အလုပ်သမားများအရေးကူညီဆောင်ရွက်နေသည့်အဖွဲ့အစည်းများ ခေါင်းပုံဖြတ်လုပ်အားခတောင်းခံပါက နိုင်ငံ၏ဥပဒေဖြင့်အရေးယူမည်ဟု ဒေါ်စုသတိပေး

အလုပ်သမားများအရေးကူညီဆောင်ရွက်နေသည့်အဖွဲ့အစည်းများ ခေါင်းပုံဖြတ်လုပ်အားခတောင်းခံပါက နိုင်ငံ၏ဥပဒေဖြင့်အရေးယူမည်ဟု ဒေါ်စုသတိပေး
ဓာတ်ပုံ-မဇ္ဈိမ

မြိတ်၊ ဇွန်- ၂၆ ။                ။ ထိုင်းရောက်မြန်မာလုပ်သားများ အရေးကူညီဆောင်ရွက်နေသည့် အဖွဲ့အစည်းများအနေဖြင့် မိမိနိုင်ငံသားအလုပ် သမားများအရေးဆောင်ရွက်ရာတွင်   ခေါင်းပုံဖြတ်လုပ်အားခတောင်းခံပါက နိုင်ငံ၏ ဥပဒေအရ အရေးယူမည်ဟု ဒေါ်အောင် ဆန်းစုကြည်က သတိပေးပြောကြားသွားကြောင်းသိရသည်။

 ဇွန်(၂၅)ရက် ညနေ(၃)ခန့်တွင် ထိုင်းရောက်မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးနယ်မြေခံ NGOs အဖွဲ့ (၁၃)ဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ထိုင်းနိုင်ငံ မြန်မာသံရုံး၌ တွေ့ဆုံစဉ်တွင် ၎င်းက ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

"တစ်ခါတစ်လေအလုပ်သမားတွေနဲ့ ပတ်သက်လို့ခေါင်းပုံဖြတ်တာလေးတွေ။ ဟုတ်တယ်လေ ဒါအမှန်အတိုင်း ပြောရမှာပဲ။ လုပ်ပေးခလေးတွေ ယူတာလေးတွေရှိပါတယ်လို့ ကျွန်မကြားရပါတယ်။ မလုပ်ပါနဲ့။ ဒါ ကိုယ့်လူမျိုးအချင်း ချင်းကိုဒီလိုမလုပ်ပါနဲ့။ ဒုက္ခရောက်နေသူတွေကို ဖိပြီးတော့ နင်းတယ်ဆိုတာ လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စ မဟုတ်ဘူး။ အကယ်၍ ကျွန်မတို့ သိလို့ရှိလို့ရှိရင်လည်း ကျွန်မတို့နိုင်ငံရဲ့ ဥပဒေအရလည်း အရေးယူပါမယ်" ဟု ၎င်းက သတိပေး မှာကြားခဲ့သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ထိုင်းဝန်ကြီးချုပ်၏ ဖိတ်ခေါ်မှုအရ ရောက်ရှိ လာခဲ့ခြင်းဖြစ်သော်လည်း ထိုင်းနိုင်ငံသို့ရောက်ရှိနေသည့်   မြန်မာလုပ်သားများအရေး၊   ပြဿနာများနှင့်ပတ်သက်၍ ကောင်းကောင်း သဘောပေါက်နားလည်ထားသည့် အခြေအနေမျိုးဖြစ်မည်ဟုယူဆကြောင်း အဆိုပါတွေ့ဆုံပွဲတွင် ကိုယ်တိုင်တက်ရောက်ခဲ့သည့် NCCM. AMT (National Catholic Commission on  Migration).(Aid for Migrants in Thiland)အဖွဲ့၏ အဖွဲ့ဝင် ဒေါ်မီလင်းဖြူကမှတ်ချက်ပြုပြောကြားခဲ့သည်။

ထိုင်းရောက်မြန်မာလုပ်သားများ၏ အခက်အခဲ၊ တောင်းဆိုမှုများမှာ များပြားသည်ဆိုသော်လည်း နိုင်ငံတော်အကြံပေးပုဂ္ဂိုလ်၏ ကြိုးစားပေးမည်ဟူသည့် ကတိစကားသည် မြန်မာလုပ်သားများအတွက် အားတက်စရာအခြေအနေတစ်ခုဟုလည်း ၎င်းကဆိုသည်။

 အဆိုပါတွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က တက်ရောက်လာခဲ့သည့် နယ်မြေခံ NGOs အဖွဲ့၏ တင်ပြ ချက်များကို အပြန်အလှန်ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး နိုင်ငံသားလုပ်သားများကို ကူညီ၊ ကာကွယ်စောင့်ရောက်ရာတွင် အိမ်ရှင်နိုင်ငံ၏ ဥပဒေအပေါ်လေးစားလိုက်နာပြီးမှ ဆောင်ရွက်ကြရန် တိုက်တွန်းခဲ့ကြောင်းလည်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly