အနုပညာအလုပ်ကို နားလည်ပေးမယ့်ချစ်သူဆိုရင် ပိုကောင်းမယ်လို့ ဆိုတဲ့ တေးသံရှင် နင်ဇီမေ

.

အမေရိကန် အိုင်ဒေါ သီချင်းဆိုပြိုင်ပွဲရဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း ပြုလုပ်တဲ့ မြန်မာအိုင်ဒေါ သီချင်းဆိုပြိုင်ပွဲမှာ ကြည့်ရှုသူတွေကို သတိထားမိစေခဲ့တဲ့ ပြိုင်ပွဲဝင် မိန်းကလေးတစ်ဦး ရှိခဲ့ပါတယ်။ သီချင်းဟောင်းတွေကို သူပြန်ဆိုလိုက်ရင် အသစ်တစ်ပုဒ်လိုဖြစ်သွားလို့ ပြိုင်ပွဲတစ်လျှောက်မှာ သူ့ရဲ့ ယှဉ်ပြိုင်မှုတွေကို ပရိသတ်တွေ အသိအမှတ် ပြုခဲ့ကြပါတယ်။ သူကတော့ ရဝမ် တိုင်းရင်းသူတစ်ဦးဖြစ်တဲ့ နင်ဇီမေပါ။

သူနဲ့တွေ့ဆုံမေးမြန်းခွင့်ရတဲ့အခါ  သူ့ရဲ့ မိသားစုဘ၀ အခြေအနေကို ဦးစွာပထမ သူက အခုလိုရှင်းပြပါတယ်။

“နင်ဇီမေက နင်ဆိုတာက ညီမတို့ ရဝမ်ဘာသာစကားမှာ ဒုတိယသမီးကို နင်လို့ခေါ်တယ်။ ဇီက ကျတော့ ဘယ်လိုပြောမလဲ ကချင်လိုဆိုရင်တော့ ကျောက်သေးသေး ပုံစံကိုလည်း   ပြောတယ်။ နောက်ပြီးတော့မှ ချစ်စနိုးပေါ့ သေးသေးလေးဆိုတဲ့ အရာကို ကိုယ်စားပြုတာ။ ချစ်စနိုးနဲ့ ပေးတာပေါ့။ ညီမအဖေနဲ့အမေက။ မေကျတော့ ညီမက မေပေါဆိုတော့ နင်ဇီမေဆိုပြီးတော့မှ အဖွားနဲ့ အမေနဲ့ အဖေနဲ့က အဲလိုပေးခဲ့တာ။

မောင်နှမ (၅)ယောက်ရှိတယ်။ မိန်းကလေးက နှစ်ယောက်၊ ယောက်ျားလေးက သုံးယောက်။ အကိုနှစ်ယောက်၊ မောင်လေးတစ်ယောက်၊ အကိုနှစ်ယောက်ကတော့ ဒီမှာမရှိဘူးပေါ့နော်။ နှစ်ယောက်စလုံး အဝေးမှာပဲ။ အိမ်မှာက မောင်နှမသုံးယောက်။ ညီမရယ်၊ ညီမအမရယ်၊ ညီမမောင်လေးရယ်၊ အမေရယ်ပေါ့။ အခုလောလောဆယ်တော့ လေးယောက်ရှိတယ်ပေါ့။ ဒါပေမယ့် ရန်ကုန်ကိုပြောင်းလာတာတော့ အရမ်းကြီးတော့ မကြာသေးဘူးပေါ့။ လေးနှစ်လောက်ပဲ ရှိသေးတယ်။”

နင်ဇီမေ ဘယ်လိုနည်းနဲ့ တေးသံရှင်ဘ၀ ရောက်လာခဲ့တာလဲ။ သူ့မှာ ဘယ်လိုဖြတ်သန်းမှု ရှိခဲ့ရသလဲ။ ဒါကိုလည်း သူက အခုလို ရှင်းပြပါတယ်။

“ညီမ ငယ်ငယ်လေးကတည်းက သုံးတန်း၊ လေးတန်းလောက်ကတည်းက ဘုရားကျောင်းမှာ သီချင်းဆိုတယ်။ မောင်နှမတွေ၊ အကုန်လုံးပါပဲ သူငယ်ချင်းတွေနဲ့ ငယ်ငယ်ကတည်းက သီချင်းဆိုတယ်။ ဒါပေမယ့် ခုနှစ်တန်း၊ ရှစ်တန်းလောက်မှာတော့ ပိုဝါသနာပါလာတယ် ပြောရမှာပေါ့၊ ပိုသိလာတယ်၊ ပိုပြီးတော့မှ လုပ်ချင်လာတယ်။ ဒီ အဆိုတော်ဆိုတဲ့ အလုပ်ကိုလည်းပေါ့နော်။ ပွဲတွေဘာတွေရှိရင်လည်း ပြင်ဦးလွင်မှာ ထိပ်ဆုံးကပဲ ညီမနှစ်ယောက်က တီးဝိုင်းက ခေါ်တာတွေလည်း ရှိတယ်။ သူငယ်ချင်းတွေက ခေါ်တဲ့အချိန်ဆိုရင် ညီမနှစ်ယောက် အတူတူ သွားဆိုကြတယ်။ ခုနှစ်တန်း ရှစ်တန်းကမှ စပြီးတော့ ဂီတကို ပိုပြီးတော့ ရူးသွပ်လာတယ်ပေါ့။

မြန်မာအိုင်ဒေါ ပေါ်လာတော့ အရမ်းပျော်တယ်။ ညီမ ဒီပြိုင်ပွဲကိုတွေ့တော့ အမေရိကန်အိုင်ဒေါကနေ တိုက်ရိုက်လာပြီးတော့မှ ကိုယ့်မြန်မာနိုင်ငံမှာ လာလုပ်တော့ ဘယ်လိုပြောမလဲ ညီမအတွက်တော့ အခွင့်အရေးတစ်ခုပေါ့နော်။ အခွင့်အရေး တစ်ခုပဲဆိုတော့ ပြိုင်လိုက်တယ်ပေါ့နော်။ အခုဆိုရင် မြန်မာအိုင်ဒေါကြောင့် ညီမတို့လည်း အများကြီး ကြိုးစားတဲ့အတွက်ကြောင့်မို့ ကိုယ့်ကို အားပေးတဲ့ ပရိသတ်လည်း ရှိလာတယ်။ လူလည်းသိလာတယ်။ ကိုယ်ဆက်လုပ်ရမယ့် ကိုယ်ဆက်သွားရမယ့် အနုပညာ လမ်းခရီးမှာ အများကြီး အထောက်အကူဖြစ်တာပေါ့နော်။ ”

သီချင်းဆိုပြိုင်ပွဲ မ၀င်ခင်နဲ့ ၀င်ပြိုင်တဲ့အခါ အတွေ့အကြုံကိုလည်း နင်ဇီမေက အခုလို ရှင်းပြပါတယ်။

“စပြိုင်တော့ ဘာမှန်းမသိဘူးလေ။ အမေရိကန်အိုင်ဒေါဆိုတာပဲ သိတယ်။ သိတော့သိတယ်ပေါ့နော် သူ့ရဲ့ အသွားအလာလေးတွေကို သတိထားမိတယ်။ ဒါပေမယ့် တကယ့်တကယ်ပြိုင်တော့ မတူဘူး။ ကိုယ်တွေးထားတာနဲ့ အဲလိုမျိုး ဖြစ်လာတာ မတူဘူးပေါ့နော်။ အနည်းနဲ့အများတော့ ရှိတာပဲ။ နောက် သီချင်းပိုင်းမှာလည်း ကိုယ်နဲ့ မရင်းနှီးတာတွေ ပိုများတယ် ပြိုင်ရတာ၊ ရှေ့ခေတ်သီချင်းတွေ Music အမျိုးအစားတိုင်း သွားတာမဟုတ်ဘူးလေ မြန်မာအိုင်ဒေါက သူတို့က Themes လေး တစ်ခုတစ်ခုထားပြီးတော့ Hip Song ဆို Hip Song ၊ အရင် ၁၉၈၀ တုန်းက သီချင်းပုံစံမျိုးတွေ ရုပ်ရှင်သီချင်းတွေ အဲတုန်းက ညီမတို့ မတွေးခဲ့ဘူး။ ပြိုင်ပွဲဆိုတော့ သီချင်းအမျိုးအစားလိုက် သွားမယ်ပေါ့။ အဲလိုမျိုးလေးတွေပဲ ထင်တာ။ ဒါပေမယ့် အမေရိကန်အိုင်ဒေါမှာတော့ အဲလိုမျိုးလေးတွေ တွေ့ဖူးတယ်ပေါ့နော်။ ညီမတို့ဆီမှာ လာလုပ်တော့ အများကြီး ကြိုးစားရတာပေါ့။ ကိုယ်နဲ့ ဘယ်လို လိုင်းမဟုတ်ဘူးလေ။ ဒါပေမယ့် ကိုယ့်လိုင်းမဟုတ်တော့ ကိုယ်ဘယ်လောက်ထိ လုပ်နိုင်မလဲဆိုတာကိုလည်း နဲနဲတော့ သိခွင့်ရခဲ့တယ်ပေါ့နော်။ ဒီလိုပုံစံမျိုးလည်း ငါဆိုနိုင်တာပဲ၊ ဒီလိုမျိုးလည်း ငါသွားနိုင်တာပဲ အဲလိုမျိုးလေးတွေတော့ တွေ့ခဲ့ရတာပေါ့။ နေ့တိုင်းမှာ ကိုယ်လုပ်စရာ တစ်ခုတော့ရှိတယ် အဲလိုမျိုး ဒီ ပြိုင်ပွဲ ပြီးသွားတာနဲ့ဆိုရင် သီချင်းရွေးရပြီး ချက်ခြင်း သီချင်းရွေးပြီးတော့မှ ကိုယ်ရတဲ့ သီချင်းပေါ်မှာ တစ်ညတည်း လေ့ကျင့် လေ့ကျင့်ပြီးတော့မှ နောက်တစ်နေ့ဆိုရင် သီချင်း တိုက်ပြီ အန်တီရွှေစင်နဲ့ ဆရာဥက္ကာဦးသာနဲ့က သီချင်းကို ဘယ်လိုဆိုမယ်ပေါ့ ဘယ်ကနေဘယ်လို အဖြတ်အတောက်တွေကအစ ဘယ်လိုဘယ်လိုသွားမလဲပေါ့ အဲဒါမျိုးတွေကအစ သူတို့နဲ့ တိုက်ရတာ။ အဲတော့ တစ်ရက်မှ မနားရဘူးပေါ့။ အဲအချိန်မှာ ညီမ အသံဝင်သွားတယ်၊ အသံဝင်သွားတော့ အရမ်းစိုးရိမ်တယ်၊ သီချင်းကလည်း ဟဲဗီးကြီး ဆိုရမယ်။ သုံးပုဒ်တောင်ဖြစ်တယ်၊ ဖိုင်နယ်လည်း ဖြစ်တဲ့အတွက်ကြောင့် အသံကလည်းဝင်သွားတော့ လူကလည်း တော်တော် အားနည်းနေတဲ့အချိန်ဆိုတော့ တစ်ပတ်မှလည်း မနားခဲ့ရဘူး။ ညီမ အမြဲတမ်း ပြောခဲ့သလိုပေါ့ ဒါ ကိုယ်ချစ်တဲ့အလုပ်၊ ကိုယ်လုပ်ချင်တဲ့ အလုပ်ကို လုပ်နေတာဖြစ်တဲ့အတွက် ဒီပေါ်မှာ ကြိုးစားမှုအပေါ်မှာ ရလာတဲ့ရလဒ်က ဘာကြီးပဲဖြစ်နေပါစေပေါ့ ညီမကတော့ အမြဲတမ်းခံယူဖို့ အသင့်ဆိုတာလေးကို စိတ်ထဲမှာ ထည့်ထားတယ်ပေါ့။ အဲတော့ ညီမ ကျေနပ်တယ်။ ဝမ်းသာတယ်။ အခုဆိုရင် ညီမ အလုပ်လည်း လုပ်နိုင်ပြီပေါ့နော်။ အနည်းနဲ့အများတော့ ကိုယ့်အတွက် အခွင့်အရေးတွေလည်း ပေါ်လာပြီ။ ကိုယ် ရှေ့ဆက် ဆက်လျှောက်ဖို့ကတော့ ကိုယ့်အပေါ်မှာပဲ မူတည်တယ်ပေါ့နော်။ ”

နင်ဇီမေ မှာ ချစ်သူနဲ့ပတ်သက်တဲ့ အယူအဆသဘောထား ရှိပါတယ်။ ချစ်သူဖြစ်လာမယ့်သူဟာ ဘယ်လို လူမျိုး သူဖြစ်စေချင်သလဲ။ ဒါကိုလည်း နင်ဇီမေက အခုလို ရှင်းပြပါတယ်။

“အဲဒီ ကိုယ့်ရဲ့ ချစ်သူပိုင်းကကျတော့ ဘယ်လိုပြောမလဲ ကိုယ့်ကိုလည်း တကယ်ချစ်တဲ့သူပေါ့နော်၊ ကိုယ့်ရဲ့ အနုပညာအလုပ်ကိုလည်း တကယ်နားလည်ပေးနိုင်တဲ့သူမျိုး ဖြစ်လာရင်တော့ ပိုကောင်းမယ်လို့ ညီမကတော့ စဉ်းစားတာပေါ့။ ဒါပေမယ့် တကယ့်တကယ်ဖြစ်လာရင်တော့ ဘယ်လိုလူမျိုး ဖြစ်လာမလဲဆိုတာတော့ ပြောလို့မရဘူး လူတွေက ပြောကြတာပဲ ဒီလို ဒီလို ဖြစ်ရမယ်။ သတ်မှတ်တာပေါ့ ကိုယ့်ရဲ့စံဆိုပြီး.။ ဒါပေမယ့်  ပြောလို့မရဘူးပေါ့နော်။

အဓိကကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိဖို့ပေါ့။ တချို့ တိုင်းရင်းသူ တိုင်းရင်းသားတွေက ရှက်တက်တာလည်း များတယ်။ နောက်ပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုလည်း မရှိကြဘူး သူတို့က ငါတော့ မလုပ်နိုင်ဘူးဆိုတဲ့စိတ်တွေ ပိုပြီးတော့မှ ရှိကြတယ်။ နောက်ပြီးတော့ နယ်မှာနေတာလည်း များတယ်။ ရန်ကုန်မှာ တက်လာတဲ့ တိုင်းရင်းသူ တိုင်းရင်းသားတွေက အနည်းအကျဉ်းပဲ ရှိတယ်ပေါ့နော်။ နယ်မှာ ပိုများတယ်ပေါ့။ အဓိကက ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိရမယ်။ နောက် ကိုယ်တကယ်လုပ်ချင်ရင် တကယ်ဖြစ်အောင် လုပ်ရမယ်ပေါ့နော်။ အဲလိုမျိုးလေးတွေတော့ အားပေးချင်ပါတယ်။ ”