တရုတ်နယ်စပ်မှာကျင်းပဖို့လျာထားတဲ့ လက်နက်ကိုင်အားလုံးပါတဲ့ ထိပ်သီးအစည်းအဝေးက ဘာကြောင့် အရေးကြီးတာလဲ

တရုတ်နယ်စပ်မှာကျင်းပဖို့လျာထားတဲ့ လက်နက်ကိုင်အားလုံးပါတဲ့ ထိပ်သီးအစည်းအဝေးက ဘာကြောင့် အရေးကြီးတာလဲ
ချင်းအမျုးိသားတပ်ဦး၏ ဥက္ကဋ္ဌ ပူးဇင်ကျုံး။ (ဓာတ်ပုံ- အီးပီအေ)
 

ချင်းမိုင်၊ ဇွန် ၂၆ ။             ။ ၂၁ ရာစုပင်လုံ ညီလာခံမတိုင်မီ တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း(NCA)တွင် လက်မှတ်ထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့နှင့် လက်မှတ် မထိုးသေးသော အဖွဲ့အစည်းများ အားလုံးပါဝင်သည့် ထိပ်သီး အစည်းအဝေး တစ်ရပ်ကို ကျင်းပမည် ဖြစ်သည်။

၎င်းထိပ်သီး အစည်းအဝေး တက်ရောက်ရန် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (EAO Peace Process Steering Team-EAo PPST)၏ နှစ်ရက်ကြာ အစည်းအဝေးမှ ဆုံးဖြတ်ခဲ့သည်။

ဇွန်လ ၂၈ ရက်တွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် NCA လက်မှတ်ထိုးထားသော အဖွဲ့အစည်း ၈ ဖွဲ့မှ ခေါင်းဆောင်များနှင့် နေပြည်တော်တွင် ပထမဆုံးအကြိမ်   တွေ့ဆုံမည်ဖြစ်သည်။ ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး ပါဝင်လာနိုင်ရန် လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ ချင်းအမျုးိသားတပ်ဦး (CNF) ဥက္ကဋ္ဌ ပူးဇင်ကျုံးအား မဇ္ဈိမက ဆက်သွယ် မေးမြန်းထားသည်။

မေး။ ။ EAO PPST ရဲ့ ၂ ရက်တာ အစည်းအဝေးမှာ အဓိက ဘယ်လိုအချက်တွေကို ဦးစားပေး ဆွေးနွေးခဲ့ကြလဲ။

ဖြေ။ ။ အဓိကPPST ရဲ့ လုပ်ငန်းစဉ်တွေကို ဆွေးနွေးပါတယ်။ နောက်တခါ PPST အနေနဲ့ ရှေ့ဆက်ပြီးတော့ JMCနဲ့ UPDJC တို့ရဲ့ လုပ်ငန်းတွေကို ရှေ့ဆက်မယ်ဆိုတဲ့ကိစ္စတွေပါ ဆွေးနွေးခဲ့ပါတယ်။ လာမည့် မကြာတဲ့ကာလမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးပါဝင်တဲ့ ထိပ်သီးအစည်းအဝေးခေါ်ဖို့လည်း ဆွေးနွေးကြတာရှိပါတယ်။ အဲဒီထိပ်သီး အစည်းအဝေး လုပ်ဖို့ ဆောင်ရွက်နေတဲ့အပေါ်မှာ ကျနော်တို့ PPST ကနေပြီးတော့မှ ထောက်ခံအားပေးတဲ့ အကြောင်း ကျနော်တို့ တက်တက်ကြွကြွပါဝင်မယ့် အကြောင်း ဆွေးနွေးခဲ့ပါတယ်။ နောက် ဒီလကုန်ပိုင်းမှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ရန်အတွက် ကျနော်တို့ ညှိနှိုင်းမှုတွေ လုပ်ခဲ့ပါတယ်။

အဓိကတော့ NCA လက်မှတ်ထိုးထားတဲ့အဖွဲ့နဲ့ မထိုးထားတဲ့အဖွဲ့တွေ ရှိပါတယ်။ ဒီတော့ကာ ကျနော်တို့ အားလုံးအတူတကွ နိုင်ငံရေးဆွေးနွေးပွဲမှာ ပါဝင်နိုင်အောင် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပါဝင်လာအောင် ကျနော်တို့ ညှိနှိုင်းတဲ့ အနေအထားမျိုး ဖြစ်တယ်လို့ ပြောလို့ရတယ်ခင်ဗျ။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတဲ့အခါ ဘာတွေ ဆွေးနွေးသွားဖို့ ပြင်ဆင်ထားလဲ။

ဖြေ။ ။ ကျနော်တို့ အဓိကတော့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ၊ ၂၁ ရာစုပင်လုံညီလာခံပေါ့လေ။ ဒီကိစ္စနဲ့ ပတ်သက်ပြီးမှ အဓိက ဆွေးနွေးဖို့ ရှိပါတယ်။

မေး။ ။ တခြား ဘယ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ရှိသေးလဲ။

ဖြေ။ ။ အခုချိန်ထိတော့ နိုင်ငံတော် အတိုင်ပင်ခံ နဲ့ တွေ့ဖို့ confirm ဖြစ်ပါသေးတယ်။ သမ္မတနဲ့ ကာချုပ်နဲ့တွေ့ဖို့က ကျနော်တို့ သူတို့ဘက်က တွေ့နိုင်တဲ့ အနေထားမျိုးရှိတယ်ဆိုတော့ ကျနော်တို့တွေ့ဖို့ ကမ်းလှမ်းထားတာ ရှိပါတယ်။

မေး။ ။ ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံဆွေးနွေးခွင့် ရမယ်ဆိုရင် ဘယ်အချက်ကို ဦးစားပေးဆွေးနွေးမှာလဲ။

ဖြေ။ ။ ကာချုပ်နဲ့ တွေ့တဲ့အခါမှာ ကျနော်တို့ တိုင်းပြည်ရဲ့ အပြောင်းအလဲမှာ တပ်မတော်ရယ်၊ အစိုးရရယ် ဆက်သွယ်ပြီးတော့ ကျနော်တို့ ၃ နှစ်၊ ၄ နှစ်တာကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းတွေနဲ့ ဆွေးနွေးခဲ့တာ ရှိပါတယ်။ အပစ်အခတ် ရပ်စဲရေးတွေ လုပ်ထားတဲ့အတွက် တပ်မတော်နဲ့ တွေ့ဖို့က အင်မတန်မှ အရေးကြီးပါတယ်။ ဒါကြောင့် ဒီကိစ္စကို ဆွေးနွေးကြဖို့ အပြန်အလှန် နားလည်မှုရှိကြဖို့ အဓိက တွေ့ချင်တဲ့ ကိစ္စဖြစ်ပါတယ်။

မေး။ ။ ဒီထိပ်သီးအစည်းအဝေးက ဘယ်မှာ ကျင်းပဖို့ ရှိလဲ။

ဖြေ။ ။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အားလုံးပါဝင်တဲ့ ထိပ်သီးအစည်းအဝေးက အကြမ်းအာဖြင့် တရုတ်နယ်စပ် မိုင်ဂျာယန်မှာ ကျင်းပဖို့ လျာထားတာ ရှိပါတယ်။ ဒါပေမဲ့လို့ ကျင်းပရေးကော်မတီတွေ ထိုင်ပြီးတော့ ဆွေးနွေးမှာ ဖြစ်ပါတယ်။ အခြေအနေအရ ဖြစ်နိုင်တဲ့အနေရာ၊ အကောင်းဆုံးနေရာကို သူတို့ ရွေးချယ်မှာ ဖြစ်ပါတယ်။

မေး။ ။ NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေနဲ့ မထိုးသေးတဲ့အဖွဲ့အစည်းတွေ အားလုံးပါဝင်တဲ့ ထိပ်သီးအစည်းအဝေးက ဘယ်လောက်ထိ အရေးကြီးလဲ။ ဘယ်လိုတူညီတဲ့ အမြင်သဘောထားတွေ ရလိမ့်မယ်လို့ မျှော်င့်ထားလဲရှင်။

ဖြေ။ ။ ပြည်တွင်း ငြိမ်းချမ်းရေးတည်ဆောက်မယ်ဆိုရင် အပစ်အခတ် ရပ်စဲဖို့ လိုအပ်လာတယ်။ နောက်ပြီးတော့မှ ပြည်တွင်းစစ်ရဲ့ အရင်းခံပြဿနာတွေကို ရှာပြီးတော့မှ ဖြေရှင်းဖို့ လိုအပ်ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ရန်အတွက် အဖွဲ့အစည်း အသီးသီးပါဝင်ရန် လိုအပ်တဲ့အတွက် ကျနေ်ာတို့ အပစ်အခတ် ရပ်စဲရေး ပြုလုပ်နိုင်ဖို့ရာအတွက် ကျနော်တို့ အချင်းချင်း အစိုးရဟောင်းနဲ့လည်း တွေ့ဆုံခဲ့ပြီးဖြစ်ပါတယ်။ နောက် အားလုံးပါဝင်ပြီးတော့ လက်မှတ်ထိုးဖို့ အားလုံးပါဝင်ရေးကို အစိုးရ လက်မခံခဲ့တဲ့အတွက် အားလုံး လက်မှတ်မထိုးနိုင်တဲ့အနေထားလုပ်နိုင်ခဲ့ပါတယ်။ အဲဒါကြောင့် ဒီထိပ်သီးအစည်းအဝေးက အရမ်းကို အရေးကြီးပါတယ်။ အားလုံးပါဝင်တဲ့အနေအထားကို မြင်ချင်ပါတယ်။ ဒါမှ ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်တဲ့ နေရာမှာ ပြီးပြည့်စုံမယ်လို့ ကျနော်တို့ ယူဆထားပါတယ်ခင်ဗျ။

မေး။ ။ ဦးသိန်းစိန်အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ အဖွဲ့တွေ နားလည်မှု တစ်စုံတစ်ရာ ရရှိခဲ့တယ်။ အခုအစိုးရသစ်နဲ့ကြတော့ ငြိမ်းချမ်းရေးအတွက် ဘယ်လို ဆက်လက် လုပ်ဆောင်သွားမှာလဲ။

ဖြေ။ ။ ကျနော်တို့ အရင်အစိုးရနဲ့ ကျနော်တို့ အန်စီအေကို လက်မှတ်ထိုးပြီးသားဖြစ်ပါတယ်။ အဲဒီ အန်စီအေကိုလည်းပဲ ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရနဲ့ လက်မှတ်ထိုးထားတဲ့အတွက် အခုအစိုးရက ဆက်လက် သယ်ဆောင်သွားဖို့ရန်အတွက် ဆုံးဖြတ်တဲ့ အပေါ်မှာ ကျနေ်ာတို့ အများကြီးဝမ်းသာပါတယ်။ ပြီးတော့ ဒီအစိုးရသစ်ကလည်းပဲ အန်စီအေပါ သဘောတူညီချက်အတိုင်း အကောင်အထည်ဖော်မယ်လို့ ကျနော်တို့ ယူဆပါတယ်။ ပြီးတော့ ကျနော်တို့လည်း ပူးပူးပေါင်းပေါင်းလုပ်ဖို့ရန်အတွက် ဆန္ဒရှိပါတယ်ခင်ဗျ။

မေး။ ။ ၂၁ ရာစု ပင်လုံညီလာခံ မတိုင်ခင်မှာ နိုင်ငံရေဆွေးနွေးမှု မူဘောင်နဲ့ပတ်သက်လို့ ဆွေးနွေမှာနော်။ ဒီ PPST အစည်းအဝေးမှာရော သုံးသပ်တာတွေ ရှိလား။

ဖြေ။  ။ နိုင်ငံရေးဆွေးနွေးမှု မူဘောင်ကို ကျနေ်ာတို့ သုံးသပ် review လုပ်နိုင်တဲ့အနေအထားမျိုးရှိပါတယ်။ ဒီကိစ္စကိုလည်း ပြန်သုံးသပ်ဖို့ အစီအစဉ်ရှိပါတယ်။ အမြန်ဆုံး အနေနဲ့ ကျနော်တို့ အန်စီအေ လက်မှတ်ထိုးထားတဲ့အဖွဲ့အစည်းများနဲ့ မထိုးထားတဲ့ အဖွဲ့အစည်းတွေနဲ့ တွေ့တဲ့အချိန်မှာ တစ်စုံလုံးကို ပြန်ပြီး ပြင်ဆင်ဖြည့်စွက်မှုတွေ လုပ်မှာပါ။

မေး။ ။ တခြားဘာတွေများ ထပ်ဖြည့်ပြောပြချင်တာ ရှိသေးလား။

ဖြေ။ ။ ကျနော်တို့ လာမည့် နိုင်ငံရေးဆွေးနွေးပွဲကို အကောင်းဆုံးလုပ်ဆောင်လို့ရအောင် ကျနော်တို့ PPST ခေါင်းဆောင်များအနေနဲ့ ဆန္ဒရှိပါတယ်။ ထိုနည်းလည်းကောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပူးတွဲလုပ်ဆောင်ဖို့ ကျနေ်ာတို့ ဆန္ဒရှိပါတယ်။ အန်စီအေ အတိုင်းလည်းဘဲ အကောင်အထည်ဖော်ကြတယ်ဆိုရင် တိုင်းရင်းသားများ မျော်လင့်နေတဲ့ ဖက်ဒရယ် ပြည်ထောင်စုကြီး ကိုလည်း တည်ဆောက်နိုင်မယ်လို့လည်း တည်ဆောက်နိုင်လိမ့်မယ်လို့ ယူဆပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly