လက်ရွေးစင်အသင်းအတွက် ဆက်ကစားရန် မက်ဆီကို အာဂျင်တီးနားသမ္မတနှင့် မာရာဒိုနာတို့ တိုက်တွန်း

လက်ရွေးစင်အသင်းအတွက် ဆက်ကစားရန် မက်ဆီကို အာဂျင်တီးနားသမ္မတနှင့် မာရာဒိုနာတို့ တိုက်တွန်း

ဇွန် ၂၈၊ အာဂျင်တီးနား ။                ။ အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက် ဘောလုံးဆက်ကစားပေးရန် မက်ဆီကို နိုင်ငံတော်သမ္မတ မူရီစီယိုမက်ခရီနှင့် အာဂျင်တီးနားဂန္ထဝင်ဘောလုံးသမား မာရာဒိုနာတို့က တိုက်တွန်းတောင်းဆိုလိုက်သည်။

၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲတွင် ချီလီအသင်းကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ပြီးနောက်တွင် မက်ဆီက နိုင်ငံလက်ရွေးစင်ဘ၀ ပြီးဆုံးသွားပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ ထိုပွဲတွင် မက်ဆီမှာ အကောင်းဆုံးကစားနိုင်ခဲ့သော်လည်း ပင်နယ်တီလွဲချော်ခဲ့သည်။

အသက် ၂၉ နှစ်အရွယ်ရှိမက်ဆီသည် ၂၀၁၄ ကမ္ဘာ့ဖလား၊ ၂၀၀၇၊ ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲတို့တွင် ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့သော်လည်း ဒုတိယဖြင့်သာ   ကျေနပ်ခဲ့ရသူ ဖြစ်သည်။

လက်ရွေးစင်အသင်းနှင့် အောင်မြင်မှုမရသောကြောင့် စိတ်ပျက်နေသည့် မက်ဆီကို နိုင်ငံတော် သမ္မတက ကိုယ်တိုင်ဆက်သွယ်ခဲ့ပြီး နိုင်ငံအတွက် ဆက်ကစားပေးရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

သမ္မတ မူရီစီယိုမက်ခရီ၏ ပြောရေးဆိုခွင့်ရှိသူက ‘သမ္မတက မက်ဆီကို ဆက်သွယ်ခဲ့ပြီး အာဂျင်တီးနားအသင်းရဲ့ ကစားပုံအတွက် သူဘယ်လောက်ဂုဏ်ယူကြောင်း၊ ဝေဖန်မှုတွေကို နားမထောင်ဘဲ နိုင်ငံအတွက် ဆက်ကစားပေးစေလိုကြောင်း ပြောခဲ့ပါတယ်’ ဟု အေအက်ဖ်ပီသို့ ပြောဆိုခဲ့သည်။

အာဂျင်တီးနားဂန္ထဝင်ဘောလုံးသမား မာရာဒိုနာကလည်း မက်ဆီအနေဖြင့် သူ၏ဆုံးဖြတ်ချက်ကို ပြင်ပြီး ၂၀၁၈ ရုရှကမ္ဘာ့ဖလားပြိုင်ပွဲသို့ သွားလိမ့်မည်ဟု ယုံကြည်ကြောင်း ပြောဆိုခဲ့သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly