ဆောင်းပါးရှင် ဦးစည်သူအောင်မြင့် နှင့် မဇ္ဈိမမီဒီယာမှ တာဝန်ရှိသူနှစ်ဦး ကိုယ်တိုင်ခံဝန်ဖြင့် အာမခံရ

ဆောင်းပါးရှင် ဦးစည်သူအောင်မြင့် နှင့် မဇ္ဈိမမီဒီယာမှ တာဝန်ရှိသူနှစ်ဦး ကိုယ်တိုင်ခံဝန်ဖြင့် အာမခံရ

ဆောင်းပါးရှင် ဦးစည်သူအောင်မြင့် နှင့် မဇ္ဈိမမီဒီယာ၏ အယ်ဒီတာချုပ် နှင့် စီမံခန့်ခွဲရေးဒါရိုက်တာ ဦးစိုးမြင့်၊ မြန်မာပိုင်းတာဝန်ခံအယ်ဒီတာ ဦးမျိုးသန့်တို့အား Eleven Media Group ၏ သတင်းထောက်ချုပ် ဦးမာန်သူရှိန်က တရားလိုပြုကာ တရားစွဲဆိုထားမှုအတွက် ပုဇွန်တောင်မြို့နယ်တရားသူကြီး ဦးမြင့်ကျော်က တရားစွဲဆိုခံရသူ သုံးဦးကို ကိုယ်တိုင်ခံဝန်ဖြင့် အာမခံပေးလိုက်သည်။ 

မဇ္ဈိမ အွန်လိုင်းနှင့် ဒစ်ဂျစ်တယ်သတင်းစာတွင် ၂၀၁၅ခုနှစ် ဒီဇင်ဘာ ၃၁ရက်က ဖော်ပြခဲ့သည့် ဆောင်းပါးရှင် ဦးစည်သူအောင်မြင့်၏ "MPC သို့မဟုတ် မီဒီယာ တစ်ချို့ရဲ့ ပုံဖျက်ခြင်းခံရတဲ့အဖွဲ့အစည်း" ဆောင်းပါးနှင့် ပတ်သက်၍ ဦးမာန်သူရှိန်က ပုဇွန်တောင် ရဲစခန်းတွင် တိုင်ကြားခဲ့ခြင်းကို ရဲစခန်းမှ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၃၄(ဃ)ဖြင့် အမှုဖွင့်ကာ တရားစွဲဆိုထားခြင်းဖြစ်ပြီး ဇွန် ၂၃ရက်က အမှုကို တရားရုံးတင်ကာ ထိုနေ့တွင် အာမခံပေးလိုက်ခြင်း ဖြစ်သည်။

တရားစွဲဆိုခြင်းနှင့် ပတ်သက်၍ တရားလို Eleven Media Group ၏ သတင်းထောက်ချုပ် ဦးမာန်သူရှိန်က 
"ဆောင်းပါးရှင် ဦးစည်သူအောင်မြင့်ကို အရင်လည်း အဲ့လိုစွဲဖူးတယ်။ သူက အကြိမ်ကြိမ်ရေးလာတယ်။ ရေး လာတဲ့အတွက် ကျွန်တော်တို့က ဘယ်မှ ဘယ်အဖွဲ့အစည်းမှ သွားလို့မရတော့ဘူး။ အကြိမ်ကြိမ်ရေးနေတဲ့ အ တွက် နောက်ဆုံး ရဲစခန်းမှာ အမှုဖွင့်ပြီးတရားစွဲဆိုရတဲ့အဆင့်ရောက်တာပါ။ ကျွန်တော်တို့က နစ်နာစေလိုတဲ့ ဆန္ဒနဲ့ စွဲတာမဟုတ်ဘူး။ ကျွန်တော်တို့ သတင်းစာဂျာနယ်တွေကို အချက်အလက်မမှန်ဘဲနဲ့ ရေးတယ်ဆိုပြီး ထင်ယောင်ထင်မှား ဖြစ်အောင် ရေးတဲ့အပေါ်မှာ ကျွန်တော်တို့ကိုယ်ကျွန်တော်တို့ နစ်နာလို့ ကာကွယ်တဲ့ အ နေနဲ့ စွဲတာပဲ ဖြစ်တယ်။" ဟု မဇ္ဈိမကို ပြောသည်။ 

ဆောင်းပါးရှင် ဦးစည်သူအောင်မြင့် ရေးသားခဲ့သည့် အဆိုပါ " MPC သို့မဟုတ် မီဒီယာ တစ်ချို့ရဲ့ ပုံဖျက်ခြင်း ခံရတဲ့အဖွဲ့အစည်း" ဆောင်းပါးသည် တစ်စုံတစ်ခုသော မီဒီယာ သို့မဟုတ် လူပုဂ္ဂိုလ် တစ်ဦးဦးအား ရည်ညွှန်းစွပ်စွဲထား ခြင်းမရှိသည့်အတွက် ဖော်ပြခဲ့ခြင်း ဖြစ်ပြီး ဆောင်းပါးထဲတွင် တိုင်ကြားသူ ဦးမာန်သူရှိန်၏ အမည်နာမတစ်စုံ တစ်ခုမှ မပါဝင်သည့်အတွက် ယင်းတရားစွဲဆိုတိုင်းကြားမှုသည် အခြေအမြစ်မရှိသောကြောင့် သက်ဆိုင်ရာ အာဏာပိုင်များမှ တိုင်ကြားမှုအား ယခုအဆင့်တွင် ပယ်ဖျက်သင့်ကြောင်း မဇ္ဈိမမီဒီယာက ဇွန်လ ၂၂ရက်က သဘောထားကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

"မီဒီယာလုပ်ငန်းနှင့် မသက်ဆိုင်သည့် အီလက်တရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မဖြင့် တရားစွဲဆိုထားခြင်းသည် တရားဥပဒေကြောင်းအရ လွဲမှားနေရုံသာမက တည်ဆဲ သတင်းမီဒီယာဥပဒေပါ ပြဌာန်းချက်များနှင့်လည်း ဆန့်ကျင်နေပါတယ်" ဟု မဇ္ဈိမမီဒီယာ၏ မြန်မာပိုင်း တာဝန်ခံအယ်ဒီတာ ဦးမျိုးသန့်က ပြောသည်။ 

ဒါ့အပြင် သတင်းမီဒီယာကောင်စီမှတစ်ဆင့် ဖြေရှင်းရမည့်အစား ပုဇွန်တောင်မြို့နယ် ရဲစခန်းမှ တစ်ဆင့် တရားစွဲဆိုခြင်းသည် တရားဝင်မှတ်ပုံတင်ကာ သတင်းမီဒီယာလုပ်ငန်းများ ဆောင်ရွက်နေသည့် မဇ္ဈိမ မီဒီယာအနေဖြင့် သတင်းမီဒီယာဥပဒေ၏ အကာအကွယ်ပေးမှုကို မရရှိသည့် အနေအထားဖြစ်နေကြောင်း ဦးမျိုးသန့်က ဆက်ပြောသည်။ 

"အခုလို ရဲစခန်းကနေတစ်ဆင့် တရားစွဲတာက မဇ္ဈိမမီဒီယာနဲ့တကွ သက်ဆိုင်ရာ တရားစွဲခံရတဲ့ ပုဂ္ဂိုလ်တွေအားလုံးမှာ နစ်နာမှုရှိနေပါတယ်" ဟုလည်း ၎င်းက ပြောသည်။ 

အဆိုပါအမှုနှင့် ပတ်သက်၍ ဇူလိုင်လ ၇ရက်တွင် ပုဇွန်တောင် တရားရုံး၌ တရားလို နှင့် တရားစွဲဆိုခံထားရသူ နှစ်ဖက်လုံးကို စတင်စစ်ဆေးသွားမည်ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly