အီးယူမှ ခွဲထွက်ရန် မဲခွဲဆုံးဖြတ်ပြီးချိန် ရာထူးမှ နှုတ်ထွက်တော့မည်ဟု ဗြိတိန်ဝန်ကြီးချုပ် ကြေညာသွား

အီးယူမှ ခွဲထွက်ရန် မဲခွဲဆုံးဖြတ်ပြီးချိန် ရာထူးမှ နှုတ်ထွက်တော့မည်ဟု ဗြိတိန်ဝန်ကြီးချုပ် ကြေညာသွား

ဇွန် ၂၄ ။             ။ ဥရောပသမဂ္ဂ (အီးယူ) အဖွဲ့မှ ထွက်ရန် ဗြိတိန်တု့ိ မဲပေးဆုံးဖြတ်ပြီးချိန်တွင် မိမိလည်း ရာထူးမှ နှုတ်ထွက်တော့မည်ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက မဆိုင်းမတွ ကြေညာသွားခဲ့သည်။ လာမည့် အောက်တိုဘာလမတိုင်မီ ဝန်ကြီးချုပ်သစ်တစ်ဦးကို ခန့်အပ်နိုင်ရန် လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသွားခဲ့သည်။

" ဒီလိုအချိန်မှာ နိုင်ငံကို ကျွန်တော် ထပ်ပြီး ဦးဆောင်ဖို့ မသင့်တော့ဘူးလို့ မြင်ပါတယ်၊ ဒါ့ကြောင့် လာမယ့် အောက်တိုဘာလ ကွန်ဆာတေးဗစ်ပါတီ ညီလာခံအစမှာပဲ ကျွန်တော်နေရာမှာ ဝန်ကြီးချုပ်သစ်တစ်ယောက် ခန့်အပ်ဖို့ ပြောကြားချင်ပါတယ်" ဟု အီးယူဆန္ဒခံယူပွဲ မဲရေတွက်ပြီးစီးချိန် ပြောကြားခဲ့သော မိန့်ခွန်းထဲ၌ ထည့်သွင်းပြောကြားသွားသည်။

ဆန္ဒမဲရလဒ်များအရ ထွက်မည့်ဘက်က အနိုင်ရရှိသွားခဲ့ပြီဖြစ်သောကြောင့် အီးယူနှင့် ဗြိတိန်လမ်းခွဲခဲ့ရပြီဖြစ်သည်။ တစ်ချိန်မှာပဲ စတာလင်ပေါင်တန်ဖိုးမှာလည်း ၃၁ နှစ်တာအတွင်း ယင်း၏ အနိမ့်ဆုံး နှုန်းထားသို့ ကျဆင်းသွားခဲ့သည်။

အီးယူဆန္ဒခံယူပွဲ မဲရေတွက်ပြီးချိန် ခွဲထွက်ရန် သေချာသွားခဲ့ပြီးနောက်ပိုင်း ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ၎င်း၏ ဒေါင်းနင်းလမ်းနေအိမ်ရှေ့တွင် မိန့်ခွန်းပြောကြားရာတွင် အထက်ပါကဲ့သို့ နှုတ်ထွက်မည့်အကြောင်းကို ပြောကြားသွားခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags