"ငြိမ်းချမ်းရေး" အမွေအနှစ် ထားခဲ့ရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

"ငြိမ်းချမ်းရေး" အမွေအနှစ် ထားခဲ့ရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဇွန်လ ၂၈ရက်၊ ၂၀၁၆ခုနှစ်)။ ။ အစိုးရသစ်အနေဖြင့် နိုင်ငံသူ၊ နိုင်ငံသားများ ငြိမ်းချမ်းစွာ နေထိုင်နိုင်မည့် ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် ရည်ရွယ်ချက်ထားရှိပြီး မျိုးဆက်သစ်များအတွက် ငြိမ်းချမ်းရေးဟူသည့် အမွေအနှစ် ထားခဲ့မည်ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

အပစ်ရပ်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၈ဖွဲ့မှ ခေါင်းဆောင်များနှင့် ၂၀၁၆ခုနှစ်၊ ဇွန်လ ၂၈ရက်က နေပြည်တော်တွင် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ခြင်း ဖြစ်သည်။

"နောက်မျိုးဆက်သစ်တွေအတွက် ထားခဲ့ရမယ့် အကောင်းဆုံးအမွေအနှစ်ဆိုတာဟာ ငြိမ်းချမ်းရေးပါပဲ" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ငြိမ်းချမ်းရေးရရှိမှသာ မြန်မာနိုင်ငံ တိုးတက်လာမည်ဖြစ်ပြီး ငြိမ်းချမ်းရေးရရှိရေးအတွက်ကိုမူ ညီညွတ်ရေးကို အရင်ရှာဖွေရမည်ဟု ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံပွဲတွင် ပြောဆိုခဲ့သေးသည်။

"ကျွန်မတို့နိုင်ငံဟာ ငြိမ်းချမ်းမှ တိုးတက်နိုင်မှာပါ။ မငြိမ်းချမ်းတဲ့နိုင်ငံမှာ တိုးတက်တယ်ဆိုတာ ဘယ်တုန်းကမှ မရှိပါဘူး။ ကျွန်မတို့ငြိမ်းချမ်းမှ တိုးတက်နိုင်မယ်။ ညီညွတ်မှ ငြိမ်းချမ်းနိုင်မယ်။ အဲ့တော့ ညီညွတ်ရေးကို ရှာဖွေရမယ်" ဟု သူမက ဆိုသည်။

အစိုးရသစ်၏ မူဝါဒဖြစ်သော အားလုံးပါဝင်သည့် ၂၁ရာစု ပင်လုံညီလာခံ (ခ) ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတစ်ရပ်ကို လာမည့် ဩဂုတ်လ နောက်ဆုံးပတ်အတွင်း ကျင်းပနိုင်ရန် ယနေ့တွေ့ဆုံမှုတွေ မူအားဖြင့် သဘောတူထားကြသည်။

အဆိုပါ ညီလာခံတွင် အားလုံးပါဝင်နိုင်ရေးအတွက် အပစ်ရပ်စာချုပ်တွင် လက်မှတ်ရေးထိုးထားခြင်းမရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အစိုးရကိုယ်စားလှယ်များ ယခုလကုန်ပိုင်းတွင် တွေ့ဆုံဆွေးနွေးရန်ရှိနေသည်ဟုလည်း ချင်းအမျုးိသားတပ်ဦး (CNF) ဥက္ကဋ္ဌ ပူးဇင်ကျုံးက မီဒီယာများကို ပြောသည်။

"အပစ်ရပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေဘက်ကရော၊ အစိုးရဘက်ကရော အားလုံးအပစ်အခတ်ရပ်စဲနိုင်ရေးအတွက် ကြိုးပမ်းနေတယ်လို့ ကျွန်တော်တို့ ပြောလို့ရပါတယ်" ဟု ပူးဇင်ကျုံးက  ဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly