ဖိလစ်ပိုင် တောင်ပိုင်းတွင် အင်ဒို သင်္ဘောသား ခုနှစ်ဦး ပြန်ပေးဆွဲခံရ

ဖိလစ်ပိုင် တောင်ပိုင်းတွင် အင်ဒို သင်္ဘောသား ခုနှစ်ဦး ပြန်ပေးဆွဲခံရ

ဇွန် ၂၄ ။           ။ ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း ပင်လယ်ပြင်တွင် သွားလာနေသော အင်ဒိုနီးရှား သင်္ဘောသား ခုနှစ်ဦးကို လက်နက်ကိုင်အဖွဲ့တစ်ခုက ပြန်ပေးဆွဲခေါ်ဆောင်သွားခဲ့ကြောင်း ဂျာကာတာအစိုးရက ဇွန်လ ၂၄ ရက်တွင် ပြောသည်။

အဆိုပါ သင်္ဘောသားများပါဝင်သော အဖွဲ့သည် ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်က Sulu ပင်လယ်ပြင်တွင် မီးသွေးတင် ရေယာဉ်နှင့် သွားရောက်ခဲ့ချိန် ခုနှစ်ဦးကို လက်နက်ကိုင်အုပ်စုက အတင်းအဓမ္မ ထိန်းသိမ်းခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း အင်ဒို နိုင်ငံခြားရေး ဝန်ကြီး ရက်နို မာဆူဒီက ပြောသည်။

အခင်းဖြစ်ပွားချိန်က မီးသွေးတင် ရေယာဉ်ထံသို့ လက်နက်ကိုင်အဖွဲ့က ချဉ်းကပ်ရောက်ရှိလာပြီး တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက်ပိုင်း သင်္ဘောသားခုနှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။ အခြား သင်္ဘောသားခြောက်ဦးမှာတော့ လွတ်မြောက်လာခဲ့သည်ဟု သိရသည်။

" အင်ဒိုအစိုးရအနေနဲ့ ဖမ်းဆီးခံထားရတဲ့သူတွေ လွတ်လာဖို့ အစွမ်းကုန် ကြိုးစားပေးသွားမှာပါ၊ ဒီခုနှစ်ယောက်လုံး ဘေးကင်းဖို့ က ကျွန်တော်တို့ရဲ့ ပထမဦးစားပေးပါ" ဟု အင်ဒို နိုင်ငံခြားရေး ဝန်ကြီးက ပြောသွားသည်။

ယခု ပြန်ပေးဆွဲခေါ်ဆောင်သွားသူများမှာ ဖိလစ်ပိုင်တွင် နာမည်ဆိုးဖြင့်ကျော်ကြားနေသော အဘူဆေရက်ဖ်အဖွဲ့ ဟုတ်မဟုတ်ဆိုသည်နှင့် ပြန်ရွေးငွေ တောင်းခံထားသည်လားဆိုသည်ကို ဖြေဆိုရန် အင်ဒိုအာဏာပိုင်များဘက်က ငြင်းဆန်သွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly