ပျက်ကျခဲ့သော ထိုင်းစစ်ဘက် ရဟတ်ယာဉ်ကို ရှာတွေ့၊ ယာဉ်ပေါ်ပါ သုံးဦးစလုံး သေဆုံး

ပျက်ကျခဲ့သော ထိုင်းစစ်ဘက် ရဟတ်ယာဉ်ကို ရှာတွေ့၊ ယာဉ်ပေါ်ပါ သုံးဦးစလုံး သေဆုံး

ဇွန် ၂၈ ။               ။ ဇွန်လ ၂၅ ရက် နေ့လည်ပိုင်းက ထိုင်းနိုင်ငံ အရှေ့ပိုင်းတွင် ပျံသန်းရင်း ပျောက်ဆုံးသွားသော စစ်ဘက် ရဟတ်ယာဉ်တစ်စီးကို ယခုအခါ ရှာဖွေကယ်ဆယ်ရေးသမားများက ရှာတွေ့ခဲ့ပြီဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ အဆိုပါ ရဟတ်ယာဉ်မှာ ယင်းနေ့က Chanthaburi နှင့် Rayong ဒေသနှစ်ခုဆက်စပ်နေသည့် တောင်ကြားတစ်ခုတွင် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်းနှင့် ရဟတ်ယာဉ်ပေါ်ပါရှိသွားသူ သုံးဦးစလုံး သေဆုံးခဲ့ပြီဖြစ်ကြောင်း သိရသည်။

ထိုင်းစစ်ဘက် ရဟတ်ယာဉ် UH-1H သည် အဆိုပါနေ့က ဘန်ကောက်မြို့ရှိ Don Mueang လေဆိပ်မှ Khao Chamao တောင်ပေါ်ရှိ ရေဒါစခန်းတစ်ခုသို့  ထောက်ပံ့ရေးပစ္စည်းများ သွားရောက်ပို့ဆောင်ခဲ့ပြီးနောက်ပိုင်း လမ်းခရီးတွင် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။

ယခုအခါ ရှာဖွေကယ်ဆယ်ရေးသမားများက Rayong ဒေသဘက်ခြမ်းရှိ ရေဒါစခန်း၏ အနောက်မြောက်ဘက် မီတာ ၅၀၀ အကွာနေရာတွင် အဆိုပါ ရဟတ်ယာဉ်ပျက်ကို ရှာတွေ့ခဲ့ခြင်းဖြစ်သည်။

အလားတူ ရဟတ်ယာဉ်ပေါ်ပါ သုံးဦးစလုံး၏ အလောင်းများကိုလည်း ယင်းပျက်ကျနေရာတွင် ရှာတွေ့ခဲ့ပြီးဖြစ်ကြောင်းနှင့် ၎င်းတို့မှာ လေယာဉ်မှူး၊ အကူလေယာဉ်မှူး နှင့် စက်ပြင် တို့ဖြစ်ကြကြောင်း တာဝန်ရှိသူများက ပြောသည်။

ဆက်လက်၍ ရဟတ်ယာဉ် ပျက်ကျခဲ့ရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေလျက်ရှိကြောင်း ထိုင်းလေကြောင်း ပျံသန်းမှု ထိန်းချုပ်ရေးဌာနမှ အကြီးအကဲ Suthipong Inseeyong က ပြောသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly