ဆဲဗင်းဂျူလိုင်ပွဲ ဂါရဝပြုသည့် ကျောင်းသားများကို ပိတ်ပင်တားဆီးခံရပြီး တစ်ဦး ဖမ်းဆီးခံရ

ဆဲဗင်းဂျူလိုင်ပွဲ ဂါရဝပြုသည့် ကျောင်းသားများကို ပိတ်ပင်တားဆီးခံရပြီး တစ်ဦး ဖမ်းဆီးခံရ
ဓာတ်ပုံ - သက်ကို၊ မဇ္စျိမ

ရန်ကုန်၊ ဇူလိုင် ၇ ။      ။ ကျောင်းသားများ သွေးမြေကျခဲ့ရသည့် ဆဲဗင်းဇူလိုင် အထိမ်းအမှတ် အဖြစ် ဇူလိုင် ၇ရက် နံနက်ပိုင်း နှင့် ညနေပိုင်းတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ (ဗကသ) နှင့် တက္ကသိုလ် ကျောင်းသားသမဂ္ဂများ (တကသ)တို့က ရန်ကုန် တက္ကသိုလ်အတွင်းရှိ ကျောင်းသားသမဂ္ဂ မြက်ခင်းပြင်တွင် သွားရောက် ဂါရဝပြုခဲ့ခြင်းကို ရဲတပ်ဖွဲ့က တားဆီးပိတ်ပင်ခဲ့ သည်။

ရန်ကုန်တက္ကသိုလ်ရှေ့တွင် ဗကသ ကျောင်းသားများကို ရဲများက တားဆီးရာတွင် ဗကသ ဗဟိုလုပ်ငန်းကော်မတီ အဖွဲ့ဝင် ရှိန်းရာ ဇာထွန်းက “ဒီကနေ တက္ကသိုလ်သမဂ္ဂကျောင်းသား မြက်ခင်းပြင်ကိုသွားမယ်။ အေးအေးချမ်းချမ်းသွားမယ်။

လမ်းပိတ်စရာအကြောင်းမရှိဘူး။ ပလတ်ဖောင်းပေါ်ကနေပဲ သွားမယ်။ ပြီးရင်ကျွန်တော်တို့ ပန်းခွေချမယ်။ အလေးပြုမယ်။ ပြီးရင် ကျွန်တော်တို့လည်း အေးအေးချမ်းချမ်းသွားပါ့မယ်” ဟု ညှိနှိုင်းပြောဆိုခဲ့သည်။

ယင်းနောက် 7 Jully နံနက်ပိုင်းတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်က ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂ မြက်ခင်းပြင် ရှေ့ ခြံစည်းရိုးတွင် ပန်းခွေနှင့် နှင်းဆီးပန်းများ ချကာ ငြိမ်သက်စွာအလေးပြုခြင်း၊ ကမ္ဘာမကြေဘူး သီချင်းကို ရွတ်ဆိုခြင်း၊ ဗကသအဖွဲ့ချုပ်၏ ကြေညာချက်ကို ဖတ်ကြားခြင်းတို့ ပြုလုပ်ခဲ့ကြသည်။

ဗကသအဖွဲ့ဝင် ကိုစည်သူမောင် “လူထုလူတန်းစား တစ်ရပ်လုံးနဲ့လက်တွဲကာ အဆုံးတိုင် တိုက်ပွဲဝင်သွားမည်ဟု 7 Jully စိတ်ဓါတ်ကိုမွေးဖွားခဲ့သော ကျောင်းသား အာဇာနည်အပေါင်း အားတိုင်တည်၍ ကတိသစ္စာပြု ဦးညွတ်လိုက်ပါသည်။

7 Jully စိတ်ဓါတ်ကိုမွေးမြူကြ၊ 7 Jully စိတ်ဓါတ်ကို ကိုင်စွဲတိုက်ပွဲဝင်ကြ။ ကျောင်းသားထု ညီညွတ်ကြ”ဟု ဗကသ အဖွဲ့ချုပ် ထုတ်ပြန်ချက်ကို ဖတ်ကြားခဲ့သည်။

တက္ကသိုလ်ကျောင်းသားသမဂ္ဂများ( တကသ) ကျောင်းသား၊ ကျောင်းသူများက ညနေပိုင်းအချိန်တွင် အခမ်းအနားကို ပြုလုပ် ခဲ့ကြခြင်းဖြစ်သည်။

အခမ်းအနားကို ရန်ကုန်တက္ကသိုလ်သမဂ္ဂ မြက်ခင်းပြင်ရှေ့တွင် နှင်းဆီးပန်းများချခြင်း၊ ဟောပြောပွဲများပြုလုပ်ခြင်း၊ သီချင်းရွတ် ဆိုခြင်းတို့ဖြင့် ပြုလုပ်ခဲ့ကြသည်။

ယင်းသို့ ဂါရဝပြုအပြီး အပြန် ကမာရွတ်မြို့နယ်၊ အင်းလျားလမ်း၊ ရွှေချမ်းသာ စားသောက်ဆိုင်ရှေ့တွင် အရပ်ဝတ်ဖြင့် ရဲများက ကိုဇေယျာလွင် နှင့် ကိုပိုင်ဖြိုးမင်းကို ဖမ်းဆီးခဲ့ပြီး ကိုပိုင်ဖြိုးမင်းကို ပြန်လွှတ်ပေးခဲ့သည်။

တကသ အဖွဲ့ဝင် ကိုရဲဇာနည်ထွန်းက “ကိုဇေယျာလွင်တို့ စီးလာတဲ့ကားကို ပိတ်ပြီးတော့ဖမ်းတာ ကားတံခါးဖွင့် သော့ကိုဖြုတ်ပြီး လူကိုဖမ်းသွားတယ်။ ကားကိုတော့ထားခဲ့တယ်။ ကိုဇေယျာလွင်နဲ့ ကိုပိုင်ဖြိုးမင်းကို ဖမ်းသွားတယ်။ ကိုပိုင်ဖြိုးမင်းကို ပြန်လွှတ် လိုက်တယ်။ ကိုဇေယျာလွင်ကိုတော့ ခေါ်သွားတယ်” ဟု မဇ္ဈိမကို ပြောသည်။

အဆိုပါ ဖြစ်ရပ်နှင့်ပတ်သက်၍ ကိုဇေယျာလွင်ကို ပန်းပဲတန်းမြို့နယ် ရဲစခန်းက ဖမ်းဆီးခေါ်ဆောင်၍ အင်းစိန်ထောင်သို့ ပို့လိုက်ပြီဖြစ်သည်ဟု ပန်းပဲတန်းမြို့နယ် ရဲမှူး ခင်မောင်ထွေးက မဇ္ဈိမကို အတည်ပြုပြောကြားသည်။

ရဲမှူးခင်မောင်ထွေးက “ ဟုတ်ပါတယ်။ ပန်းပဲတန်းမြို့နယ်က ဖမ်းဆီးသွားတာပါ။ ဇွန်လ ၃၀ရက် ကိစ္စနဲ့ ဖမ်းဆီးခေါ်ဆောင်ပြီး အင်းစိန်ထောင်ကို ပို့လိုက်တာပါ။ ဇူလိုင်လ ၁၅  ရက်အထိ ပန်းပဲတန်း တရားရုံး တရားသူကြီးက ချုပ်ရမန်ပေးထားတာပါ။ ”ဟုပြောသည်။

ဇွန်လ ၃၀ရက်က တကသ ကျောင်းသားများ ဦးဆောင်ကာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် လွှတ်တော်တွင် တပ်မတော် သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းပါဝင်သဖြင့် ရှုတ်ချသည့်ပွဲကို ရန်ကုန်မြို့ ပန်းပဲတန်းမြို့နယ် သိမ်ကြီးဈေး အနီးမှ ကျောက် တံတားမြို့နယ် မဟာဗန္ဓုလပန်းခြံရှေ့သို့ ချီတက်ကာ ဆန္ဒထုတ်ဖော်ခဲ့သည်။ ယင်းသို့ ဆန္ဒပြခြင်းကြောင့် တကသ ကျောင်းသား လေးဦးကို ပုဒ်မ ၁၈၊ ပုဒ်မ ၅၀၅(ခ)တို့ဖြင့် အမှုဖွင့်ကာ ဖမ်းဝရမ်း ထုတ်ထားသည်။

တကသ ကျောင်းသား ကိုပိုင်ရဲသူ၊ ကိုဇေယျာလွင်၊ ကိုနန်းလင်းတို့ကို ပန်းပဲတန်းမြို့နယ်က ဖမ်းဝရမ်း ထုတ်ထားပြီး ကိုပိုင်ရဲသူကို ဇူလိုင်လ ၂ ရက်က ဖမ်းဆီးကာ အင်းစိန်ထောင်တွင် ထိန်းသိမ်းထားသည်။ ကိုဇေယျာလွင်ကိုလည်း ဇူလိုင် ၇ရက်နေ့ အခမ်းအနားအပြီး ထိန်းသိမ်းလိုက်ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly