အီးယူကနေ ဗြိတိန်ထွက်ဖို့ မဲပေးဆုံးဖြတ်ခဲ့တဲ့အပေါ် ကမ္ဘာ့ အသိုင်းအဝိုင်းမှ ထွက်ပေါ်လာသော မှတ်ချက်စကားများ

အီးယူကနေ ဗြိတိန်ထွက်ဖို့ မဲပေးဆုံးဖြတ်ခဲ့တဲ့အပေါ် ကမ္ဘာ့ အသိုင်းအဝိုင်းမှ ထွက်ပေါ်လာသော မှတ်ချက်စကားများ

ဇွန် ၂၄ ။            ။ ဥရောပသမဂ္ဂ (အီးယူ) ကနေ ဗြိတိန်နိုင်ငံ နှုတ်ထွက်ဖို့ မဲခွဲဆုံးဖြတ်ခဲ့တဲ့အပေါ် ကမ္ဘာတစ်ဝန်းက ထင်ရှားသည့် ခေါင်းဆောင် တစ်ချို့၏ ပြောကြားချက်များ ထွက်ပေါ်လာခဲ့သည်။

" ဒီကနေ့ ဖြစ်စဉ်နောက်ပိုင်းမှာဆိုရင် အီးယူအဖွဲ့ဝင် နိုင်ငံပေါင်း ၂၇ နိုင်ငံသာကျန်တော့တဲ့အချိန်ရောက်လာပါပြီ၊ ဒါကြောင့် ဒီ ၂၇ နိုင်ငံက  ခေါင်းဆောင်တွေရဲ့ကိုယ်စားပြောချင်တာကတော့ ကျန်ရှိနေတဲ့ ၂၇ နိုင်ငံစလုံးအနေနဲ့ ဆက်လက်ပြီး စုစည်းညီညွတ်မှုတစ်ခုကို ထိန်းသိမ်းသွားဖို့ပဲဖြစ်ပါတယ်" -ဒေါ်နယ်တက်စ် ( ဥရောပ ကောင်စီ ဥက္ကဌ)

"ဒီ ဖြစ်စဉ်ဟာ တကယ့်ကို ကြီးကျယ်ကောင်းမွန်တဲ့ ကိစ္စတစ်ခုပါ၊ ဗြိတိန်သူ ဗြိတိန်သားတွေဟာ သူတို့ နိုင်ငံကို သူတို့ ပြန်ထိန်းထားနိုင်လိုက်ပါပြီ" -  ဒေါ်နယ် ထရန့် (အမေရိကန် ရီပတ်ဘလစ်ကန် သမ္မတကိုယ်စားလှယ်လောင်း)

" ခုချိန်မှာ ကျွန်တော်တို့အတွက် တကယ့်ကို အရေးကြီးတဲ့ အချိန်ကို ကျရောက်လို့လာခဲ့ပါပြီ၊ ဒေးဗစ် ကင်မရွန်းအနေနဲ့ သူ့နိုင်ငံအတွက် သူ့တာဝန်ကို သူယူပါလိမ့်မယ်၊ အဲဒီအတိုင်းပဲ ကျွန်တော်တို့ကလည်း အီးယူရဲ့ အနာဂတ်အတွက် ကျွန်တော်တို့ရဲ့ ကိုယ်စီတာဝန်တွေကို ကျေအောင်ထမ်းရလိမ့်မယ်၊ ခုချိန်မှာ ဈေးကွက်ထဲမှာ စတာလင်ပေါင်ငွေကြေး အခြေအနေဘယ်လိုရှိနေပြီလဲဆိုတာ ခင်ဗျားအမြင်ပဲလေ၊ ကျွန်တော်တု့ိ ယူရိုငွေကိုတော့ အဲဒီအတိုင်းမဖြစ်စေချင်ဘူး" - မာတင် စခူးလ် ( အီးယူပါလီမန် ဥက္ကဌ)

" ဗြိတိန်နိုင်ငံသားတွေအတွက် ဝမ်းမြောက်မိပါတယ်၊ ခုချိန်မှာ ကျွန်တော်တို့အလှည့်ရောက်လာခဲ့ပါပြီ၊ ဒက်ချ်တွေရဲ့ ဆန္ဒခံယူပွဲလုပ်ဖို့ အချိန်ကျလာပါပြီ"- ဂရိ ဝိုင်ဒါစ် ( ဒက်ချ် လွတ်မြောက်ရေးပါတီခေါင်းဆောင်)

" ခင်ဗျားတို့ မြင်တွေ့ခဲ့ရတဲ့ ဗြိတိန်တို့ရဲ့ မကျေနပ်ချက်တွေလိုမျိုးက တစ်ခြား နိုင်ငံတွေမှာလဲ ရှိနေတာပါ၊ ကျွန်တော်တို့ နိုင်ငံမှာလဲ ရှိနေပါတယ်၊ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့လည်း လိုနေပါပြီ" မာ့ခ် ရူ့သ် ( ဒက်ချ် ဝန်ကြီးချုပ်)

" ကျွန်တော်တို့ စပိန်နိုင်ငံအနေနဲ့ကတော့ အီးယူမှာပဲ ဆက်ရှိနေဦးမှာဖြစ်ပါတယ်" - မာရီနို ရာဂျိုင်း (စပိန် ဝန်ကြီးချုပ်)

" အီးယူအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ဥရောပဒေသရဲ့ အနာဂတ်အတွက် ဦးစားပေးအချက်တွေ ချမှတ်သင့်နေပါပြီ" ချားလ်စ် မိုက်ကယ် (ဘယ်လ်ဂျီယံ ဝန်ကြီးချုပ်)

" ဒါဟာ တကယ့်ကို စိတ်မကောင်းစရာပါပဲ၊ ဒါပေမယ့်လည်း ခုချိန်မှာတော့ ကျွန်တော်တို့ရဲ့ စီးပွားရေးအတွက်ပဲ အာရုံစိုက်ထားရပါလိမ့်မယ်၊ ခုလို ဆန္ဒခံယူပွဲကနေ ဒီရလဒ်ထွက်သွားပေမယ့်လည်း ဗြိတိန်အနေနဲ့ ဥရောပဒေသ နိုင်ငံတွေအကြားမှာ ဆက်ပြီးတော့ ညီညီညွတ်ညွတ် နဲ့ ဥရောပရဲ့ စံနှုန်းတွေကို ဆက်ထိန်းသွားမယ်လို့ ယုံကြည်ပါတယ်" ပီထရို ပိုရိုရှန်ကို (ယူကရိန်းသမ္မတ)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly