ဆောက်သမ်တန်တိုက်စစ်မှူး မန်နီကို လီဗာပူးလ်အသင်း အပြီးသတ်ခေါ်ယူ

ဆောက်သမ်တန်တိုက်စစ်မှူး မန်နီကို လီဗာပူးလ်အသင်း အပြီးသတ်ခေါ်ယူ

ဇွန် ၂၉၊ လီဗာပူးလ် ။             ။ လီဗာပူးလ်အသင်းသည် ဆောက်သမ်တန်အသင်းမှ အိုင်ဗရီကို့စ်တိုက်စစ်မှူး ဆာဒီယိုမန်နီကို ပြောင်းရွှေ့ကြေး ပေါင်သန်း ၃၀ ဖြင့် အပြီးသတ်ခေါ်ယူလိုက်ပြီ ဖြစ်သည်။

မန်နီသည် ပြီးခဲ့သည့် တနင်္လာနေ့က လီဗာပူးလ်အသင်းတွင် ဆေးစစ်မှုခံယူခဲ့ပြီး ငါးနှစ်စာချုပ် ချုပ်ဆိုခဲ့သည်။ လီဗာပူးလ်တွင် ကျောနံပါတ် ၁၉ ဂျာစီကို ဝတ်ဆင်ကစားမည် ဖြစ်သည်။

မန်နီသည် လီဗာပူးလ်အသင်း၏ သမိုင်းတွင် အန်ဒီကာရိုးလ်နှင့် ဘန်တီကီတို့ပြီးနောက် တတိယဈေးအကြီးဆုံးကစားသမား ဖြစ်လာခဲ့သည်။ သို့သော် ဘီဘီစီတွင်မူ မန်နီ၏ ပြောင်းရွှေ့ကြေးမှာ ပေါင် ၃၅ သန်းဖြစ်ပြီး ၎င်း၏အောင်မြင်မှုအရ ၃၆ သန်းအထိမြင့်တက်သွားနိုင်သည့်အတွက် လီဗာပူးလ်၏သမိုင်းတွင် ဈေးအကြီးဆုံးကစားသမားဖြစ်လာဖွယ်ရှိနေသည်ဟု ဖော်ပြထားသည်။

စာချုပ်တွင် လက်မှတ်ရေးထိုးခဲ့ပြီးနောက် မန်နီက ‘ဒီနေ့က နေ့ထူးနေ့မြတ်ပါ။ ဥရောပက ထိပ်တန်းအသင်းကြီးတစ်သင်းနဲ့ စာချုပ်ချုပ်ဆိုနိုင်ခဲ့လို့ အရမ်းပျော်ပါတယ်။ လီဗာပူးလ်အသင်းက ဆုဖလားတွေအများကြီး ရရှိထားပြီး သမိုင်းကြောင်းကြီးမားတဲ့ အသင်းပါ’ ဟု ပြောဆိုခဲ့သည်။

မန်နီသည် ဆောက်သမ်တန်အသင်းတွင် ပရီးမီးယားလိဂ်ပွဲစဉ် ၆၇ ပွဲကစားခဲ့ပြီး ၂၁ ဂိုးသွင်းယူနိုင်ခဲ့သူဖြစ်သည်။

မန်နီကို ခေါ်ယူနိုင်သည့်အတွက် လီဗာပူးလ်နည်းပြ ဂျာဂင်ကလော့ပ်မှာ သဘောကျ ဝမ်းမြောက်လျက်ရှိနေသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly