နှင့် အစားအသောက်ထုတ်လုပ်သည့် စက်မှုဇုန်များတွင် ပညာပေး ဟောပြောပွဲများ ပြုလုပ်ကျင်းပလျှက်ရှိပြီး ဇွန် ၂၃ရက်ကလည်း မြောက်ဥက္ကလာ ၂ရပ်ကွက်ဈေးတွင် အစားသောက် ဆေးဝါအပါအဝင် အလှကုန် ပစ္စည်းများ ရောင်းချနေရာ၌ ပြည်သူလူထု အခြေခံစားသုံးသည့် ကုန်ပစ္စည်းများတွင် အရောင်းဆိုးဆေးပါဝင်မှုနှင့်  စားသုံးရန်မသင့်သည့် စားသောက်ကုန်များ၊ ပြည်ပမှ ဝင်ရောက်လာသည် ကုန်ပစ္စည်းများတွင် တိကျသည့် သတ်မှတ်ချက်များ မပါဝင်သည့် အကြောင်း ဆွေးနွေးဟောပြောခဲ့သည်။ 

ယင်းပွဲတွင်  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ မြောက်ဥက္ကလပမြို့နယ် အမှတ် (၂) ဈေး၊  ကျန်းမားရေးနှင့် အားကစားဝန်ကြီးဌာန အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (ရန်ကုန် ရုံးခွဲ) တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့သည်။

 

 

စားသုံးသူရေးရာ ဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးက မြောက်ဥက္ကလာပ(၂)ရပ်ကွက် ဈေး၌ ဟောပြောပွဲကို FDA နှင့် အသိပညာပေး ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

၎င်းနောက် ဈေးအတွင်းရှိ စားသုံးဆီများကို လေ့လာကြည့်ရှုရာ နာမည်ကြီး အမှတ်တံဆိပ် တစ်ခုဖြစ်သော ထွန်းတောက်နိုင် ကုမ္ပဏီမှ ထုတ်လုပ်ရောင်းချလျက်ရှိသည့် ငွေသဇင်မင်း မြေပဲဆီသန့်ကို အရောဆီဟု ကျွန်တော်တို့ မဇ္ဈိမ သတင်းဌာန Website နှင့် မဇ္ဈိမ သတင်းဌာန၏ ဖေ့စ်ဘုတ် စာမျက်နှာများတွင် ၂၃.၆.၂၀၁၆ နေ့မှ ၂၈.၆.၂၀၁၆ အထိ မှားယွင်းစာ ဖော်ပြခဲ့မိပါသည်။

မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီဌာန (FDA)နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စားသုံးသူရေးရာ ဝန်ကြီးဌာနတို့၏ အတည်ပြုချက်ကို ရယူမှု မရှိသည့်အပြင် မိမိ၏ ထင်မြင်ယူဆချက် သက်သက်ဖြင့် သတင်းကို မှားယွင်း ဖော်ပြခဲ့ပါသည်။

ငွေသဇင်မင်း မြေပဲဆီသန့်မှာ FDA ထောက်ခံချက်အမှတ် စ-၁၂/၁၀၀၀၈/ထလ ရရှိထားပြီ ဖြစ်ကြောင်းလည်း သိရှိရပါသည်။

ထို့ကြောင့် ငွေသဇင်မင်း မြေပဲဆီသန့်၏ ထိခိုက်နစ်နာမှုကို သိရှိနားလည်ပါသဖြင့် သတင်းမှားယွင်း ဖော်ပြမှုများအပေါ်-

(၁)     မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန

(၂)     မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဦးစီးဌာန လက်အောက်ရှိ စားသုံးသူရေးရာ ဦးစီးဌာနနှင့်

(၃)     ထွန်းတောက်နိုင် ကုမ္ပဏီ ငွေသဇင်မင်း မြေပဲဆီသန့်တို့အား အများပြည်သူ သိရှိနိုင်ပါရန် အနူးအညွတ် ဝန်ချ တောင်းပန်အပ်ပါသည်။

 

                                                                   မဇ္ဈိမသတင်းဌာန

 

ဦးမြင့်ချို (ညွှန်ကြားရေးမှူး)  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ရန်ကုန်တိုင်း။

မေး။    ။ စားသုံးသူ ဦးစီးဌာနကနေ ဈေးကွက်အတွင်း လိုက်လံစစ်ဆေးမှုတွေ ပြုလုပ်နေတာရှိပါတယ်။ အဲ့ဒီ့မှာ တွေ့ရှိချက်တွေကို ဘယ်လိုဆက်လက်ဆောင်ရွက်မှုတွေ ရှိပါလဲ။ ရှင်းပြပေးပါ။

ဖြေ။  ။ စားသုံးသူတွေအနေနဲ့ ဘေးအန္တရာယ် ဖြစ်စေနိုင်တဲ့ အစားအသောက်၊ လူသုံးကုန်တွေ ကိုယ်ပေးလိုက်တဲ့ ငွေကြေးနဲ့ ထိုက်တန်မှုမရှိတဲ့ ကုန်ပစ္စည်းနဲ့ ကိုက်ညီမှုမရှိတာတွေကို မသုံးမိစေဖို့  အတွက် ကျွန်တော်တို့ဌာန အနေနဲ့ အသိပညာပေး လုပ်ငန်းတွေ လုပ်ကိုင်ပါတယ်။ နောက်ဈေးကွက်ထဲမှာ စားသုံးရန်မသင့်တဲ့ အစားသောက်တွေ ကုန်ပစ္စည်းတွေကို ပုံမှန်ကွင်းဆင်း စစ်ဆေးပါတယ်။ လုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်။

မေး ။  ။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ မြောက်ဥက္ကလာပ (၂) ဈေးအတွင်း လိုက်လံစစ်ဆေးမှုမှာ ငွေသဇင်မင်းဆီမှာ အရောဆီပါဝင်နေတာကို ဖော်ပြခဲ့တယ်။ အဲဒါမဟုတ်ဘူးလို့လည်း သိရတဲ့အပေါ်မှာ ဆရာတို့အနေနဲ့ ဘာပြောချင်ပါသလဲ။

ဖြေ ။  ။ အဲဒီသတင်းနဲ့ ပတ်သက်ပြီး မဇ္ဈိမ သတင်းဌာနမှာ  ၂၃  ရက်နေ့က မြောက်ဥက္ကလာပမှာ ကွင်းဆင်တဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ချိုကို ၂၄ ရက်နေ့မှာ ခေါ်မေးတယ်။ ၂၄ရက်နေ့ မနက်မှာ  ခေါ်မေးပါတယ်၊ ကွင်းဆင်းတဲ့အခါ မဟာမိတ်ဆီနဲ့ ငွေသဇင်မင်းဆီက အရောဆီတွေ ပါနေတယ်လို့ ရေးထားတာတွေ့တော့ တာဝန်ရှိတဲ့ သူကို ဘာတွေ ပြောခဲ့သလဲခေါ်မေးတဲ့အခါမှာ ဒေါ်မြင့်မြင့်ချိုအနေနဲ့  လုံးဝမပြောကြောင်း ပြန်ပြောပါတယ်။ အဲဒါဆိုရင် ဂျာနယ်က မှားယွင်းဖော်ပြတာဖြစ်နိုင်တဲ့အတွက် မှားယွင်းဖော်ပြတာ ဖြစ်ခဲ့ရင် ငွေသဇင်မင်း ကုမ္ပဏီ အနေနဲ့ ထိခိုက်မှုများမယ်။ အငြင်းပွားမှုတွေနဲ့ နောက်ဆက်တွဲ မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်နိုင်တဲ့အတွက် ဂျာနယ်ကို ဆက်သွယ်ပါ။ အရေးအသားကို  ပြန်လည်ရုပ်သိမ်းပေးဖို့ ပြန်လည်ညှိနှိုင်းပေးပါလို့ ဒေါ်မြင့်မြင့်ချိုကို ဆက်သွယ်ခိုင်းပါတယ်။  ဆက်သွယ်ခိုင်းတော့ ပြေလည်မှု ရရှိပြီးလို့ ပြန်ပြောတဲ့ အတွက် မဇ္ဈိမ ဝက်ဆိုက်ကို ပြန်ဖွင့်ကြည့်ခိုင်းတော့  ကျွန်တော်ပဲ သေချာအသေးစိတ်မကြည့်ဖြစ်လိုက်တာလည်းဖြစ်မယ်။ web  page ကပြုတ်သွားပြီး   ဒါမပါတော့ဘူးလို့ နေတဲ့အချိန် ၂၇ ရက်နေ့က ငွေသဇင်မင်း ပိုင်ရှင် ဦးအောင်ရွှေက တိုက်ရိုက်ဆက်သွယ်လာပါတယ်။ မီဒီယာမှာ မှားယွင်းဖော်ပြတဲ့ အတွက် အများကြီး ထိခိုက်နစ်နာတဲ့အတွက် ဖြေရှင်းပေးပါလို့  ဒါကိုမဖြစ်မနေဖြေရှင်းဖို့လိုလာလို့  ဂျာနယ်တိုက်ကိုဖြေရှင်းရခြင်းဖြစ်ပါတယ်။

 

မေး။  ။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဘာပြောချင်ပါသလဲ။

ဖြေ ။  ။ သတင်းထောက်အနေနဲ့ အားနည်းချက်နှစ်ပိုင်းတွေရတယ်။  သတင်းတစ်ခုကို ခိုင်မာမှုမရှိဘဲ တည်ဆောက်တာရယ်။ ဌာနဆိုင်ရာက အရာရှိကပြောတဲ့ စကားကို အတည်ပြုချက်မယူဘဲ မပြောဘဲ ပြောသလိုရေးတဲ့အပိုင်းနှစ်ပိုင်းသွားတွေ့ပါတယ်။ စားသုံးသူ ဦးစီးဌာန အနေဖြင့် ကွင်းဆင်စစ်ဆေးရင်  ကိုယ့်တာဝန်ကဘာလဲ ကိုယ်လုပ်ပိုင်ခွင့်က ဘာလဲ အသေးစိတ်ညွှန်ကြားထားပါတယ်။ လက်ထောက် ညွှန်ကြားရေးမှူးတစ်ယောက်အနေနဲ့  စည်းလွတ်ဝါးလွတ် ပြောတာ မဟုတ်ပါဘူး။ ဘေးကပြောလိုက်တာကို မှားယွင်းကြားပြီးရေး လိုက်တယ်လို့ ယူဆရတဲ့ အတွက် ပြန်ပြီး ရှင်းလင်းရခြင်းဖြစ်ပါတယ်။ တစ်ဆက်ထဲ ဌာန အနေနဲ့ ဈေးကွက်ထဲစစ်ဆေးပြုလုပ်တဲ့အခါ အများပြည်သူအန္တရာယ် ထိခိုက်နိုင်တဲ့ ပစ္စည်းတွေ အမှတ်တံဆိပ် လူသုံးကုန်၊ ကုန်ပစ္စည်း၊ စားသုံးကုန်မျိုးစုံတွေ့ခဲ့ရင် စားသုံးသူ ကာကွယ်ပေးရေး ဥပဒေတွင် ဈေးကွက်ထဲ တိုက်ရိုက်သိမ်းဆည်းခွင့်မရှိပါဘူး။ ဒီလိုကုန်ပစ္စည်းမျိုးတွေ့ခဲ့ရင် ကျွန်တော်တို့ ကုန်ပစ္စည်းမျိုးကို  ကွင်းဆင်စစ်းဆေးတာတွေခဲ့ရင် အရင်ဆုံး ဌာနကွင်းဆင်း စစ်ဆေးအရာရှိ ဌာန တိုင်းဦးစီးမှူးကို အရင်သတင်းပို့ရပါတယ်။ သူသွားစစ်ဆေးတဲ့ နေရာမှာ ဘယ်လိုနေရာမှာ ဘယ်လိုကုန်ပစ္စည်းတွေ  ဘာပစ္စည်းတွေ့တယ်ဆိုတာကို သံသယရှိတဲ့ အဆင့်ပဲရှိသေတယ်။  ဒီပစ္စည်းက စားသုံးရန်သင့်မသင့်ကို  အတိအကျ စွပ်စွဲလို့မရဘူး။ ဒါကို FDA ဓာတ်ခွဲခန်းကိုပို့ပြီး အဖြေထုတ်ပြီးမှာ ကောက်ချက်ချရပါတယ်။ အရင်ဆုံး ကွင်းဆင်းစစ်ဆေးတဲ့အရာရှိက သူသံသယရှိတဲ့ ပစ္စည်းတွေကို တင်လာတဲ့အခါမှာ စည်ပင်သာယာနဲ့ ပတ်သက်တာတွေကို စည်ပင်သာယာဘက်ကို အကြောင်းကြားရတယ်။ FDA  နဲ့ပတ်သက်တဲ့ ကုန်ပစ္စည်းတွေ၊ စားသောက်ကုန်၊ အလှကုန်တွေ အကြောင်းကြားရတယ်။ စစ်ဆေးတဲ့နေရာမှာ ဒီပစ္စည်းတွေကို တွေ့နေရတယ် စားသုံးရန်မသင့်ဘူး။ ထိထိရောက်ရောက် အရေးယူပေးပါ ဆက်သွယ်ပေါင်းစပ် ချိတ်ဆက်ပြီး  ဆောင်ရွက်နေပါတယ်။ FDA ပြန်ပြီး လိုက်လံစစ်ဆေးတဲ့အခါမှာလည်း စားသုံးသူ ဦးစီးဌာနအနေနဲ့ လိုက်ပါဆောင်ရွက်နေပါတယ်။

 

ဦးအောင်ရွှေ  စီမံခန့်ခွဲမှု  ဒါရိုက်တာ

ငွေသဇင်မင်းဆီကုမ္ပဏီ

 မဇ္ဈိမမှာဖော်ပြလိုက်တဲ့ မြောက်ဥက္ကလပ (၂)ဈေးမှာ ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့  ကြီးကြီးမားမား နစ်နာမှု ဖြစ်သွားတဲ့အတွက်  မီဒီယာကနေ ပြန်လည်ဖြေရှင်းပေးစေချင်တယ်။ မီဒီယာအနေနဲ့ နာမည်ကြီး ကုမ္ပဏီတံဆိပ်ပါ စားသုံးဆီ အချို့ ပဲဆီမစစ်ဘဲ အရောဆီများတွေ့ရှိကြောင်းနှင့် ဖုန်းနံပါတ်၊ လိပ်စာမပါဝင်ဘဲ တင်သွင်းရောင်းချသည့် စာသုံးဆီများဈေးကွက် အတွင်းသို့ ရောက်ရှိကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာ ဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ချို ကပြောသည်လို့ ရေးတယ်။ အဲ့ထဲမှာ ငွေသဇင်မင်းမပါတော့ ခွင့်လွှတ်လို့ရတယ်။

နောက်တစ်ကြောင်းမှာ  ဈေးအတွင်း စစ်ဆေးတွေ့ရှိမှုတွင် ပဲဆီဟုဆိုကာ ဈေးနှုန်း သက်သာစွာဖြင့် ရောင်းချနေသည့်အထဲတွင် ယိုးဒယား အမှတ်တံဆိပ်ဖြင့် တင်သွင်းလာသည့် ဆီအချို့လည်း ပါဝင်နေသည်ဟုဆိုသည်။ ယင်းအပြင် အချိန်တွယ်ဖြင့်ရောင်းသည့် ပဲဆီအချို့ကို စစ်ဆေးရာတွင်  အရောဆီများ ပါနေသဖြင့်  ယင်းဆီများ၏ မှုလကုမ္ပဏီကိုလိုက်လံ စစ်ဆေးသည့်ဌာန ဆိုင်ရာများက မေးမြန်းရာတွင် ၎င်းတို့မှာ မဟာမိတ် နှင့်ငွေသဇင်မင်းဆီများဖြစ်သည်ဟု ဆိုင်ရှင်အချို့က ဖြေသည်ဟု  ရေးသားထားတာ စွပ်စွဲရေးသာထားတဲ့ ငွေသဇင်မင်းနာမည် ပါလာတော့ ပြည်သူ့တွေစိတ်ထဲမှာ ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ အရောရောင်းတယ်လို့ ထင်သွားတယ်။

ငွေသဇင်မင်းဆီက သက်ဆိုင်ရာ FDA ထောက်ခံချက်လည်းရထားတယ်။ သက်ဆိုင်ရာ labour law ကိုလည်း လိုက်နာထားတယ်။ ဆီမှာရှိသင့်ရှိထိုက်တဲ့ ကျန်းမားရေးလိုင်စင်၊ လျှပ်စစ်လိုင်စင်၊ စက်မှုကြီးကြပ်၊  သက်ဆိုင်ရာလိုင်စင်အပြင် ဌာနလိုင်စင် FDA ထောက်ခံချက် နဲ့ လစဉ်တိုင်း ဓာတ်ခွဲခန်း စစ်ဆေးမှုပြုလုပ်ထားတဲ့ ခိုင်လုံနာမည် တစ်ခုကို ခိုင်လုံသက်သေအထောက်အထားမရှိဘဲ ပြောလိုက်တဲ့အတွက် ဈေးကွက် စားသုံးသူပြည်သူက ရောနှောရောင်းတယ်ထင်သွားရင် စိုးရိမ်တယ်။ သတင်းဖတ်မိသွားရင် နစ်နာမှုကကြီးမားတယ်။ စားသုံးသူ သိသွားအောင် ပြန်လည်ဖြေရှင်းပေးဖို့ပါ။ စားသုံးသူ ပြည်သူ့ပြန်လည်ယုံကြည်မှုရှိအောင် ဖြေရှင်ပေးစေချင်ပါတယ်။

 

ခင်မြတ်မြတ်ဝေမေးမြန်းသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags