ကာဘာယီကို ခေါ်ယူရန် ခရစ္စတယ်ပဲလေ့စ်အသင်း သဘောတူညီမှု ရရှိ

ကာဘာယီကို ခေါ်ယူရန် ခရစ္စတယ်ပဲလေ့စ်အသင်း သဘောတူညီမှု ရရှိ

လန်ဒန်၊ ဇူလိုင် ၈။ ။ ခရစ္စတယ်ပဲလေ့စ်အသင်းသည် ပီအက်စ်ဂျီအသင်းမှ ပြင်သစ်ကွင်းလယ်ကစားသမား ကာဘာယီကို ပြောင်းရွှေ့ကြေး ပေါင် ၁၂ ဒသမ ၈ သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိသွားပြီ ဖြစ်သည်။

ကာဘာယီကို ဝက်စ်ဟမ်းအသင်းကလည်း ခေါ်ယူရန်စိတ်ဝင်စားခဲ့သော်လည်း ပဲလေ့စ်အသင်းသည် မူလကမ်းလှမ်းထားသည့် ပေါင် ၁၀ သန်းမှ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၂ ဒသမ ၈ သန်းပေးချေကာ သဘောတူညီမှု ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ကာဘာယီသည် ဆရာဟောင်း အလန်ပါဂျူးနှင့် ပဲလေ့စ်အသင်းတွင် ပြန်လည် လက်တွဲရတော့မည် ဖြစ်သည်။

ကာဘာယီသည် ၂၀၁၄ ခုနှစ် ဇန်နဝါရီလက နယူးကာဆယ်အသင်းမှ ပီအက်စ်ဂျီအသင်းသို့ ပေါင် ၁၉ သန်းဖြင့် ပြောင်းရွှေ့ခဲ့သူ ဖြစ်သည်။ ပီအက်စ်ဂျီအသင်းတွင် ပွဲထွက်ကစားသမားအဖြစ် ၁၃ ပွဲ၊ လူစားဝင်ကစားသမားအဖြစ် ၁၁ ပွဲသာ ပါဝင်ကစားခဲ့ပြီး ပွဲချိန်ပြည့် ၁ ပွဲသာ ကစားခွင့်ရခဲ့သည်။ မိနစ်ဖြင့် တွက်ချက်ကြည့်ပါက ၉၆၇ မိနစ်သာ ကစားခဲ့ရသည်။ ထို့ကြောင့် ကာဘာယီသည် ပုံမှန် ပွဲထွက်ကစားခွင့်ရမည့် အသင်းသို့ ပြောင်းရွှေ့လိုနေခဲ့သူ ဖြစ်သည်။

ပဲလေ့စ်အသင်းနည်းပြ အလန်ပါဂျူးသည် ကာဘာယီအပြင် ဆွမ်ဆီးအသင်းမှ ဝေးလ်နောက်ခံလူ အက်ရှ်လေဝီလျံကိုလည်း ခေါ်ယူနိုင်မည်ဟု ယုံကြည်လျက်ရှိသည်။
အသက် ၃၀ အရွယ်ရှိ ဝီလျံ၏ တန်ကြေးမှာ ပေါင် ၁၂ သန်းခန့်ရှိနေပြီး ပြီးခဲ့သည့်နှစ်ကမှ ဆွမ်ဆီးနှင့် ငါးနှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုထားသူ ဖြစ်သည်။ ပြီးခဲ့သည့်ရာသီက ဝီလျံကို အာဆင်နယ်အသင်းက ခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့ပေ။ ပဲလေ့စ်အသင်း၏ ဥရောပဝင်ခွင့်တိုက်ပွဲအတွက် ဝီလျံက ကူညီပေးနိုင်လိ့မ်မည်ဟု နည်းပြ အလန်ပါဂျူးက ယုံကြည်နေသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly