လာမည့်ရာသီတွင် အိုဇေးလ်ကို နံပါတ် ၁၀ နေရာ၌ အာဆင်နယ်အသင်း ထားကစားမည်

လာမည့်ရာသီတွင် အိုဇေးလ်ကို နံပါတ် ၁၀ နေရာ၌ အာဆင်နယ်အသင်း ထားကစားမည်

ဇူလိုင် ၈၊ လန်ဒန်။ ။ ပရီးမီးယားလိဂ်ချန်ပီယံဆုရယူရန် ပစ်မှတ်ထားနေသော အာဆင်နယ်အသင်းနည်းပြ အာစင်ဝင်းဂါးသည် လာမည့်ရာသီတွင် အိုဇေးလ်ကို နံပါတ် ၁၀ နေရာ၌ ထားကစားရန် ဆန္ဒရှိနေသည်။

ဂျာမန်ကွင်းလယ်ကစားသမားအိုဇေးလ်သည် ၂၀၁၄-၁၅ ဘောလုံးရာသီတွင် တာဝန်ယူကစားရသည့်နေရာ၌ ခြေစွမ်းပြကစားနိုင်ခဲ့သည်။ သို့ ဖြစ်ရာ အသင်း၏ဈေးအကြီးဆုံး ပေါင် ၄၂ သန်းတန်ကစားသမားအနေဖြင့် လာမည့်ရာသီချန်ပီယံစိန်ခေါ်မှုတွင် အဓိက ကစားသမားဖြစ်လာနိုင်သည်ဟု အာစင်ဝင်းဂါးကယုံကြည်သဖြင့် အိုဇေးလ်ကိုတည်ပြီး အသင်းအားတည်ဆောက်ရန် ဆုံးဖြတ် ခဲ့သည်။

အသင်း၏ပုံစံသစ်တွင် အိုဇေးလ်ကို နံပါတ် ၁၀ ကစားသမားအဖြစ် အာစင်ဝင်းဂါးက တာဝန်ပေးမည်ဖြစ်သည်။ ယခင်က ဘယ်တောင်ပံ၊ ညာ တောင်ပံနေရာများတွင် ကစားခဲ့ရသော အိုဇေးလ်သည် အာဆင်နယ်နှင့်ပထမနှစ်နှစ်အတွင်း ဒဏ်ရာများကြောင့် ရုန်းကန်ခဲ့ရသည်။

သို့သော် ကမ္ဘာ့ဖလားချန်ပီယံ အိုဇေးလ်သည် ပြီးခဲ့သည့်ရာသီပရီးမီးယားလိဂ်တွင် အာဆင်နယ်အသင်းအတွက် အရေးပါသောကစားသမား ဖြစ်ခဲ့ပြီး တိုက်စစ်မှူး၏ နောက်တွင်လိုက်ပါကစားရသော ကစားသမားအဖြစ် အက်ဖ်အေဖလားဗိုလ်လုပွဲတွင် ခြေစွမ်းပြနိုင်ခဲ့သည်။

၂၀၁၀ ခုနှစ်က အိုဇေးလ်ကို ရီးယဲလ်မက်ဒရစ်အသင်းသို့ခေါ်ယူခဲ့သည့် မော်ရင်ဟိုက "ကမ္ဘာ့အကောင်းဆုံး နံပါတ် ၁၀ ကစားသမား"ဟု ညွှန်းဆိုခဲ့ဖူးပြီး ယခုအခါ အာစင်ဝင်းဂါးကလည်း ယင်းသို့ ထင်မြင်ယူဆလာခြင်းဖြစ်သည်။

အိုဇေးလ်သည် ပြီးခဲ့သည့်ရာသီက တခြားနေရာများထက် နံပါတ် ၁၀ တာဝန် (ကွင်းလယ်တိုက်စစ်၊ နောက်ချန်တိုက်စစ်၊ တိုက်စစ်ကိုပံ့ပိုးသူ၊ ကစားကွက်ဖန်တီးသူ) နေရာတွင် ဂိုးဖန်တီးမှုပိုမိုပြုလုပ်နိုင်ခဲ့ပြီး ဂိုးလည်းပိုမိုသွင်းယူနိုင်ခဲ့သည်။

Ref : mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly