ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်း မြန်မာအလုပ်သမားများအရေး မည်သည့်အချိန်တွင် နိဂုံးချုပ်မည်နည်း

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်း မြန်မာအလုပ်သမားများအရေး မည်သည့်အချိန်တွင် နိဂုံးချုပ်မည်နည်း
မြဝတီမြို့နယ်မှ ထိုင်းနိုင်ငံဘက်သို့ ကူးသန်းသွားလာ အလုပ်လုပ်ကိုင်ကြသော အလုပ်သမားများကို မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံနယ်စပ်ရှိ ချစ်ကြည်ရေးတံတားအနီး တွေ့မြင်ရစဉ်။ ၂၁ သြဂုတ် ၂၀၁၄။ (ဓာတ်ပုံ - မဇ္ဈိမ)

ပြီးခဲ့တဲ့ရက်ပိုင်းက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံ ကို ရောက်ရှိခဲ့ပါတယ်။ ထိုင်းဝန်ကြီးချုပ်ရဲ့ ဖိတ်ခေါ်ချက်အရ သွားရောက်ခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းခရီးစဉ်သတင်းက သက်ဆိုင်ရာ နှစ်နိုင်ငံအပြင် တခြား နိုင်ငံ ရပ်ခြား တိုင်းပြည်များအထိ ပျံ့နှံ့ထင်ရှားခဲ့ပါတယ်။ ထိုင်းနိုင်ငံနဲ့ မိမိတို့ မြန်မာနိုင်ငံက စာနယ်ဇင်းဟူ သမျှမှာဆိုရင်လည်း သုံးလေးရက်  မျက်နှာဖုံးသတင်းတွေ ဖြစ်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီခရီးစဉ်ကို နှစ်နိုင်ငံ ကာတွန်းဆရာတွေကလည်း အမြင်အမျိုးမျိုးနဲ့ ဖေါ်ပြကြပါတယ်။

အနှစ်ချုပ်ပြီးပြောရရင်တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံခရီးစဉ်ဟာ ဒေါ်အောင်ဆန်း စုကြည်အတွက် ပုဂ္ဂိုလ်အရ ဂုဏ်သိက္ခာမြင့်မားစရာဖြစ်ခဲ့တဲ့အပြင် ထိုင်းနိုင်ငံရောက် မြန်မာအလုပ် သမားတွေအတွက်လည်း ကြီးမားလှတဲ့ မျှော်လင့်ချက်တွေ ပေးနိုင်ခဲ့တယ်လို့ ဆိုရမှာပါ။ ပြီးတော့ လည်း တိုင်းပြည်တာဝန်ရှိသူတစ်ဦး တနည်းအားဖြင့်ပြောရရင် တိုင်းပြည်က ယုံကြည်လေးစားမှုခံရသူ တစ်ဦးရဲ့မေတ္တာကို ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေ မျက်ဝါးဝါးထင်ထင် တွေ့လိုက်ကြရတဲ့ သဘော ရှိတယ်ဆိုတာ စာနယ်ဇင်းသတင်းစာမျက်နှာတွေထက်မှာ အားလုံးမြင်ခဲ့ကြခဲ့ရပြီး ဖြစ်ပါ တယ်။

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အလုပ်သမားအခွင့်အရေး ဆုံးရှုံးနေ ကြတာ တကမ္ဘာလုံးသိပါတယ်။ ဒါ့အပြင် ပြင်းထန်တဲ့ ဖိနှိပ်သွေးစုတ်မှုတွေလည်း ခံကြရပါတယ်။ ဒီကိစ္စတွေကို လွန်ခဲ့တဲ့ အချိန်များကတော့ တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူအဆက်ဆက်ဟာ စနစ်တ ကျ ကာကွယ်ပေးမှု မလုပ်နိုင်ခဲ့ကြပါဘူး။ ကာကွယ်မှုပေးရမယ့်တာဝန်ရှိတယ်ဆိုတာအပေါ်မှာလည်း မလေးနက်ခဲ့ကြ ပါဘူး။ အဲဒီကာလတလျောက်မှာ ကိုယ့်နိုင်ငံကိုမချစ်လို့ သူများနိုင်ငံကို အထင်ကြီးလို့ အခုလို သွားပြီးအလုပ်လုပ်နေကြတာဖြစ်တယ်ဆိုတဲ့ လေသံကိုပင်လျင် တာဝန်ရှိသူများက ပစ်ခဲ့ကြပါ တယ်။ တနည်း အားဖြင့်ပြောရရင် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအပေါ် တာဝန် မဲ့ခဲ့ကြပါတယ်။ ဒီလိုနဲ့ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ ကူသူကယ်သူမဲ့ ခဲ့ကြရပါတယ်။

တကယ်တော့ ထိုင်းနိုင်ငံမှာ အလုပ်သမားလုပ်ခလစာနှုန်းထား တစ်ရက်လုပ်ခ ဘတ်ငွေ ၃၀၀ ပေးရမယ်(မြန်မာငွေ ၁၀၀၀၀ ဝန်းကျင် ) ဆိုတာ ယခင် ထိုင်းဝန်ကြီးချုပ် ယင်လပ်လက်ထက်က တည်းက အတည်ပြုထားတဲ့ အချက်ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီဥပဒေအရ အလွန်မတန်နည်း ပါးလှတဲ့ စက်ရုံအလုပ်ရုံတချို့မှာသာ ဒီလစာအခွင့်အလမ်းကို ရနိုင်ခဲ့ကြပါတယ်။ ဥပမာအနေနဲ့ ပြောရရင် မြန်မာနိုင်ငံ မြဝတီမြို့နဲ့နီးတဲ့ ထိုင်းနိုင်ငံမဲဆောက်မြို့က စက်ရုံအလုပ်ရုံတွေမှာ ဘတ်ငွေ ၁၇၀ ဝန်းကျင်သာပေးပါတယ်။ အများစုက တနေ့လုပ်ခ ဘတ်ငွေ ၉၀ ဝန်းကျင်မှာပဲ ရကြတာ အခုအထိပါပဲ။

ဒီကြားထဲ တခြားနည်းမျိုးစုံနဲ့ ခေါင်းပုံဖြတ်မှုတွေအပြင် ဖိနှိပ်ခွဲခြားဆက်ဆံမှုတွေလည်း ခံကြရ ပါတယ်။ တချို့နေရာတွေမှာဆိုရင် ကိုယ်ထိလက်ရောက် တိုက်ခိုက်ခံရတာမျိုးအထိ ရှိပါတယ်။
အခုတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းဝန်ကြီးချုပ်တို့ နှစ်ဘက်သဘောတူ လက်မှတ်ရေး ထိုးထားတဲ့ သဘောတူညီချက်(၁၂)ချက်ကို ထိုင်း သတင်းမီဒီယာတွေမှာ တရားဝင် ထုတ်ပြန်ဖေါ်ပြ တဲ့အဆင့် ရောက်လာပြီဖြစ်ပါတယ်။ ဒီ သဘောတူညီချက်တွေထဲမှာ လုပ်ခ တစ်ရက် ဘတ် ၃၀၀ အပါအဝင် အလုပ်သမားများရဲ့ပညာရေး ကျန်းမာရေးအခွင့်အရေးများပါ ပါဝင်လာတာ တွေ့ကြရပါ တယ်။ ဒါဟာ တရားဝင်ထုတ်ဖေါ်ကြေညာတဲ့ သဘောတူညီချက်တွေ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ထိုင်းနိုင်ငံထဲက ကြားရတဲ့သတင်းတချို့မှာလည်း တစ်ရက်ကို နာရီ ၂၀ ကြာ ၃၅ ရက် ဆက်တိုက်အလုပ်လုပ်ကြရတဲ့ မြန်မာအလုပ်သမားတချို့ အလုပ်သမားအရေးဆောင်ရွက်တဲ့ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်လို့ဆိုပြီး ဖမ်းဆီးခံရတယ်ဆိုတဲ့သတင်းကိုလည်း မနေ့က ထုတ်ဝေတဲ့ ထိုင်းနိုင်ငံ The Nation သတင်းစာမှာ ဖတ်ကြရပြန်ပါတယ်။ တခါ ဘယ်လိုပဲ နှစ်နိုင်ငံ ခေါင်းဆောင်တွေ သဘောတူညီချက် ရှိသည်ဖြစ်ပစေ ဒီသဘောတူညီချက်တွေဟာ လေထဲမှာပဲ ပျောက်ကွယ်သွားတာပါပဲဆိုတဲ့ ဝေဖန်သံတွေကိုလည်း ကြားကြရပါတယ်။

နိဂုံးချုပ်ရရင်တော့ ကိုယ့်နိုင်ငံထဲက လူသားအရင်းအမြစ်တွေ ပြည်ပထွက်ကုန်ရတာ၊ တခါ ပြည်ပကြပြန်တော့ ကိုယ့်နိုင်ငံသားအလုပ်သမားတွေ အလုပ်သမားနဲ့ လူ့အခွင့်အရေးတွေ ချိုးဖေါက် ခံကြရတဲ့အဖြစ်တွေကို ကာကွယ်မှုမပေးနိုင်တာတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ဝန်းကျင်ကတည်းက စခဲ့တဲ့ကိစ္စဆိုးကြီးဖြစ်ပါတယ်။ အာဏာရှင်စနစ်ဆိုးကြီးကြောင့် ဖြစ်ပေါ်လာရတဲ့ လူမှုဒဏ်ရာဒဏ် ချက်ကြီး ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ယခင်ကနဲ့စာရင်တော့ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမား တွေကို အခွင့်အရေး မှန်ကန်ပြည့်ဝစွာရရှိရေး စတင်ကြိုးပမ်းခွင့်ရလာတာတော့ အမှန်ပါပဲ။ ဒီအခွင့် အရေးတွေ ရရှိဖို့အတွက် ကြီးမားတဲ့ဖိအား၊ မြင့်မားတဲ့ဂုဏ်သိက္ခာကို အသုံးပြုပြီး တွန်းအားပေးခွင့်ရ လာတဲ့ သဘောလည်း ရှိပါတယ်။

နောင်အခါ မိမိတို့နိုင်ငံမှာ ပြည်တွင်းငြိမ်းချမ်းရေးလည်းရ၊ တရားဥပဒေစိုးမိုးမှုလည်း ရှိ၊ မှန်ကန် တဲ့ စီမံအုပ်ချုပ်မှုလည်း အခြေခိုင်လာနိုင်ခဲ့ပြီဆိုလျင်တော့ မိမိနိုင်ငံတွင်းက လူသားအရင်းအမြစ်တွေ ပြည်ပရောက်ရှိစရာ အကြောင်းမရှိတော့ဘူးလို့ မဇ္ဈိမက ယုံကြည်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly