မဇ္ဈိမကို အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေဖြင့် တရားစွဲထားခြင်းကို ရုပ်သိမ်းရန် IPI တိုက်တွန်း

မဇ္ဈိမကို အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေဖြင့် တရားစွဲထားခြင်းကို ရုပ်သိမ်းရန် IPI တိုက်တွန်း

အတွေးအမြင်ဆောင်းပါးတစ်ပုဒ်ကြောင့် အွန်လိုင်း မဇ္ဈိမ မီဒီယာအား ပြိုင်ဖက်မီဒီယာ တစ်ခုက အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေဖြင့် တရားစွဲဆိုထားခြင်း သည် နောက်ပိုင်း တရားစီရင်ရေးများအတွက် အန္တရာယ်ဖြစ်စေမည့် စီရင်ထုံးဖြစ်လာနိုင်ပြီး ချက်ချင်း အမှုပိတ်သင့်ကြောင်း နိုင်ငံတကာမီဒီယာအင်စတီကျု IPI က ပြောသည်။

မဇ္ဈိမ အွန်လိုင်းနှင့် ဒစ်ဂျစ်တယ်သတင်းစာတွင် ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်က ဖော်ပြခဲ့သည့် ဆောင်းပါးရှင် ဦးစည်သူအောင်မြင့်၏ “MPC သို့မဟုတ် မီဒီယာ တစ်ချို့ရဲ့ ပုံဖျက်ခြင်းခံရတဲ့ အဖွဲ့အစည်း”ဆောင်းပါးနှင့် ပတ်သက်၍ ဦးမာန်သူရှိန်က ပုဇွန်တောင်ရဲစခန်းတွင် တိုင်ကြားခဲ့ခြင်းကို ရဲစခန်းမှ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၃၄(ဃ)ဖြင့် အမှုဖွင့်ကာ တရားစွဲဆိုထားခြင်းဖြစ်ပြီး ဇွန် ၂၃ ရက်က အမှုကို တရားရုံးတင်ကာ ထိုနေ့တွင်ပင် အာမခံပေးလိုက်ခြင်းဖြစ်သည်။

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၃၄(ဃ)သည် အမှုစီရင်ချက်ချခံရပါက ဒဏ်ငွေ ကျပ်ငါးသန်းမှ ဆယ်သန်းနှင့် ဒဏ်ငွေမပေးဆောင်နိုင်ပါက ထောင်ဒဏ် တစ်နှစ်မှ သုံးနှစ်အထိ ကျခံရ နိုင်သည့် ပုဒ်မဖြစ်သည်။

ယင်းအမှုသည် မြန်မာ့သတင်းမီဒီယာဥပဒေသစ် ကို အသုံးမချဘဲ ရှောင်လွှဲရန် ကြိုးပမ်းမှှုတစ်ရပ် ဖြစ်ဖွယ်ရှိကြောင်း ဇူလိုင် ၇ ရက်တွင် နောက်ထပ် ကြားနာမှု မလုပ်ခင် အစိုးရရှေ့နေများအနေဖြင့် အမှုကို ပယ်ဖျက်သင့်ကြောင်း IPI မှ တရားရေးနှင့် ဆက်သွယ်ရေးဒါရိုက်တာ Steven M.Ellis က ပြောသည်။

“ဒါက မှားယွင်းတဲ့ ဥပဒေ နဲ့ လွဲမှားတဲ့ နေရာပါ။ ဆိုက်ဘာရာဇဝတ်မှု စည်းကမ်းချက်ဆိုတာ နည်းပညာသစ် အလွဲသုံးစားလုပ်ခြင်းတွေကို တားဆီးဖို့ ရည်ရွယ်ပြဌာန်းတာဖြစ်ပါတယ်။ မနှစ်သက်တဲ့ ရေးသားပြောဆိုမှှုတွေကို ပစ်မှတ်ထားတာမျိုး မဖြစ်ရပါဘူး”ဟု ၎င်းက ပြောသည်။

Ref; International Press Institute

http://www.freemedia.at/myanmar-journalists-accused-of-cyber-crime-over-op-ed/ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly