ဘာတွေဖြစ်ကုန်ကြပြီလဲ

ဘာတွေဖြစ်ကုန်ကြပြီလဲ

အခုတလော ကြားရတဲ့သတင်းတွေက ကြားရသူအားလုံးရဲ့စိတ်ကို ခြောက်ခြားစေပါတယ်။ မူလတန်းကျောင်းအုပ်ဆရာမက လူတစ်ယောက်ရဲ့လည်မြိုကို ဓါးမနဲ့လှီးဖြတ်ပြီး ဆွဲကြိုးနဲ့ လက်ဝတ် လက်စားတွေ ယူသတဲ့။ ဆရာဝန်တစ်ဦးက လုပ်ဖေါ်ကိုင်ဖက် သူနာပြုဆရာမကို ပါးရိုက်သတဲ့။ အင်တာနက် လူမှုကွန်ရက်စာမျက်နှာတစ်ခုမှာ ဓါတ်ပုံနဲ့တကွ ဖတ်ရ တွေ့ရတာကတော့ လှည်းတန်း ခုံးကျော်တံတားအောက်မှာ အဖိုးအို အဖွားအိုတွေကို လူတစ်ယောက်က ခတ်လှမ်းလှမ်းက စောင့်ကြည့်နေပြီး တောင်းစားခိုင်းနေသတဲ့။ ရတဲ့ ပိုက်ဆံ သူက ယူသတဲ့။

ရုပ်ပုံနဲ့တကွ ဖေါ်ပြတာမဟုတ်ပေမယ့် အင်တာနက် လူမှုကွန်ရက် စာမျက်နှာတစ်ခုမှာရေး ထားတဲ့ အကြောင်းအရာတစ်ခုမှာတော့ ရန်ကုန်မြို့မှာ ကလေးတွေကို တောင်းစားခိုင်းစားနေတဲ့ ဂိုဏ်းတစ်ခု ရှိသတဲ့။ ဘယ်ကရလာမှန်းမသိတဲ့ကလေးတွေကို တောင်းစားပုံသင်တန်းတွေပေးသတဲ့။ အဲသလို သင်မပေးခင် ပါးစပ်တွေ မျက်နှာတွေနဲ့ အလွယ်တကူနာကျင်စေနိုင်တဲ့နေရာတွေကို စူးတွေ မီးပူတွေ ဓါးတွေနဲ့ ထိုးဆွနှိပ်စက်၊ ထမင်း ရက်တော်တော်ကြာ မကျွေးပဲထား၊ တစ်ဦးနဲ့တစ်ဦး လုံးဝစကားမပြောစေပဲ အတူတူထား၊ စကားပြောရင် နှိပ်စက်။ မူးယစ်ဆေးတွေ ထိုးပေး။ ဒီလိုနဲ့ ကလေးတွေဟာ ဒုက္ခိတကလေးတွေဖြစ်လာ။ ဆွံ့အသလိုဖြစ်လာ။ နောက်တော့မှ တောင်းရမ်းနည်း တွေ သင်ပေးပြီး မြို့ထဲမှာ လိုက်တောင်းစေသတဲ့။ အဲဒီကလေးတွေတောင်းရမ်းလို့ရတဲ့ပိုက်ဆံကို ခိုင်းစေသူတွေက ယူကြသတဲ့။

ပညာရေးနိမ့်ကျမှုကြာလာတဲ့အခါ ဆင်းရဲမွဲတေမှု ကြီးမားတဲ့အခါ အဲဒီနှစ်ခုပေါင်းမိသွားပြီး လူတွေ လမ်းလျှောက်လာရင်းက နှလုံးထီ အကြီးကြီးပေါက်ဖို့ဆုတောင်းရာကနေ လမ်းဘေး ဆွဲကြိုး ကောက်ရရင် ကောင်းမှာလို့ တွေးလာကြပါတယ်။ ပစ္စည်းကောက်ရရင် ပိုင်ရှင်ဘယ်သူလည်း ပြန်ပေးဖို့ မစဉ်းစားချင်တော့ဘူး။ သူများပစ္စည်း ဘယ်လို အချောင်ယူလို့ရရင် ကောင်းမလည်း စဉ်းစား တာဟာ သမရိုးကျဖြစ်လာတယ်။ အစိုးရဝန်ထမ်းတွေထဲမှာဆိုရင် ရာထူးက အရေးမကြီးဘူး အောက်ဆိုက်ဝင်ငွေ ဘယ်လောက်ရသလဲပဲ အရေးကြီးတယ်။ အောက်ဆိုက်ဝင်ငွေ များများရတဲ့သူက မျက်နှာကြီးတယ်။ အရေးပိုပါလာတယ်။ အဲသလို အောက်ဆိုက်များများရတဲ့ ဝန်ထမ်းကိုပဲ သမီးရှင် တွေက အလေးထားကြတယ်။ တော်တယ် တတ်တယ် ထက်မြက်တယ်လို့ အထင်ကြီးကြရတယ်။ အောက်ဆိုက်များများ မရှာနိုင်တဲ့ဝန်ထမ်းကို ဘယ်သူကမှ အထင်မကြီးကြဘူး။

အဲဒီလိုသတင်းတွေ၊ အဲဒီလို အဖြစ်အပျက်တွေ၊ အဲဒီလို စဉ်းစားချက်တွေ အဲဒီလို စိတ်နေ စိတ်ထားတွေဟာ လူ့အဖွဲ့အစည်းတစ်ခု၊ နောက်ကို နှစ်တစ်ရာမက ပြန်ဆုတ်သွားကြရမယ့် လက္ခ ဏာတွေပါပဲ။ လူ့အဖွဲ့အ စည်းတစ်ခု ခြေလွတ်လက်လွတ် ပြုတ်ကျရတော့မယ့် အရိပ်အယောင်တွေပဲ။

ရှိတော့ ရှိခဲ့ဖူးပါတယ်။ ရွာတစ်ရွာက ဘယ်သူမဆိုတည်းခိုလို့ရတဲ့ ဇရပ်မှာ ပစ္စည်းထုပ် မေ့ကျန်ခဲ့တာ တစ်လကြာမှ ပြန်လာရှာ ပြန်တွေ့ရသတဲ့။ သူများပစ္စည်း အချောင်ယူချင်တဲ့စိတ်ဟာ ရှက်စရာပါ ဆိုတဲ့ခေတ် ရှိခဲ့ဖူးသတဲ့။

အဲသလိုပါပဲ။ မေတ္တာတရားကြီးမားမှုကို ပြဆိုတဲ့ အဖြစ်အပျက်တွေ၊ ကိုယ်ချင်းစာနာမှုကို တန်ဘိုးထားတဲ့ အဖြစ်အပျက်နဲ့ ယဉ်ကျေးမှုအစဉ်အလာတွေ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ တချိန်က အပေါ်စီးက နေရာယူ ရှိနေခဲ့ဖူးတာပဲ။ အခုတော့ ဒီအဖြစ်အပျက်တွေ ဒီယဉ်ကျေးမှုအစဉ်အလာ တွေဟာ တိမ်ကောလုနီးပါး ရှိလာနေပါပြီ။ ကျွန်တော်တို့နိုင်ငံရဲ့ ကောင်းမွန်တဲ့အတိတ်တွေဟာ အတိတ်မှာပဲ ကျန်ရစ်ခဲ့ကြရတော့မလို ဖြစ်လာနေပါပြီ။

တကယ်တော့ ဒီလိုဖြစ်လာရခြင်းအကြောင်းရင်းကတော့ အင်အားကြီးသူက အင်အားနည်းသူ ကို တဖက်သတ်အနိုင်ကျင့်ရာကနေ အင်အားအဓိက အင်အားသည်သာ အမှန်တရားဆိုတဲ့စိတ်ဓါတ် တွေကနေ ဖြာထွက်လာတဲ့ ဘေးထွက် အကျိုးသက်ရောက်မှုတွေပါပဲ။ မေတ္တာတရားက အရောင်မှိန် ပြီး များများညစ်နိုင်လေ၊ များများ အချောင်ရှာနိုင်လေ ကောင်းသထက်ကောင်းလေ ဆိုတဲ့ အတ္တလွန် ကဲ ယဉ်ကျေးမှုတွေဟာ အဲဒီ အင်အားသည်သာ အမှန်တရား၊ အကြမ်းဖက်မှုသည်သာ အားထားရာ ဆိုတဲ့ အဓိကပင်မကြောရိုးက ဖြာထွက်လာတဲ့ အကျိုးသက်ရောက်မှုတွေပါပဲ။

ကျွန်တော်တို့ မြန်မာ့လူ့အဖွဲ့အစည်း ဗြဟ္မစိုတရားကြီးစိုးပြီး စိတ်ဓါတ်မှန်ကန်ကြွယ်ဝတဲ့ တိုင်းပြည်တစ်ခု ပြန်ဖြစ်လာစေရေး အသက်တမျှ အရေးကြီးကြောင်းနဲ့ အချိန်နဲ့အမျှ ပြုတ်ကျလာနေ တဲ့ မိမိတို့တိုင်းပြည် စိတ်ဓါတ်ရေးချွတ်ခြုံကျမှုကြီးကို ဝိုင်းဝန်းပြန်လည်ဆယ်မနိုင်ပါစေကြောင်း မဇ္ဈိမ က တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly