ထိုင်းတွင် လူသတ်မှုဖြင့် စွဲဆိုခံထားရသည့် မြန်မာနှစ်ဦးအမှု ဇူလိုင် ၈ရက်တွင် တရားလိုပြ သက်သေများ စစ်မည်

ထိုင်းတွင် လူသတ်မှုဖြင့် စွဲဆိုခံထားရသည့် မြန်မာနှစ်ဦးအမှု ဇူလိုင် ၈ရက်တွင် တရားလိုပြ သက်သေများ စစ်မည်

ချင်းမိုင်၊ ဇူလိုင် ၇ရက် ။       ။ ထိုင်းနိုင်ငံ တောင်ပိုင်း ကော့သောင်ကျွန်း(လိပ်ကျွန်း)တွင် နိုင်ငံခြားသား နှစ်ဦး သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ လူသတ်မှုဖြင့် စွတ်စွဲခံထားရသူ မြန်မာနိုင်ငံသား ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့ အမှုကို ဇူလိုင်လ ၈ ရက် တွင် ကော့စမွေခရိုင် တရားရုံး၌ တရားလိုပြသက်သများကို စစ်ဆေးမည်ဟု ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

တရားခွင်တွင် ထိုင်းရဲတပ်ဖွဲ့ဘက်မှ တရားလိုပြသက်သေ မြန်မာနိုင်ငံသား ၇ ဦးအနက် စစ်ဆေးရန် ကျန်နေသည့် မြန်မာ ၄ ဦးကို စစ်ဆေးမည်ဖြစ်ကြောင်း သူက ပြောသည်။

“အခုပဲ ကျွန်တော်တို့ ကော့သောင်ကျွန်းကို သွားနေပါတယ်။ မနက်ဖြန် ကျန်တဲ့အလုပ်သမား ၄ ဦးနဲ့ ထိုင်းဘက်က ရဲသက်သေတွေကို စစ်မယ်လို့ ပြောပါတယ်။ ကျွန်တော်တို့ကတော့အမှုနဲ့ပတ်သက်လို့  အကောင်းဆုံးဖြစ်အောင် ကြိုးစားနေပါတယ်။ အလုပ်သမား ၄ ယောက်စစ်တာ ကောင်းပြီဆိုရင်တော့  ဒီအမှုက တော်တော်များများကို ပြီးပါပြီ” ဟု ရှေ့နေ အောင်မျိုးသန့်က မဇ္ဈိမကို ပြောသည်။

တရားလိုပြသက်သေ လေးဦးသည် သောင်ပြင်တွင် ပေါက်တူးနှင့် အညစ်အကြေးကျုံးသူ မောင်အို၊ နံနက် ပလတ်စတစ် ဗူးခွံများ လိုက်ကောက်စဉ် အလောင်းအား တွေ့ရှိသူ မဥမ္မာတို့နှင့် အခြား ကိုမြင့်နိုင်နှင့် ကမွန်ဦးတို့သည် ကျွန်းသူကြီး၏ သားဆိုင်တွင် အလုပ်လုပ်နေသော အလုပ်သမားများ ဖြစ်သည်ဟု သူက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၁၄ ရက်က တရားခံပြသက်သေ ၇ ဦးမှ သုံးဦးဖြစ်သော မောင်မောင်၊ အောင်လင်းဇော်၊ ညီညီဇော်တို့ကို စစ်ဆေးခဲ့ပြီး ထိုတရားလိုပြသက်သေ ၃ ဦးကလည်း လူသတ်မှု ကျူးလွန်ကြောင်း ထွက်ဆိုခြင်း မရှိသဖြင့် ဇူလိုင် ၈ရက်တွင် ထွက်ဆိုမည့် တရားလိုပြသက်သေ ၄ ဦးထွက်ဆိုမှု ကောင်းခဲ့ပါက စွတ်စွဲခံရသူ ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့ အပြစ်ပေး၍ မရကြောင်း ရှေ့နေ အောင်မျိုးသန့်က ပြောသည်။

“တရားလိုကတော့ ခိုင်မာမယ်လို့ ပြောတာပဲ။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ ဘယ်သူမှ မျက်မြင်သက်သေ မရှိတဲ့အတွက်ကြောင့် သူတို့ဟာ သိရသလောက်ကို ထွက်ဆိုမယ့် သဘောရှိပါတယ်” ဟု သူက ပြောသည်။

ထိုင်းရှေ့နေများကောင်စီနှင့် မြန်မာသံရုံး ဒုတိယအတွင်းဝန် ဦးထွန်းအေး ဦးဆောင်သော မြန်မာသံရုံး စုံစမ်းစစ်ဆေးရေးအဖွဲ့က ဇူလိုင် ၇ရက်တွင် ထိုင်းတောင်ပိုင်း လိပ်ကျွန်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။  

တရားလိုပြသက်သေစစ်ဆေးမှုကို ဇူလိုင်လ ၈၊ ၉ နှင့် ၁၀ ရက်များတွင် ဆက်တိုက် စစ်ဆေးသွားမည်ဟု ဖြစ်ကြောင်း ရှေ့နေ အောင်မျိုးသန့်က ပြောသည်။

၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်က ဗြိတိသျှလူမျိုး ခရီးသည်များ ဖြစ်သော အသက် ၂၃ နှစ်အရွယ် ဟန်နာ ဝီသာရစ် (Hannah Witheridge )နှင့် ၂၄ နှစ်အရွယ် ဒေးဗစ်မေလာ(David Miller)တို့ သတ်ဖြတ်ခံခဲ့ရမှုဖြင့် မြန်မာ အလုပ်သမား ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့ကို လူသတ်မှု၊ အဓမ္မကျင့်မှုတို့ အပါအဝင် အမှုပေါင်း ၇ မှုဖြင့် တရားစွဲဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly