စမ်းချောင်းပြည်သူ့လွှတ်တော်အမတ် နေအိမ်ကို ဖောက်ကာ လူသတ်ရန် ကြံစည်သည့် တရားခံ မမိသေး

စမ်းချောင်းပြည်သူ့လွှတ်တော်အမတ် နေအိမ်ကို ဖောက်ကာ လူသတ်ရန် ကြံစည်သည့် တရားခံ မမိသေး

ရန်ကုန်၊ ဇွန် ၂၄ ။           ။ စမ်းချောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အိမ်၌ ဖြစ်ပွားခဲ့သည့် နေအိမ်ကို ဖောက်ထွင်းဝင်ရောက်၍ လူသတ်ရန် ကြံစည်သည့်အမှု တရားခံအား လက်ရှိအချိန်ထိ စုံးစမ်းဆဲဖြစ်ကြောင်း စမ်းချောင်းမြို့မရဲစခန်းမှ သိရသည်။

"လောလောဆယ်ကတော့ စခန်းမှူးရယ်၊ နယ်ထိမ်းခေါင်းဆောင်နဲ့အဖွဲ့ရယ်၊ ခရိုင်၊ တိုင်း ပူးပေါင်းပြီးတော့မှ အဲဒီအိမ်ရဲ့ အနီးပတ်ဝန်းကျင်ကို လိုက်စစ်တုန်းပဲဗျ။ ဝင်လမ်း ထွက်လမ်းတွေပေါ့။ အကုန်လုံးတော့ ပူးပေါင်း ပြီး လုပ်နေကြတုန်းပါ။ လက်ရှိအချိန်ထိကတော့ ဘာမှ တိကျတဲ့အဖြေထွက်မလာသေးဘူး။ လိုက်လံ စုံစမ်း တုန်းပဲရှိပါသေးတယ်" ဟု စမ်းချောင်းမြို့မရဲစခန်းမှ တာဝန်မှူး ဒုရဲအုပ် သန်းထိုက်က ပြောသည်။

စမ်းချောင်းမြို့နယ် အောင်ချမ်းသာ ရပ်ကွက်ရှိ အမှတ်(၈) အောင်ချမ်းသာ(၆)လမ်းရှိ စမ်းချောင်းမြို့နယ် ပြည် သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘိုဘိုဦး၏ ယောက္ခမတော်စပ်သူ ဒေါ်ခင်သန်းနွဲ့သည် ဇွန်လ ၂၄ နံနက် ၂ နာရီခန့်တွင် နေအိမ်တွင် ဘီရိုတံခါး ဖွင့်သံကြားရသဖြင့် ဘယ်သူလဲဟုမေးရာ ပြန်မဖြေ သဖြင့် သူခိုးဟု အော်ရာမှ နေအိမ်အတွင်း ဝင်ရောက်နေသူက ချွန်ထက်သောအရာဖြင့် ထိုးခဲ့သည်။ ထိုးနှက်ခံရမှုကြောင့် ဂုတ်ပိုး ပုခုံးသား နှင့် လက်ပြင်တို့တွင် ပြတ်ရှဒဏ်ရာများ ရရှိခဲ့ကာ ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ ကုသထားရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဒေါ်ခင်သန်းနွဲ့၏ သားဖြစ်သူ ဦးမိုးမင်းက ဇွန်လ ၂၄ရက် နံနက်ပိုင်းတွင် စမ်းချောင်းမြို့နယ် ရဲစခန်းသို့ သွားရောက်တိုင်ကြားခဲ့သည့်အတွက် စမ်းချောင်းမြို့မရဲစခန်းက (ပ)၂၀၈/၁၆၊ ရာဇသတ်ကြီး ပုဒ်မ ၄၅၉ ဖြင့် အ မှုဖွင့် အရေးယူထားပြီး တရားခံ ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ရှိကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် ဦးဘိုဘိုဦးက "၂၄- ၆ - ၁၆ ရက်နေ့ နံနက် ၀၂ : ၀၀ ခန့် မှာ ကျွန်တော်နေထိုင်ရာ စမ်းချောင်းမြို့နယ် အောင်ချမ်းသာရပ်ကွက် အမှတ် (၈)အောင်ချမ်းသာ (၆)လမ်း နေအိမ်မှာဖေါက်ထွင်းမှုဖြစ်ပွားရာကနေ လူသတ်ရန်ကြံစည်မှုဖြစ်ပွားခဲ့ပါတယ်"ဟု ၎င်း၏ လူမှုကွန်ယက်စာ မျက်နှာတွင် ရေးသားထားသည်။

အခင်းဖြစ်ပွားချိန်၌ ဦးဘိုဘိုဦးနှင့် သူ၏အမျိုးသမီးမှာ နေပြည်တော်တွင် ရှိနေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly