သံတမန်များကို ရုရှတို့က ခြိမ်းခြောက် နှောင့်ယှက်နေသည်ဟု အမေရိကန် စွပ်စွဲ

သံတမန်များကို ရုရှတို့က ခြိမ်းခြောက် နှောင့်ယှက်နေသည်ဟု အမေရိကန် စွပ်စွဲ

ဇွန် ၂၈ ။              ။ ရုရှ နိုင်ငံ မော်စကိုရှိ အမေရိကန် သံတမန်များနှင့် မိသားစုဝင်များအပေါ် အနှောင့်အယှက်ပေးခြင်း၊ ခြိမ်းခြောက်ခြင်းတို့ကို ရုရှတို့ဘက်က တိုးမြင့်လုပ်ဆောင်လာနေလျက်ရှိပြီး ယင်းအခြေအနေများအပေါ် ကန့်ကွက်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားလိုက်သည်။

ယခုနောက်ပိုင်းတွင် အထက်ပါ ကိစ္စရပ်အပေါ် ကန့်ကွက်မှုများ မြင့်တက်လာနေလျက်ရှိနေပြီး ပြီးခဲ့သည့် မတ်လက နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက ရုရှ သမ္မတ ဗလာဒီမာ ပူတင်နှင့် တွေ့ဆုံစဉ် အထက်ပါအကြောင်းအရာအပေါ် ဆွေးနွေးမှုများ ပြုလုပ်ထားခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အဲလီဇဘက် ထရူဒီက ပြောသည်။

" လွန်ခဲ့တဲ့ နှစ်နှစ်လောက်အတွင်းမှာ မော်စကိုမှာ ရှိနေတဲ့ ကျွန်မတို့ရဲ့ သံအရာရှိတွေကို ရုရှ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက တိုးမြှင့် စောင့်ကြည့်လာနေခဲ့တာနဲ့ အနှောင့်အယှက်ပေးခဲ့တာမျိုးတွေ ရှိထားခဲ့ပါတယ်" ဟု ထရူဒီက သတင်းထောက်များကို ပြောသွားသည်။

ယင်းနိုင်ငံတွင် ရှိနေစဉ် နေအိမ်ဝင်းအတွင်းသို့ ကျူးကျော်ဝင်ရောက်လာမှုများ နှင့် ကြုံတွေ့နေခဲ့ရကြောင်း အမေရိကန်သံတမန်အချို့က ပြောကြားခဲ့သည်ဟုလည်း ဝါရှင်တန်ပို့စ်သတင်းစာတွင် ဖော်ပြထားခဲ့သည်။ ဖြစ်စဉ်တစ်ခုတွင်လည်း မော်စကိုရှိ အမေရိကန် စစ်သံမှူး၏ နေအိမ်ဝင်းအတွင်းသို့ ရုရှ ထောက်လှမ်းရေးအဖွဲ့ဝင်များ ကျူးကျော်ဝင်ရောက်ခဲ့ပြီး ခြံဝန်းအတွင်းရှိ ခွေးကို သတ်သွားသည့်ဖြစ်စဉ်လည်းရှိထားခဲ့ကြောင်း ယင်းသတင်းစာထဲတွင်ဖော်ပြထားသည်။

" ဒီလိုဖြစ်စဉ်တွေ တစ်စထက်တစ်စ တိုးလာနေတာကို တွေ့နေရတဲ့အတွက်ကြောင့် ကျွန်မတို့ သတိကြီးကြီးထားဖို့ လိုနေပါပြီ" ဟု ထရူဒီက ပြောဆိုသွားသည်။

တစ်ချိန်တည်းမှာလဲ အမေရိကန်နိုင်ငံရှိ မိမိတု့ိ သံအရာရှိများလည်း နှောင့်ယှက်ခံနေရကြောင်း ရုရှတို့ဘက်က စွပ်စွဲပြောကြားထားပြီး ယင်းအခြေအနေအပေါ် ပြန်လည် တုန့်ပြန်သွားမည်ဖြစ်ကြောင်း ဆိုထားခဲ့သည်။

သို့သော် အထက်ပါကဲ့သို့ ရုရှတို့က စွဲချက်မှာ အခြေအမြစ်မရှိလှကြောင်း ထရူဒီက ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly