အီးယူက ဗြိတိန်နုတ်ထွက်မှုဂယက်အဖြစ် ကမ္ဘာ့ရှယ်ယာစျေးအကြီးအကျယ် ဆုံးရှုံးမှုကြံု

အီးယူက ဗြိတိန်နုတ်ထွက်မှုဂယက်အဖြစ် ကမ္ဘာ့ရှယ်ယာစျေးအကြီးအကျယ် ဆုံးရှုံးမှုကြံု

လန်ဒန်၊ ဇွန် ၂၅ ။              ။ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဖြင့် အီးယူအဖွဲ့ဝင်အဖြစ်မှ ဗြိတိန်နိုင်ငံ နုတ်ထွက်မဲအနိုင်ရပြီးနောက် တစ်ကမ္ဘာ့လုံးက ရှယ်ယာဈေးကွက်များတွင် ကြီးကြီးမားမား အရှုံးပေါ်နေကာ ဇွန် ၂၄ ရက်က အမေရိကန်ဒေါ်လာ ၂ ဒဿမ ၁ ထရီယံ ဆုံးရှုံးပြီး ကမ္ဘာ့စီးပွားရေးအပေါ် ခြိမ်းခြောက်မှုသစ်များ ရင်ဆိုင်ရမည့်အရေးကို ကုန်သည်များက စိုးရိမ်ပူပန်နေသည်။

နုတ်ထွက်မဲရလဒ် ထွက်ပေါ်လာပြီးနောက်ပိုင်း ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကမ်မရွန်းက ရာထူးက နုတ်ထွက်မည် ကြေညာခဲ့ရာ နိုင်ငံအား မည်သူဦးဆောင်မည်နည်း အပါအဝင် ဗြိတိန်၏ ကြီးမားသော အလှည့်အပြောင်း ရှေ့ရေးအတွက် မေးခွန်းများစွာရှိနေသောကြောင့် ရင်းနှီးမြုပ်နှံသူများသည် အာမခံစိတ်ချရမှုရှိသော ရွှေ၊ ယန်းငွေနှင် ငွေချေးစာချုပ်များသို့ အပြေးအလွှား ရင်းနှီးမြုပ်နှံလာကြသည်။

အီးယူမှ ဗြိတိန် နုတ်ထွက်သွားခြင်းကြောင့် တိုကျိုနှင့် ပါရီတို့ရှိ ရှယ်ယာဈေးများ ရှစ်ရာခိုင်နှုန်း ဆုံးရှုံးပြီး ဂျာမနီ ရှယ်ယာက ခုနစ်ရာခိုင်နှုန်း အရှုံးကြုံသည်။ ဗြိတိန်နှင့် အမေရိကန် ရှယ်ယာများကမူ သုံးရာခိုင်နှုန်းကျော် အရှုံးပေါ်သည်။

ဗဟိုဘဏ်များက စီးပွားရေးယုံကြည်မှုများ မြှင့်တင်ပေးနိုင်ရေးအတွက် သိသိသာသာအရှုံးပေါ်ခြင်းများ နည်းပါးသက်သာရာရအောင် လိုအပ်သည့်နေရာများ၌ ငွေပေါ်လွယ်မှု ဖြစ်လာအောင် စွမ်းဆောင်မှုများ လုပ်ဆောင်ပေးမည်ဟု ကတိပြုပြောကြားလာကြသည်။

ပေါင်ငွေဈေးသည် ကုန်သွယ်မှုနှောင်းပိုင်း၌ ဒေါ်လာနှင့်ယှဉ်ကာ ၉ ဒဿမ ၁ ရာခိုင်နှုန်း ဈေးကျသည်။ ယင်းမတိုင်မီက ၃၁ နှစ်အတွင်း အနိမ့်ဆုံးအဖြစ် ၁၀ ရာခိုင်နှုန်းအထိ ကျခဲ့သည်။

ယူရိုငွေကြေးမှာလည်း ဒေါ်လာနှင့်ယှဉ်လျှင် ၂ ဒဿမ ၆ ဆင့် ကျနေသည်။

အာမခံစိတ်ချရမှုရှိသည့် ရွှေက အရောင်းအဝယ်လိုက်ကာ ငါးရာခိုင်နှုန်းနီးပါး ခုန်တက်ပြီး ယန်းငွေဈေးလည်း ဒေါ်လာနှင့် ယှဉ်ပါက ၄ ဒဿမ ၂ ရာခိုင်နှုန်း ထိုးတက်ခဲ့သည်။ ဒေါ်လာဈေးက ၂၀၁၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအဖြစ် ယန်းငွေ ၁၀၀ အောက်သို့ ကျဆင်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly