ကျောက်မျက်ပြပွဲတွင် စပေါ်ငွေ ငါးဆတိုးမြှင့်၊ တစ်ကယ်ဝယ်မည့်သူများသာ လာရောက်တော့ဟုဆို

ကျောက်မျက်ပြပွဲတွင် စပေါ်ငွေ ငါးဆတိုးမြှင့်၊ တစ်ကယ်ဝယ်မည့်သူများသာ လာရောက်တော့ဟုဆို

နေပြည်တော်(ဇွန်လ ၂၄ရက်၊ ၂၀၁၆ခုနှစ်)။ ။အစိုးရသစ်လက်ထက်အတွင်း ပထမဆုံးအကြိမ်ပြုလုပ်သည့်  ၅၃ ကြိမ်မြောက် ကျောက်မျက်ပြပွဲနှင့် ရောင်းချပွဲအား နေပြည်တော်တွင် ယနေ့စတင်ကျင်းပလျက်ရှိပြီး အဆိုပါ ပြပွဲနှင့် ရောင်းချပွဲတွင် နိုင်ငံခြားသားများအတွက် စပေါ်ငွေကို ယူရိုငွေ ငါးသောင်းအထိ တိုးမြှင့်သတ်မှတ်ထားကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိန်က ပြောသည်။

ယခင်က စပေါ်ငွေအဖြစ် ယူရိုငွေ တစ်သောင်း သတ်မှတ်ခဲ့ရာမှ ယူရို ငါးသောင်းအထိ တိုးမြှင့်သတ်မှတ်လိုက်သော ၅၃ ကြိမ်မြောက် ကျောက်မျက်ပြပွဲနှင့် ရောင်းချပွဲအား နေပြည်တော်ရှိ မဏိရတနာကျောက်မျက်ခန်းမတွင် ဇွန်လ ၂၄ရက်ကစပြီး နှစ်ပတ်ကြာ ရောင်းချသွားမည် ဖြစ်သည်။

"အရင်ဆိုရင် စပေါ်ငွေက ယူရိုတစ်သောင်းလောက်ပဲယူတော့ နိုင်ငံခြားသားတွေ အများကြီးလာတယ်။ယူရို ၅သောင်းလောက်တန်တဲ့ ပစ္စည်းက ယူရို တစ်သိန်းကျော်လောက်ဖြစ်သွားပေမယ့် တစ်ကယ်ငွေမချေကြဘဲ အရောင်းအဝယ်တွေပျက်သွားတာရှိလို့ စပေါ်ငွေကို တိုးလိုက်တာ။ဒီလိုတိုးလိုက်တော့ တစ်ကယ်ဝယ်မယ့်သူတွေပဲလာပြီး ဈေးလည်းမှန်သွားတယ်" ဟု ဦးဝင်းထိန်က ပြောသည်။

အဆိုပါ ပြပွဲအတွင်း ဇွန်လ ၂၅၊ ၂၆ ရက်နေ့တွင် ပုလဲ ၃၆၅ တွဲ၊ ဇွန်လ ၂၇ ရက်နေ့တွင် ကျောက်မျက် ၅၁၂ တွဲနှင့် ဇွန်လ ၂၈ ရက်နေ့မှ ဇူလိုင်လ ၆ ရက်နေ့အထိ ကျောက်စိမ်း ၆၀၆၂ တွဲ စုစုပေါင်း ၆၉၃၉တွဲအား ပြသရောင်းချမည်ဖြစ်ကြောင်း ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီက သတင်းထုတ်ပြန်ထားသည်။

ကျောက်မျက်ပြပွဲနှင့် ရောင်းချပွဲသို့ တရုတ်နိုင်ငံမှ ၁၉၄၂ ဦး၊ အိန္ဒိယမှ ၁ ဦး၊ စင်ကာပူမှ ၂ ဦး၊ ဂျပန်နိုင်ငံမှ ၄ ဦးနှင့် ထိုင်းနိုင်ငံမှ ၂၄ ဦး စုစုပေါင်း ၁၉၇၃ ဦး၊ ပြည်တွင်းမှ ရတနာကုန်သည် ၁၄၀၉ ဦး စုစုပေါင်း ၃၃၈၂ ဦး တက်ရောက်ရန် မှတ်ပုံတင်ထားသည်။

ယခင်နှစ်များက ကျောက်မျက်ပြပွဲနှင့် ရောင်းချပွဲကို တစ်နှစ်လျှင် ၃ ကြိမ်ပြုလုပ်ခဲ့သော်လည်း ယခုအခါ တစ်နှစ်လျှင် နှစ်ကြိမ်သာ ပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာငွေနှင့်ဝယ်ယူရန်နှင့် ယူရိုငွေဖြင့် ဝယ်ယူရန် တစ်ကြိမ်စီ ရောင်းချသွားမည်ဖြစ်ကြောင်း ဦးဝင်းထိန်က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags