မှတ်ပုံတင်သတ်မှတ်ရက် မပြည့်မီ အာဖဂန်ဒုက္ခသည် ၅၀၀ နီးပါးကို ပါကစ္စတန်က ပြန်နှင်လွှတ်

မှတ်ပုံတင်သတ်မှတ်ရက် မပြည့်မီ အာဖဂန်ဒုက္ခသည် ၅၀၀ နီးပါးကို ပါကစ္စတန်က ပြန်နှင်လွှတ်

ပတ်ရှ်ဝါ၊ ဇွန် ၂၉ ။            ။ ဒုက္ခသည်မှတ်ပုံတင်ထားခြင်း သတ်မှတ်ရက် မကျော်လွန်မီ တစ်ရက်လိုသေးသော်လည်း ပါကစ္စတန်နိုင်ငံက လုံခြုံရေးအန္တရာယ်ကြောင့် နယ်စပ်အရှေ့မြောက်ပိုင်းပြည်နယ်ရှိ  အာဖဂန်နစ္စတန်ဒုက္ခသည် ၅၀၀ နီးပါးကို ရဲကဖမ်းဆီးကာ ပြည်နှင်ဒဏ်ပေးခဲ့သည်။

ပါကစ္စတန်နိုင်ငံသည် ကမ္ဘာ့ဒုတိယအများဆုံး ဒုက္ခသည်များ ရှိနေရာနိုင်ငဖြစ်ပြီး မှတ်ပုံတင်ထားသည့် ဒုက္ခသည်ဦးရေက ၁ ဒဿမ ၅ သန်းကျော်ထက်မနည်းရှိပြီး မှတ်ပုံတင်မရှိသည့် ဒုက္ခသည်က တစ်သန်းနီးပါးရှိသည်။ ဒုက္ခသည်အများစုက ၁၉၈၀ ခုနှစ်များအတွင်း ဆိုဗီယက်ကျုးကျော်စစ်ကြောင့် ထွက်ပြေးလာကြသည့် အာဖဂန်နစ္စတန်နိုင်ငံမှ ပြည်သူများဖြစ်သည်။

ဒုက္ခသည်မှတ်ပုံတင်ရရှိသည့် အာဖဂန်နစ္စတန်ဒုက္ခသည်များက တရားဝင်ယာယီနေထိုင်ခွင့်ရရှိပြီး ခြောက်လတစ်ကြိမ် အစိုးရက သက်တမ်းတိုးပေးကာ နေထိုင်ခွင့်ပေးထားခြင်းဖြစ်သည်။

ဇွန် ၃၀ ရက် မကျော်လွန်မီ နောက်ထပ်မှတ်ပုံတင်သက်တမ်းခြောက်လထပ်တိုးမှုကို အစိုးရက ယခုအချိန်ထိ ကြေညာခွင့်ပြုပေးခြင်း မရှိသေးဘဲ ယခုကဲ့သို့ ဖမ်းဆီးမှု ပြုလာခြင်းဖြစ်သည်။

ယခု အာဖဂန်ဒုက္ခသည်များအား ဖမ်းဆီးကာ ပြည်နှင်ဒဏ်ပေးသည့် ပြည်နယ်မှာ ခိုင်ဘာပတ်တန်ခါပြည်နယ်ဖြစ်ပြီး ယင်းပြည်နယ်အတွင်း မှတ်ပုံတင်ထားပြီး ဒုက္ခသည်ပေါင်း တစ်သိန်းမျှသာ ရှိသည်။

"အာဖဂန်ဒုက္ခသည်များနဲ့ ပတ်သက်ပြီး ဒုက္ခတွေ့စေလို၍ မဟုတ်ပါဘူး။ ဒါပေမယ် သူတို့ကို ကျွန်တော်တို့ လက်ခံစောင့်ရှောက်မှုပေးထားတာ နှစ်ပေါင်း ၃၅ နှစ်ကြာခဲ့ပါပြီ။ ဒါကြောင့် သူတို့အနေနဲ့ နိုင်ငံရင်းဆီ ပြန်သင့်ချိန်လည်း ရောက်နေပါပြီ။"ဟု ပြည်နယ်ပြန်ကြားရေးဝန်ကြီး အမတ်ဂါနီက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly