နိုင်ငံလက်ရွေးစင်ကစားသမားဘဝမှ အနားမယူသေးဟု အင်္ဂလန်အသင်းခေါင်းဆောင် ရွန်နီ ဆို

နိုင်ငံလက်ရွေးစင်ကစားသမားဘဝမှ အနားမယူသေးဟု အင်္ဂလန်အသင်းခေါင်းဆောင် ရွန်နီ ဆို

ဇွန် ၂၈၊ ပြင်သစ် ။              ။ ယူရို ၂၀၁၆၊ ၁၆ သင်း ရှုံးထွက်အဆင့်ပြိုင်ပွဲတွင် အိုက်စလန်ကိုရှုံးနိမ့်ပြီး ပြိုင်ပွဲမှ ထွက်ခဲ့ရခြင်းသည် ရှက်ဖွယ်ဖြစ်ပြီး ကသိကအောက်နိုင်သည့် ခံစားချက်မျိုးဖြစ်ကြောင်း အင်္ဂလန်အသင်းခေါင်းဆောင်ရွန်နီက ပြောဆိုလိုက်သည်။

အင်္ဂလန်အသင်းသည် ထိုပွဲတွင် ရွန်နီ၏ ပင်နယ်တီသွင်းဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ပထမပိုင်းအတွင်းမှာပင် ချေပဂိုးနှင့်အနိုင်ဂိုးများ ပေးခဲ့ရကာ နှစ်ဂိုး၊ တစ်ဂိုးဖြင့်ရှုံးခဲ့ရခြင်းဖြစ်သည်။

ရွန်နီသည် ထိုသွင်းဂိုးကြောင့် နိုင်ငံတကာသွင်းဂိုး ၅၃ ဂိုးရှိသွားပြီဖြစ်ကာ အင်္ဂလန်၏ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်လျက်ရှိသည်။ ထိုပွဲမှာ ရွန်နီ၏ အင်္ဂလန်လက်ရွေးစင်ကစားသမားဘ၀ ၁၁၅ ပွဲမြောက်ဖြစ်ပြီး ဒေးဗစ်ဘက်ခမ်၏ စံချိန်နှင့် တူညီခဲ့သည်။

လာမည့်အောက်တိုဘာလတွင် အသက် ၃၁ နှစ်ပြည့်တော့မည်ဖြစ်သည့်ရွန်နီက ယူရိုပြိုင်ပွဲတွင် ရလဒ်ဆိုးခဲ့ပြီး နည်းပြ ရွိုင်းဟော့ဒ်ဆန် ရာထူးမှ နုတ်ထွက်သွားသော်လည်း   နိုင်ငံတကာ ကစားသမားဘဝမှ အနားယူဦးမည် မဟုတ်ကြောင်း ဆိုသည်။ ‘ကျွန်တော်အင်္ဂလန်အသင်းအတွက် ကစားပေးရတာကို ဂုဏ်ယူပါတယ်။ လာမယ့်နည်းပြသစ်က   ရွေးချယ်ဦးမယ်ဆိုရင်   နိုင်ငံအသင်းအတွက် ဆက်ကစားဦးမှာပါ’ ဟု ရွန်နီက ပြောဆိုခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly