ပြည်သူအသည်းစွဲ ဒေါ်အောင်ဆန်းစုကြည်

ပြည်သူအသည်းစွဲ ဒေါ်အောင်ဆန်းစုကြည်
ဓာတ်ပုံ-The Nation/Reuter/Bangkok Post

စစ်အာဏာရှင်များအား နှစ်ပေါင်း ၃၀ နီးပါး အစဉ်တစိုက် ဆန့်ကျင်တွန်းလှန်ခဲ့သူ လူထုခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူအများစုက အလွန်လေးစား ချစ်ခင်ကြသည်။ ပြည်တွင်း သာမက ပြည်ပနိုင်ငံများကပါ အရည်အချင်းရှိသော ခေါင်းဆောင်အဖြစ် တန်ဖိုးထားလေးစားကြ သည်။ မြန်မာနိုင်ငံသို့ လာရောက်ကြကုန်သော ပြည်ပနိုင်ငံများ၏ ခေါင်းဆောင်များနှင့် နိုင်ငံခြားရေး ဝန်ကြီးများသည် ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ဖော်ကိုင်ဖက်ထက် ပိုသာသော ချစ်ခင်လေးစားမှုကို ပြသခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နှစ်ပေါင်း ၁၀၀ အတွင်း ပေါ်ပေါက်သော နှစ်ယောက်မရှိသည့် အမျိုးသမီးနိုင်ငံ့ခေါင်းဆောင်ဟုပင် တင်စားထိုက်သည်။ တကယ်တော့ မြန်မာနိုင်ငံ၏သမိုင်းတွင်   ပြည်သူတရပ်လုံး၏ လေးစားချစ်ခင်မှုကို ရရှိသည့် အမျိုးသားခေါင်းဆောင်ကြီးတဦးနှင့် အမျိုးသမီး နိုင်ငံ့ခေါင်းဆောင်တဦးသာ ပေါ်ပေါက်ခဲ့သည်။ အမျိုးသားခေါင်းဆောင်ကြီးမှာ ဖခင်ဖြစ်သူ ဗိုလ်ချုပ် အောင်ဆန်းဖြစ်ပြီး၊ အမျိုးသမီးနိုင်ငံ့ခေါင်းဆောင်မှာ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ဖြစ်သည်။ သားအဖနှစ်ဦး၏ ဂုဏ်ကျေးဇူးမှာ မြန်မာအတွက် များပြားလွန်းလှသည်။

ဇွန် ၂၃ မှ ၂၅ အထိ လူထုခေါင်းဆောင်၊ အင်န်အယ်လ်ဒီအစိုးရခေါင်းဆောင်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံသို့ သွားရောက်သည်။ ထိုင်းအစိုးရက လည်း အတော်လေး လေးလေးစားစား ကြိုဆိုလက်ခံရန် ပြင်ဆင်ထားသည်ကို သတင်းမီဒီယာများမှ တဆင့် တွေ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်သတင်းကို သတင်းလိုက်ရယူ ရေးသားတင်ဆက်ကြမည့် သတင်းထောက်များကိုလည်း ဝတ်စုံပြည့် သပ်သပ်ရပ်ရပ် ဝတ်ဆင်ကြရန် သက်ဆိုင်ရာက တိုက်တွန်း နှိုးဆော်ထားသည်ကို တွေ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းရောက် မြန်မာအလုပ်သမားများနှင့် တွေ့ဆုံမည်ဖြစ်သည်။ အလုပ်သမားများသည် ဒုက္ခများစွာ ကြုံနေရသည့်တိုင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရလျှင် ၎င်းတို့ ၏ စိတ်နှလုံးမှာ ခေတ္တခဏဖြစ်ဖြစ် သာယာကြမည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် နတ်သိ ကြား မဟုတ်သော်လည်း ပြည်သူအများစုက ဒေါ်အောင်ဆန်းစုကြည်သာ တိုင်းပြည်ကို ဦးဆောင်လျှင် စစ်အာဏာရှင်များ၊ စစ်ခေါင်းဆောင်များ ဦးဆောင်ခဲ့သည်ထက် မတူမဆိုင်ဘဲ များစွာသာလွန် ကောင်းမွန်သွားမည်ဟု ယုံကြည်နေကြသည်။

ပြည်သူများသည် ဒေါ်အောင်ဆန်းစုကြည်ကို အသည်းစွဲချစ်ခင် လေးစားကြသည်။ သို့သော် ချစ်သူ ၁၀၀ မုန်းသူ တယောက်ရှိနိုင်ပေရာ ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအတွက် စိုးရိမ်ဖွယ်ရာ ရှိနေသည်က အမှန်တရားဖြစ်သည်။ ပြည်သူအများစုက ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်လေးစား တန်ဖိုးထား အားကိုးယုံကြည်သော်လည်း စစ်အာဏာရှင်ခေတ်ကလို အခွင့်အရေး မရတော့သူများ၊ အခွင့်အရေးဆုံးရှုံး နစ်နာနေသူများနှင့် တန်ဖိုးကျ ဘေးဖယ်ခံရသလို ခံစားနေရသူများကမူ ဒေါ်အောင် ဆန်းစုကြည်ကို ကျေနပ်ကြမည် မဟုတ်ပါ။

သို့သော် ထိုင်းခရီးစဉ်တွင်တော့ ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအတွက် ထိုင်းဘက်က အပြည့်အဝတာဝန်ယူလိမ့်မည်ဟု ယုံကြည်ရပါသည်။ လုံခြုံရေးအပြင် အိမ်နီးချင်း နှစ်နိုင်ငံဆက်ဆံ ရေး ၊ မြန်မာအလုပ်သမားများအရေးနှင့်  နှစ်ဘက်ကြား စီးပွားရေးအကျိုးတူကိစ္စများ ပိုမိုလန်းပွင့်လာ လိမ့်မည်ဟု ယူဆပါသည်။ စင်ကာပူဝန်ကြီးချုပ်၏ ဒေါ်အောင်ဆန်းစုကြည်အား အာဆီယံကို ဦးဆောင်ပါမည့်အကြောင်း ကမ်းလှမ်းချက်အရလည်းကောင်း၊ ထိုင်းအပါအဝင် အာဆီယံ နိုင်ငံ့ခေါင်း ဆောင်များ၏ ဆက်ဆံပြုမူ တုံ့ပြန်မှုများအရလည်းကောင်း၊ ၎င်း၏ပင်ကိုယ်မူလ အရည်အချင်းများ ကြောင့်လည်းကောင်း ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာပြည်သူများအတွက်သာမက ထိုမှလွန်၍ ဒေသတွင်းရှိ အာဆီယံပြည်သူများ၏ အသည်းစွဲပါ ဖြစ်လာနိုင်သည်၊ သို့သော်ငြား ထုံးစံအတိုင်း ချစ်သူ ၁၀၀ မုန်းသူ တယောက် ထုံးကိုကား သတိထားအပ်သည်ဟု မဇ္ဈိမက ရှုမြင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly