တပ်မတော်အရာရှိ အပြောင်းအလဲ နှင့် ကေအိုင်အေ နှင့် အစိုးရတပ် တိုက်ပွဲမပြတ်သေး၍ ကေအိုင်အေ နှင့် အစိုးရ တွေ့ဆုံရန် မဖြစ်နိုင်သေးဟုဆို

တပ်မတော်အရာရှိ အပြောင်းအလဲ နှင့် ကေအိုင်အေ နှင့် အစိုးရတပ် တိုက်ပွဲမပြတ်သေး၍ ကေအိုင်အေ နှင့် အစိုးရ တွေ့ဆုံရန် မဖြစ်နိုင်သေးဟုဆို

ချင်းမိုင်၊ ဇူလိုင် ၇ ။      ။ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် အစိုးရ ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့တို့ ဇူလိုင်လဆန်းပိုင်း တွင် ပြန်လည် တွေ့ဆုံဆွေးနွေးကြရန် သဘောတူညီမှု ရရှိထားသော်လည်း တိုက်ပွဲများ ဖြစ်ပွားနေခြင်းနှင့် အစိုးရဘက်မှ ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေး အဖွဲ့ခေါင်းဆောင် အပြောင်းအလဲရှိသဖြင့် နှစ်ဖက် ပြန်လည်တွေ့ဆုံနိုင်ဦးမည် မဟုတ်ဟု ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့(PCG) မှ ဦးဆန်အောင်က ပြောသည်။

မူလက ဇူလိုင်လဆန်းတွင် တွေ့ဆုံရန် ညှိနှိုင်းထားသော်လည်း ဖားကန့်မြို့နယ်အတွင်း အစိုးရ စစ်တပ်နှင့် KIA တပ်တို့အကြား မကြာခဏ တိုက်ပွဲများ ဖြစ်ပွားနေခြင်းနှင့် KIA တပ်မဟာ ၁ လက်အောက်ခံ တပ်ရင်း ၇ ဒေသဘက်တွင် အစိုးရဘက်မှ ထိုးစစ်ဆင်တိုက်ခိုက်မှုများ ရှိနေမှုအပေါ် နှစ်ဖက် အပြန်အလှန် ညှိနှိုင်းဆွေးနွေးမှုများသာ ရှိနေခြင်း ဖြစ်သည်။

“အစိုးရဘက်က ဗိုလ်မှူးကြီး သန်းအောင်က အပြောင်းအလဲရှိလို့ ထင်တယ်။ ၁၅ ရက်ဆိုရင် စစ်တပ်ကနေ အရပ်ဝတ် လဲမယ်။ ရွေးကောက်ပွဲ ဝင်မယ်။ သူ့နေရာဘယ်သူကို ခန့်မယ်ဆိုတာ မသိသေးဘူး။ တိုက်ပွဲတွေလည်း ပြန်ဖြစ်နေတော့ ပဋိပက္ခအဖွဲ့တွေ သွားဖို့ လာဖို့လည်း ခက်ခဲတယ်။ လိုင်ဇာဘက်ကလည်း အစိုးရဘက် လက်နက်ကြီးတွေ ချတာတွေ ရှိတယ်။ လုံခြုံရေးမရှိတော့ဘူး။ စာနဲ့ပဲ ညှိနှိုင်းတာပဲ ရှိတယ်”ဟု ဦးဆန်အောင်က မဇ္ဈိမကို ပြောသည်။

ထို့ပြင် လတ်တလော ကချင်ပြည်နယ်မြောက်ပိုင်း ဆွမ်ပရာဘွမ်မြို့နယ် KIA တပ်ရင်း ၇ ဒေသတွင် အစိုးရ စစ်တပ်၏ ပူတာအိုအခြေစိုက် တပ်ဖွဲ့များ အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်မှုများ ရှိနေသဖြင့် တိုက်ပွဲ ဆက်လက် ဖြစ်ပွားမည့် အခြေအနေတွင် ရှိနေသည်ဟု သူက ပြောသည်။

အစိုးရ ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့ ခေါင်းဆောင် ကချင်ပြည်နယ် နယ်စပ်လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင်သည် ဇူလိုင်လ ၁၅ ရက်တွင် နုတ်ထွက်၍ တခြား စစ်တပ်ဘက်မှ အရာရှိ တစ်ဦး ပြန်လည် ခန့်အပ်မည်ဟု ပြောဆိုခဲ့သည်ဟု သူက ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်က အစိုးရနှင့် KIO ပဋိပက္ခ ညှိနိုင်းဖြေရှင်းရေးအဖွဲ့တို့ နောက်ဆုံးတွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။ ထိုနေ့က ဆွေးနွေးမှုတွင် တိုက်ပွဲဖြစ်ပွားခဲ့သော KIA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ နှင့် ၁၄ ဒေသများဖြစ်သော ဖားကန့်ဒေသနှင့် တနိုင်းဒေသများတွင် တိုက်ပွဲဖြစ်ပွားရာ မြေပြင်သို့ သွားရောက်၍ စစ်ဆေးရန် သဘောတူညီခဲ့သော်လည်း အစိုးရဘက်မှ ပျက်ကွက်ခဲ့သည်။

၂၀၁၄ ခုနှစ် နိုဝင်ဘာလမှစတင်၍ အစိုးရ လက်နက်ကြီး ပစ်ခတ်မှုကြောင့် KIO ဗိုလ်လောင်း ၂၃ ဦးသေဆုံးမှု ဖြစ်ပွားခဲ့ပြီးနောက် KIO ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့ဘက်မှ တွေ့ဆုံဆွေးနွေးမှု ရပ်ဆိုင်းခဲ့ရာမှ ဧပြီလ ၆ ရက် ပြန်လည် တွေ့ဆုံခဲ့ပြီး ဧပြီ ၂၇ ရက်တွင် နောက်ဆုံး တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့ကို ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၁၀ ရက်က ပြည်ထောင်စု ငြိမ်းချမ်ရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် KIO တို့ သဘောတူညီချက်ပါ “ပူးတွဲစောင့်ကြည့် ကြီးကြပ်ရေးယန္တရား” ပထမအဆင့်ကို အကောင်အထည်ဖော်ခြင်း ဖြစ်ပြီး တစ်ဖက်စီတွင် ၅ ဦးဆီ ပါဝင် ဖွဲ့စည်းထားပြီး အစိုးရဘက်မှ ကချင်ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင် ဦးဆောင်ကာ KIO ဗဟို ဌာနချုပ်မှ ဗိုလ်မှူးကြီး ဇော်တောင် ဦးဆောင်ထားသည်။

KIO သည် အစိုးရ နှင့် တိုင်းရင်းသား ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသော အဆင့်မြင့် ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်၍ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမှုတွင် ပါဝင်နေသော အဖွဲ့ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly