ပြည်သူတွေ ကျန်းမာချမ်းသာကြပါစေ

ပြည်သူတွေ ကျန်းမာချမ်းသာကြပါစေ

“ဦးတက်ခါး မေတ္တာဝေသည်၊ ပြည်သူတွေ ကျန်းမာချမ်းသာကြပါစေ” ဟူသော မြန်မာ တိုင်းရင်းဆေး ကြော်ငြာတစ်ခုသည် ရုပ်သံကြော်ငြာ ခေတ်ဦးမီ လူငယ်များကြား ရေပန်းစားခဲ့သည်၊ လူကြီး၊ လူလတ်၊ လူငယ်များကြား နားစွဲသွားသည့် ကြော်ငြာ လည်း ဖြစ်သည်။

မကျန်းမာမှ ဆေး ရောင်းရမည် ဖြစ်သော်လည်း သူက ပြည်သူများကို ကျန်းမာစေချင်ကြောင်း တောင်းဆုဝေခဲ့သည်။ မျက်မှောက် ကာလတွင်ပြည်သူများမှာ ကျန်းမာရေး မကောင်းကြပါ။ ချမ်းသာရေးကတော့ဝေးကွာလွန်းဆဲ ဖြစ်သည်။ လူတစ်စုသာ ချမ်းသာနေ ကြသည်။ လူတန်းစား တစ်ရပ်သည်သာ ပြည်သူ့ ဆန္ဒနှင့် အလှမ်းဝေးကွာစွာဖြင့် နေကြ စားကြသည်။ သူတို့သည် ပြည်သူများ ကျန်းမာချမ်းသာရေးကို အလေး မထားကြပါ၊ သူတို့ ကိုယ်နှိုက်၏ ကျန်းမာချမ်းသာရေးကိုသာ အလေးထားကြသည်။ သို့သော် ထိုသူတို့သည်လည်း စိတ် မချမ်းသာကြပါ။

မြန်မာပြည်သူ အများစုသည် ဆင်းရဲလှသည်။ နေစရာအိမ် မရှိ၍ သူများလယ်ယာမြေများတွင် ကျူးကျော်နေရသူတွေ ရှိသည်။ စားဝတ်နေရေး ခက်ခဲ ကျပ်တည်းလွန်းသဖြင့် သူတစ်ပါး ရပ်ရွာသို့ စွန့်စားသွားရောက်ကာ လုပ်ကိုင်စားသောက်ကြရသည်။ လယ်ယာမြေများကိုလည်း အစိုးရက သိမ်းလိုက်၊ စစ်တပ်က သိမ်းလိုက်ဖြင့်မတရားသိမ်းပိုက်နေသဖြင့် မျက်ရည်နှင့် မျက်ခွက်ဖြစ် ခဲ့ရသည်။

ကိုယ့်အင်ကိုယ့်အားဖြင့် ရှာဖွေစားသောက်ပါသော်လည်း လုပ်ခလစာကသတ်သတ်မှတ်မှတ် မရနိုင်သေးသည့် ကာလလည်းဖြစ် သည်။ သည်ကြားထဲတွင် မမှန်ကန်သော အစိုးရလုပ်ရပ် များကို အတိုက်အခံပြု၊ ကန့်ကွက်၊ ဖော်ထုတ်၊ ဆန္ဒပြသူများကို ပြည်သူ့ ရဲက မတရားနှိမ်နင်း သလောက် လူဆိုး သူခိုးများကို သာမန်၊ သို့တည်းမဟုတ် မထိတထိ ကိုင်တွယ် ဖြေရှင်းသဖြင့် ရမ်းကား ခွင့်ရသော လူဆိုးသူခိုးများကိုလည်း ပြည်သူများက စိုးကြောက်နေရသည်။

မလုံခြုံသော ဘဝများစွာတွင် ပြည်သူများမှာ နေကြ စားကြ လုပ်ကိုင်ရှာဖွေ နေထိုင်ကြ ရသည်။ အရေးနှင့် အကြောင်းဆိုလျှင် မည်သူ့ကို အားကိုးရမှန်းပင် မသိသူ ပြည်သူများကား အနမတဂ္ဂ ရှိသည်။ အစိုးရအုပ်ချုပ်ရေး ယန္တရားကလည်း ပြည်သူ့ ဝန်ဆောင်မှုပေးဖို့ထက် အစိုးရ ဝန်ထမ်းကို ဖားလျားပြီး ကိုယ့်အလုပ် ကိုယ်ပြီးအောင် လုပ်ကြရသည်။ လျှပ်စစ်မီးအား မမှန်လည်း ပြဿနာရှာလို့ မရ၊ သုံးထားသည့် ဓာတ်အားခ သွင်းရသည်ပင် လူများစွာနှင့် တန်းစီကာ ပေးဆောင် နေရသည်။ ပြည်သူ့ ဝန်ဆောင်မှုကား ဝေးလွန်းလှသည်။

မိုးကျမှ ထွန်ချသည့် ဖြစ်ရပ်များကား မရေမတွက်နိုင်ပါ။ မိုးရွာမှ စည်ပင်က မြောင်းဖော်သည်။ ကွန်ကရစ်ဖြင့် အသေအုပ်ဖုံး ထားသော မြောင်းပေါက်ကြီးများကို တူးဆွလိုက်ပြီး လနှင့်ချီ အဖုံံးအကာ မဲ့ တွင်းဟောင်းလောင်း ပစ်ထားသည်။

လူတစ်ရပ်မက မြောင်းပေါက်များတွင်း ကျလျှင်၊ သေလျှင် မည်သူ့ကို အရေးယူမည်နည်း။ ယမန်နှစ်က လျှပ်စစ်ဓာတ်အား ကြိုးလိုင်းများ ပြတ်ကျသဖြင့် သေသူ များခဲ့သည်။ ယခုနှစ်တွင် လေပြင်းတိုက်သဖြင့် စည်ပင်သာယာ၏ ကြော်ငြာ ဆိုင်းဘုတ်များ ပြိုလဲကျပြီး ကားပေါ်ပိသည်။ မည်သူသည် တာဝန်ခံသနည်း။

ကျောင်းသား လူငယ်ပါမကျန် ပြည်သူကို အစဉ်အဆက် ဖိနှိပ်ခဲ့သော စစ်အစိုးရ အဆက်ဆက် ကိုလည်းကောင်း၊ ကတိစကား များဖြင့် ဝေဝါးစေရုံ ပြုလုပ်အပ်သော စစ်တပ်ကျောထောက်နောက်ခံပြု အစိုးရတစ်ရပ်ကိုလည်းကောင်း အဘယ်ပြည်သူ သည် နှစ်မြို့ပါအံ့နည်း။

ခေတ်ပြောင်းခေတ်လွဲအတွက် ကောင်းမွန်သော အစိုးရတစ်ရပ်အတွက် ပြည်သူကို မျက်နှာမူသော လူထုခေါင်းဆောင် ကို ရွေးချယ်နိုင်မည့် အထွေထွေ ရွေးကောက်ပွဲကို အနှိပ်စက်ခံ အနာရောဂါ ဒဏ်အပြည့်နှင့် ပြည်သူများက မျှော်ကြသည်။

ထိုစဉ်တွင် စုတ်ချာညံ့ဖျင်းသော အစီအမံနှင့် မဲစာရင်းများဖြင့် ကြိုပြန်သည်။ ပြည်သူများသည် အကြိမ်ကြိမ် အခါခါ အော့နှလုံး နာလှပါပြီ။ မြန်မာပြည် အရပ်ရပ် အရှေ့အနောက် တောင်မြောက်တို့တွင် လက်ရှိပြည်သူကိုလည်းကောင်း၊ အနာဂတ် မျိုးဆက် ပြည်သူများကိုလည်းကောင်း မျက်နှာမူသူကို လိုကြပါပြီ။ သစ်ပင်လှဲ၊ တောပြောင်၊ ဓာတုဗေဒ ပစ္စည်းစုံဖြင့် သတ္တုတူး ၊ တောင်ဖြို၊ မြစ်ကမ်းပါးပြို၊ အင်းခန်း၊ ချောင်းပျောက်၊ ရေကြီး၊ မီးလောင်၊ ရာသီဒဏ်၊ ဥတုဒဏ်တို့ကြောင့် ပြည်သူများကား ညစ်ထေး မွဲကြေ၊ အပူလုံးကြွပြီး လူလုံးမလှ ဖြစ်ခဲ့ရပေသည်။

ပြည်သူကို မြင်အောင်ကြည့်၊ ပြည်သူကို မျက်နှာမူ၊ ပြည်သူအတွက် အလုပ်အကျွေး ပြုရမည့် အချိန် ဖြစ်ပါပြီ။ မိမိတို့ ကိုယ်ကျိုး စီးပွားအတွက် တိုင်းပြည်ကို ထင်သလို ပြုမူနေသည်များကို ရပ်တန်း က ရပ်ချိန်တန်ပါပြီ။ မိမိအရေးကို နောက်ထား၍ ဖိနှိပ်ခံ ထားရသော ချူချာနေသည့် လူနာပမာ ပြည်သူတစ်ရပ်လုံး ကျန်းမာချမ်းသာစေရန် ဆုတောင်းပေးရုံသာမက အမှန်တကယ် ထူထူထောင် ထောင်ဖြစ်ရန်နှင့် ထည်ဝါဝံ့ကြွားနိုင်ရန် မြန်ပင်မကြာ လုပ်ဆောင်ကြပါမည့်အကြောင်း အစိုးရနှင့် လူထုကိုယ် စားလှယ်များအား မဇ္ဈိမက တိုက်တွန်းသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags