၂၀၁၅ အာရှစီနီယာ အလေးမပြိုင်ပွဲသို့မြန်မာ ကစားသမားနှစ်ဦး ၀င်ပြိုင်မည်

၂၀၁၅ အာရှစီနီယာ အလေးမပြိုင်ပွဲသို့မြန်မာ ကစားသမားနှစ်ဦး ၀င်ပြိုင်မည်
ပထမအကြိမ် အရှေ့တောင်အာရှ အလေးမပြိုင်ပွဲတွင် မြန်မာကစားသမားတစ်ဦး ၀င်ပြိုင်နေစဉ်။ (ဓာတ်ပုံ - Thailand Weightlifting)

ရန်ကုန်၊ ဇူလိုင် ၈၊ ။ ၂၀၁၅ စက်တင်ဘာတွင် ထိုင်းနိုင်ငံ၌ ပြုလုပ်မည်ဖြစ်သော ၂၀၁၅ အာရှ စီနီယာ အလေးမချန်ပီယံရှစ်ပြိုင်ပွဲသို့ မြန်မာ အလေးမအားကစားအဖွဲ့မှ ကစားသမားနှစ်ဦး စေလွှတ်ယှဉ်ပြိုင်စေမည်ဟု မြန်မာနိုင်ငံ အလေးမအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးမြင့်ဆွေက မဇ္ဈိမသို့ ပြောသည်။

မြန်မာအလေးမအားကစားအဖွဲ့သည် ၂၀၁၅ ဧပြီ ၁၆ ရက်မှ ဇွန် ၆ ရက်ထိ တရုတ်နိုင်ငံတွင် သွားရောက်ပူးတွဲလေ့ကျင့်မှု ပြုလုပ်ထားသည်။ တရုတ်ပြည် ပူးတွဲလေ့ကျင့်ရေးအပြီးတွင် ထိုင်းနိုင်ငံသို့ ဝင်ရောက်ကာ ပထမအကြိမ် အရှေ့တောင်အာရှ အလေးမချန်ပီယံရှစ်ပြိုင်ပွဲသို့ ဝင်ပြိုင်ခဲ့ပြီး ငွေတံဆိပ် တစ်ခုနှင့် ကြေးတံဆိပ် သုံးခု ရရှိလာခဲ့သည်။

လာမည့် စက်တင်ဘာ ၃ ရက်တွင် ထိုင်းနိုင်ငံ၌ စတင်ကျင်းပမည့် ၂၀၁၅ အာရှ စီနီယာ အလေးမချန်ပီယံရှစ်ပြိုင်ပွဲသို့ မြန်မာကစားသမားနှစ်ဦး ထပ်မံ စေလွှတ်ယှဉ်ပြိုင်ရန် ပြင်ဆင်နေသော်လည်း လက်ရှိအချိန်တွင် ပြိုင်ပွဲဝင်ပြိုင်မည့် ကစားသမားကို အပြီးသတ် ရွေးချယ်ထားခြင်း မရှိသေးပေ။

 ' အလေးမအဖွဲ့ချုပ်က လေ့ကျင့်ရေး ပြင်ဆင်ဖို့ စီစဉ်ထားတယ်။ အားကစားဝန်ကြီးဌာနရဲ့ အစီအစဉ်ကို လိုက်ရဦးမယ်။ အဲဒီအပေါ်မှာ မူတည်ပြီး လေ့ကျင့်မှာပါ။ ဂိုးကမ့်ဖွင့်ပြီး လေ့ကျင့်မလား၊ အဖွဲ့ချုပ်တွေကို တာဝန်ပေးမလား ဆိုတာ မသိရသေးဘူး။ သို့သော်လဲ ကစားသမားတစ်ဦးချင်းကို လေ့ကျင့်မှု မပြတ်အောင် ဒီမှာ ခေါ်ပြီး လေ့ကျင့်ထားတယ်'ဟု အလေးမအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးမြင့်ဆွေက ပြောသည်။

၂၀၁၅ စင်ကာပူ ဆီးဂိမ်းတွင် အိမ်ရှင်စင်ကာပူနိုင်ငံက အလေးမ ကစားနည်းကို ထည့်သွင်းကျင်းပခဲ့ခြင်းမရှိပေ။ ထို့ကြောင့် မြန်မာအလေးမ အဖွဲ့သည် ကစားသမားများ လေ့ကျင့်မှု မပြတ်စေရန်နှင့် ပြိုင်ပွဲ မပြတ်စေရန် တရုတ်ပြည်ပူးတွဲလေ့ကျင့်ရေးနှင့် ပထမအကြိမ် အရှေ့တောင်အာရှအလေးမပြိုင်ပွဲသို့ ဝင်ပြိုင်ခဲ့ခြင်းဖြစ်သည်။ ၂၉ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို လာမည့် ၂၀၁၇ ခုနှစ်တွင် မလေးရှား နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး အဆိုပါမလေးရှားဆီးဂိမ်းပြိုင်ပွဲတွင် အလေးမကစားနည်း ပါဝင်ရန် အလားအလာကောင်းနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly