ဗြိတိန် ဥရောပသမဂ္ဂမှ ခွဲထွက်ရေးဆန္ဒခံယူပွဲအပြီး လေး ရက်အကြာ FMI ၏ ရှယ်ယာစျေး ကြမ်းခင်းစျေးအောက် ကျဆင်း

ဗြိတိန် ဥရောပသမဂ္ဂမှ ခွဲထွက်ရေးဆန္ဒခံယူပွဲအပြီး လေး ရက်အကြာ FMI ၏ ရှယ်ယာစျေး ကြမ်းခင်းစျေးအောက် ကျဆင်း
(ဓာတ်ပုံ-မဇ္ဈိမ)

ဇွန်လ ၂၄ ရက်နေ့တွင် ထွက်ပေါ်ခဲ့သည့် ဗြိတိန်သည် ဥရောပသမဂ္ဂမှ နှုတ်ဆက်ထွက်ခွာရန် သေချာသွားပြီဆိုသည့် ဆန္ဒခံယူပွဲရလာဒ်ကြောင့် စတာလင်ပေါင်ဈေးနှုန်း စံချိန်တင်ကျဆင်းခဲ့သလို ကမ္ဘာ့စတော့ရှယ်ယာဈေးကွက်အနေနှင့် ယင်းတစ်နေ့တည်းမှာပင် အမေရိကန်ဒေါ်လာ ၂ ထရီလီယံလောက် ဆုံးရှုံးခဲ့သည်။

တစ်ဆက်တည်းဆိုသလိုပင် ရုံးပိတ်ရက်များအပြီး ဇွန်လ ၂၇ ရက်နေ့တွင် ပြန်လည်စတင်ခဲ့သည့် ရန်ကုန်စတော့အိတ် ချိန်းရှိ FMI Co.,Ltd (ပထမမြန်မာရင်းနှီးမြှုပ်နှံမှုကုမ္ပဏီလီမိတက်) ၏ ရှယ်ယာဈေးများသည် ၂၃၅၀၀ ကျပ်အထိ ကျဆင်းခဲ့ပြီးယင်းဈေးသည် FMI ကုမ္ပဏီ၏ အနိမ့်ဆုံးဈေးဖြစ်ခဲ့သည်။

FMIသည် စင်ကာပူစတော့အိတ်ချိန်းဝင် အိမ်ခြံမြေလုပ်ငန်းရှင် မစ္စတာ Serge Pun ခေါ် ဦးသိမ်းဝေ၏ YSH (ရိုးမမဟာဗျူဟာဦးပိုင်လီမိတက်)၏ ညီနောင်ကုမ္ပဏီဖြစ်ပြီး တစ်ချို့သော စီးပွားရေး လုပ်ငန်းများ (အထူးသဖြင့် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးမှုလုပ်ငန်းများ) တွင် ပေါင်းစပ်လုပ်ကိုင်သည်များလည်း ရှိသည်ဟုသိရသည်။

မဇ္ဈိမ အနေနှင့် ထိုကဲ့သို့ FMI ၏ စတော့ရှယ်ယာဈေးနှုန်းကျဆင်းခြင်းသည် စင်ကာပူစတော့အိတ်ချိန်းဝင် YSH မှာ ဗြိတိန်-အီးယူအရေးနှင့် ဆက်တွဲသက်ရောက်မှုကြောင့်ဖြစ်နိုင်လားဆိုသည့် မေးခွန်းကို FMI ၏ ဘဏ္ဍာရေးအရာရှိချုပ်ဖြစ်သူ ဦးထွန်းထွန်းကိုမေးမြန်းရာ “ဒီနေ့ စတော့ဈေးကွက်မှာ ကျွန်တော်တွေ့တာကတော့ ထိုးကျနေတာကိုတွေ့တယ်။ ကျွန်တော်ထင်တယ်..ဒါလည်း ဗြိတိန် ဥရောပသမဂ္ဂက ထွက်တာနဲ့ ပတ်သတ်နေမယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။

ရန်ကုန်စတော့အိတ်ချိန်း၏ အကြီးတန်းအမှုဆောင်အရာရှိဖြစ်သူ ဦးသက်ထွန်းဦးက “ ရှယ်ယာဈေးကျတယ်ဆိုပေမယ့် ရန်ကုန်စတော့အိတ်ချိန်းရဲ့ ဒီနေ့မှာ ရှယ်ယာအရောင်းဝယ်ဖြစ်တဲ့ Total trade Volume က တက်လာတယ်” ဟု ပြောပြထားသည်။

အခုနှစ်၏ မတ်လ ၂၅ ရက်နေ့တွင် FMIသည် ရန်ကုန်စတော့အိတ်ချိန်း၏ ပထမဦးဆုံး စာရင်းဝင် ကုမ္ပဏီဖြစ်လာခဲ့ပြီး ကြမ်းခင်းဈေးကျပ် ၂၆၀၀၀ ဖြင့် ယင်း၏ ပထမနေ့ကိုစတင်ခဲ့သည်။ ထိုနေ့မှာပင် FMI ၏ ရှယ်ယာဈေးသည် ကျပ် ၃၁၀၀၀ ကိုရောက်ရှိသွားပြီး ရှယ်ယာတစ်စုကိုကျပ် ၅၀၀၀ မြင့်တက်ခဲ့သည်။ ယင်းနောက် မေလနှင့် ဇွန်လများ (ဧပြီလကို နှစ်သစ်ကူးရုံးပိတ်ရက်များသောကြောင့် မဇ္ဈိမမှ ချန်ရစ်ထားသည်)တွင် FMI ၏ ရှယ်ယာဈေးနှုန်းများသည် နေ့အလိုက်အပိတ်ဈေးကျပ် ၂၅၀၀၀ မှ ကျပ် ၃၁၀၀၀ ကျပ်အထိ ဖြစ်ပေါ်ခဲ့သည်။

FMI ၏ CFO ဖြစ်သူ ဦးထွန်းထွန်းက ဆက်ပြီး “ရင်းနှီးမြှုပ်နှံမှုက နေ့ချင်းတော့ Result ထွက်မှာမဟုတ်ဘူး၊ အချိန်ကာလတစ်ခုအတွက် ရင်းနှီးမြှုပ်နှံပါလို့ ပြောချင်ပါတယ်” ဟု လက်ရှိစတော့ဈေးကွက်သည် ရေတိုကစားပွဲ မဟုတ်ကြောင်းကို ပြောပြထားသည်။

ပြည်တွင်းစီးပွားရေး လုပ်ငန်းများဝန်ဆောင်မှုပေးနေသည့် Thura Swiss ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဒေါက်တာအောင်သူရကတော့ ဗြိတိန်-အီးယူအရေးသည် ရန်ကုန်စတော့အိတ်ချိန်းတွင် သက်ရောက်မှု အနည်းငယ်ပဲ ရှိနိုင်သည်ဟုပြောသည်။ “သက်ရောက်မှုရှိမယ်ဆိုရင်လည်း ဒါကနည်းနည်းပါးပါးပါ၊ ကမ္ဘာ့ဈေးကွက်အပြောင်းအလဲက ဒီအချိန်မှာ မြန်မာနိုင်ငံအတွက် Primary မဟုတ်ပါဘူး၊ Secondary လောက်ပဲဖြစ်မှာပါ”

FMI အနေနှင့် မြန်မာနိုင်ငံတွင်း စီးပွားရေးလုပ်ငန်းများတွင် ဘဏ္ဍာရေးဆိုင်ရာဝန်ဆောင်မှု (ရိုးမဘဏ်လုပ်ငန်း)၊ အိမ်ရာဖော်ထုတ်တည်ဆောက်ခြင်းလုပ်ငန်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍများတွင် အဓိကထား လုပ်ကိုင်နေပြီး ယင်းကုမ္ပဏီ၏ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွင်း ဝင်ငွေမှာ ကျပ် ၁၁၀ ဘီလီယံကျော်ရရှိခဲ့ပြီး အခွန်ဆောင်ပြီး အသားတင် အမြတ်ငွေအနေနှင့် ကျပ် ၈.၉ ဘီလီယံ အမြတ်အစွန်း ရှိခဲ့သည်ဟု ဇွန်လ ၂၇ ရက် ရန်ကုန်စတော့ အိတ်ချိန်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။ လက်ရှိတွင် ရန်ကုန်စတော့အိတ်ချိန်းတွင် FMI နှင့်အတူ မြန်မာသီလဝါအထူး စီးပွားရေးဇုန် အများပိုင်ကုမ္ပဏီလီမိတက် (MTSH) သည်လည်း အီလထရောနစ်စနစ်ဖြင့် နေ့စဉ်ရှယ်ယာအရောင်းအဝယ်များ ပြုလုပ်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags