အသက် ၆၀အထိသာ နိုင်ငံ့ဝန်ထမ်းအဖြစ် ဆက်လက်ထားရှိရန် ပြည်ခိုင်ဖြိုးအမတ် အရေးကြီးအဆိုတင်

အသက် ၆၀အထိသာ နိုင်ငံ့ဝန်ထမ်းအဖြစ် ဆက်လက်ထားရှိရန် ပြည်ခိုင်ဖြိုးအမတ် အရေးကြီးအဆိုတင်
ရန်ကုန်မြို့တော် စည်ပင်သာယာရေးဝန်ကြီးဌာန၏ ဝန်ထမ်းမျးကို တွေ့ရစဉ်။ (ဓာတ်ပုံ-မဇ္ဈိမ)

နေပြည်တော်(မဇ္ဈိမ) ။ ။ နိုင်ငံ့ဝန်ထမ်းများကို လက်ရှိကျင့်သုံးနေသည့် အသက် ၆၀အထိသာ ဆက်လက်ထားရှိပြီး အသက် ၆၀ကျော်ပါက သက်ပြည့်ပင်စင်ပေးရန် အာဏာရပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လွိုင်ကော်မြို့ နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးခင်မောင်ညိုက ဇူလိုင် ၈ရက်တွင်ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အရေးကြီးအဆို တင်သွင်းလိုက်သည်။

နိုင်ငံ့ဝန်းထမ်းများအနေဖြင့် အသက် ၆၀ကျော်ပါက အသက်အရွယ်ကြီးရင့်ပြီဖြစ်သည့်အတွက် လုပ်ငန်းစွမ်းဆောင်ရွည် အပြည့် အဝမရနိုင်တော့မည့် အခြေအနေ၊ ရရှိမည့် အကျိုးထက် ကျန်းမာရေးအခြေအနေ၊ လူမှုရေးအခြေအနေများကြောင့် အသက် ၆၀ အထိသာ နိုင်ငံ့ဝန်းထမ်းအဖြစ် ထားရှိရန် အဆိုရှင်က လွှတ်တော်တွင်ပြောသည်။

ယင်းအဆိုကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အမတ်တစ်ဦးက ထောက်ခံခဲ့ပြီးနောက် အဆိုကို ဇူလိုင် ၉ ရက် တွင် ဆွေးနွေးမည်ဖြစ်ပြီး ဆွေးနွေးလိုသည့်အမတ်များအနေဖြင့် ဇူလိုင် ၈ရက်ညနေပိုင်းတွင် စာရင်းပေးကြရန် လွှတ်တော် နာယက သူရဦးရွှေမန်းက အသိပေးထားသည်။

သို့သော် ယင်းအဆိုကို ဆွေးနွေးရန်သင့်၊ မသင့် လွှတ်တော်၏ သဘောထားကို ရယူခြင်းမရှိဘဲ သူရဦးရွှေမန်းက အထက်ပါ အတိုင်း ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

ယနေ့ကျင်းပသည့် လွှတ်တော်အစည်းအဝေးအစီအစဉ်အရ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆(ခ)နှင့်အကျံးဝင်သည့် ဖွဲ့စည်းပုံ အခြေခံပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းအား မဲခွဲဆုံးဖြတ်ကြမည်ဖြစ်ပြီး ဖော်ပြပါ အရေးကြီးအဆိုမှာ အစည်းအဝေး အစီအစဉ်တွင် ပါရှိခြင်း မရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly