နေပြည်တော်အသုံးစရိတ် မလိုအပ်တဲ့နေရာ မသုံးဘူးလို့ဆို

နေပြည်တော်အသုံးစရိတ် မလိုအပ်တဲ့နေရာ မသုံးဘူးလို့ဆို
နေပြည်တော်ရှိ ဗဟိုဘဏ်အရှေ့တွင် လမ်းပြင်နေသည်ကို ၂၀၁၅ခုနှစ်၊ ဩဂုတ်လအတွင်းက တွေ့ရစဉ်(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)
 

နေပြည်တော်(ဇွန်လ ၂၃ရက်၊ ၂၀၁၆ခုနှစ်)။ ။ ယခင်အစိုးရလက်ထက်က သင်ခန်းစာများကိုယူပြီး အစိုးရသစ်လက်ထက်အတွင်း နေပြည်တော်ကောင်စီနယ်မြေ၏ အသုံးစရိတ်များအား မလိုအပ်သည့်နေရာတွင် သုံးစွဲမည်မဟုတ်ဟု နေပြည်တော်ကောင်စီဝင်ဖြစ်သူ ဦးတင်ထွန်းက ပြောကြားလိုက်သည်။

"အရင်တုန်းက သင်ခန်းစာတွေ ရခဲ့တယ်။ အဲ့ဒီသင်ခန်းစာတွေထဲကမှ အားနည်းချက်တွေကို နည်းနိုင်သမျှ နည်းအောင်လုပ်မယ်။ အားသာချက်တွေကို များများရအောင် လုပ်မယ်" ဟု ဦးတင်ထွန်းက ပြောသည်။

၂၀၁၆ခုနှစ်၊ ဇွန်လ ၂၃ရက်တွင် ဘောဂသီရိကားကွင်းအတွင်းရှိ မထသ(အဝေးပြေး)ရုံးတွင် ပြုလုပ်သော နေပြည်တော် မထသ(အဝေးပြေး)ကော်မတီရွေးချယ်ပွဲအပြီးတွင် ၎င်းက ပြောဆိုလိုက်ခြင်း ဖြစ်သည်။

နေပြည်တော်ကောင်စီနယ်မြေအတွက် အသုံးစရိတ်များကို မလိုအပ်သည့်နေရာတွင် သုံးစွဲမည်မဟုတ်ဘဲ ပညာရေး၊ ကျန်းမာရေးကဏ္ဍများအတွက်သာ ထိထိရောက်ရောက် တိုးမြှင့်သုံးစွဲသွားမည်ဟု ၎င်းက ဆိုသည်။

"မလိုအပ်တဲ့ဟာတွေကို တခြားဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာပေါ့။ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ ရေရရှိရေးတွေမှာ သုံးစွဲနိုင်ဖို့က Review(ပြန်လည်ဆန်းစစ်ခြင်း)လုပ်ထားပြီးသားပါ" ဟု ဦးတင်ထွန်းက မီဒီယာများကို ပြောသည်။

အစိုးရရုံးစိုက်ရာ နေပြည်တော်ကောင်စီနယ်မြေအတွက် အစိုးရ၏ အသုံးစရိတ်သည် အလွန်များပြားသည်ဟု ပြီးခဲ့သည့် အစိုးရသက်တမ်းတွင် လွှတ်တော်အမတ်များက ဝေဖန်ပြောဆိုကာ အဆိုပါ အသုံးစရိတ်များကို လျှော့ချကာ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် သုံးစွဲသင့်သည်ဟု လွှတ်တော်တွင် မကြာခန ထောက်ပြခဲ့ဖူးသည်။

“ဘတ်ဂျက်ခွဲဝေမှုမှာ နေပြည်တော်သုံးစွဲတဲ့ဟာက အစစအရာရာ သိပ်များလွန်းတယ်။ ဒီလောက် ဖွံ့ဖြိုးနေပြီပဲ။ ကျေးလက်တွေအတွက် အဓိက လုပ်သင့်ပါတယ်” ဟု ကျောက်ဖြူမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးဘရှိန်က ပြည်ထောင်စုလွှတ်တော်တွင် ၂၀၁၄ခုနှစ်အတွင်းက ပြောဆိုခဲ့ဖူးသည်။

NLDအစိုးရလက်ထက်တွင် သမ္မတ ဦးထင်ကျော်က တိုက်ရိုက်အုပ်ချုပ်သည့် နေပြည်တော်ကောင်စီနယ်မြေ၏ ဥက္ကဌအဖြစ် ဒေါက်တာမျိုးအောင်ကို တာဝန်ပေးအပ်ထားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags