မလေးရှားစစ်တပ်ထောက်ပို့လေယာဉ်ကို အင်ဒိုနီးရှားတိုက်လေယာဉ်နှစ်စင်း ကြားဖြတ်

မလေးရှားစစ်တပ်ထောက်ပို့လေယာဉ်ကို အင်ဒိုနီးရှားတိုက်လေယာဉ်နှစ်စင်း ကြားဖြတ်

ကွာလာလမ်ပူ၊ ဇွန် ၂၇ ။            ။ အင်ဒိုနီးရှား နက်တူနာကျွန်းစုများပေါ် ပုံမှန်လမ်းကြောင်းအတိုင်း ပျံသန်းနေသည့် မလေးရှားစစ်တပ်ထောက်ပို့လေယာဉ်ကို အင်ဒိုနီးရှား တိုက်လေယာဉ်နှစ်စင်းက ကြားဖြတ်ပျံသန်းခဲ့ကြောင်း မလေးရှားစစ်တပ်တာဝန်ရှိသူများက ဇွန် ၂၆ ရက်၌ ပြောသည်။

C-130 လေယာဉ်က ဇွန် ၂၅ ရက်တွင် မလေးရှားအနောက်ပိုင်းမှ အရှေ့ပိုင်း ဆာဘတ်ပြည်နယ်သို့ ဦးတည်ပျံသန်းစဉ် ထိုကဲ့သို့ ကြားဖြတ်ပျံသန်းခံရခြင်းဖြစ်ကြောင်း အမည်မဖော်သည့် အကြီးတန်းတာဝန်ရှိသူ တစ်ဦးက အေအက်ဖ်ပီသို့ ပြောသည်။

“နက်တူနာပေါ်က ပျံသန်းတယ်ဆိုတာ ပုံမှန်လမ်းကြောင်းပါပဲ။”ဟု ယင်းတာဝန်ရှိသူက ပြောပြီး C-130 လေယာဉ်အနေဖြင့် ကြားဖြတ်ဆီးတားခံရသော်လည်း ခရီးစဉ်အတိုင်း ဆာဘတ်ပြည်နယ်သို့ ဆက်လက်ပျံသန်းခဲ့ကြောင်း ပြောသည်။

ကာကွယ်ရေးဝန်ကြီး ဟီရှမ်မူဒင်ဟူစိန်ကလည်း ယင်းဖြစ်ရပ်ကို အတည်ပြုသည်။

“ဟုတ်ပါတယ်။ စစ်တပ်ထောက်ပို့လေယာဉ်ကို အင်ဒိုနီးရှားတိုက်လေယာဉ်နှစ်စီးကြားဖြတ်ခဲ့တယ်ဆိုတာ မှန်ပါတယ်။”ဟု ၎င်းက အတည်ပြုပြောခဲ့သည်။

အဆိုပါ နက်တူနာကျွန်းတွင် တရုတ်ငါးဖမ်းရေယာဉ်များနှင့် ပြဿနာဖြစ်ပွားပြီးနောက် အင်အားပြသည့်အနေဖြင့် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက စစ်သင်္ဘောဖြင့် ယင်းနေရာသို့ လာရောက်လည်ပတ်ခဲ့ပြီးနောက် နှစ်ရက်အကြာတွင် ယခုအဖြစ်အပျက် ဖြစ်ပွားခြင်းလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly