“ခိုလှုံရာ” ဇာတ်ကားကို မျက်ရည်အကြိမ်ကြိမ်ကျရင်းက ရိုက်ကူးခဲ့ရပါတယ်ဆိုတဲ့ အမျိုးသမီး ရုပ်ရှင်ဒါရိုက်တာ ကျော်နှင်းဆီ

22 June 2016
“ခိုလှုံရာ” ဇာတ်ကားကို မျက်ရည်အကြိမ်ကြိမ်ကျရင်းက ရိုက်ကူးခဲ့ရပါတယ်ဆိုတဲ့ အမျိုးသမီး ရုပ်ရှင်ဒါရိုက်တာ ကျော်နှင်းဆီ

ပြီးခဲ့တဲ့ နှစ်၂၀၁၅ စက်တင်ဘာလက ပြုလုပ်တဲ့ Myanmar Youth Micro Film ဆိုတဲ့ ပြိုင်ပွဲမှာ မိဘမေတ္တာကို ဖော်ပြထားတဲ့ ဇာတ်လမ်းတိုလေးတစ်ပုဒ်က ပရိသတ်အကြိုက်ဆုံး ဆုကို ရရှိသွားပါတယ်။

ဒီဇာတ်လမ်းကို ရိုက်ကူးဖန်တီးခဲ့သူက အမျိုးသမီးဒါရိုက်တာ ကျော်နှင်းဆီဖြစ်ပါတယ်။ မြန်မာ့ရုပ်ရှင်နယ်ပယ်မှာ အမျိုးသမီး ဒါရိုက်တာ အရေအတွက်က နည်းပါးလွန်းလှပါတယ်။ ဒါပေမယ့် အဲဒီ အနည်းငယ်ထဲမှာပဲ ဒါရိုက်တာ ကျော်နှင်းဆီက တစ်ယောက်အပါအဝင် ဖြစ်လာခဲ့တာပါ။

ရုပ်ရှင် ဒါရိုက်တာတစ်ယောက်ဖြစ်ဖို့ အထူးသဖြင့် အောင်မြင်တဲ့ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ဖြစ်ဖို့ဆိုတာကလည်း လွယ်ကူတဲ့ကိစ္စ မဟုတ်ပါဘူး။ တော်ရုံတန်ရုံ အနုပညာဝမ်းစာနောက်ခံမရှိဘဲနဲ့ မဖြစ်နိုင်ပါဘူး။

ဒါရိုက်တာ ကျော်နှင်းဆီအနေနဲ့ ရုပ်ရှင်ဒါရိုက်တာတစ်ယောက် စတင်ဖြစ်လာပုံအတွေ့အကြုံကို အခုလိုပြောပြပါတယ်။

ယဉ်ကျေးမှုတက္ကသိုလ်က ပန်းချီနဲ့ ကျောင်းပြီးတာပေါ့။ ပန်းချီနဲ့ကျောင်းပြီးတော့ အနုပညာပိုးက ပါပြီးသားပေါ့နော်။ ပါပြီးတော့ ကိုယ်က လုပ်ချင်တာက ကိုယ်က Art ကို လုပ်ချင်တယ်။ ဒီ Editing ပညာကို စိတ်ဝင်စားတာနဲ့ Editing ကို သင်တယ်။ သင်ပြီး ငါးနှစ်အကြာမှာ ဒါရိုက်တာတွေနဲ့ ရိုက်ခဲ့တဲ့ဟာကို ကိုယ်က ဝါသနာပါတော့ သူများတွေ ဘယ်လိုရိုက်ခဲ့တယ် ဘယ်လို Edit လုပ်တယ်။ ဘယ်လိုယူတယ်။ အဲဒါတွေကို သဘောကျတယ်။ ငါသာ ဒါရိုက်တာဆိုရင် ဘယ်လိုယူမယ် အဲသလိုမျိုး အတွေးလေးတွေ ရှိခဲ့တာပေါ့။

ဒါပေမယ့် ဒါရိုက်တာလုပ်ဖို့တော့ စိတ်ကူးမရှိခဲ့ဘူး။ ၂၀၀၈ ခုနှစ်မှာ ဒါရိုက်တာသင်တန်းဖွင့်တယ်။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ အရမ်းကို တက်ချင်တာနဲ့ အဲဒီသင်တန်းကို တက်ခဲ့တယ်ပေါ့။ သင်တန်း လေးလတက်ရတယ်။ သင်တန်း လေးလတက်ရတဲ့အချိန်မှာ နှစ်လလောက် ရောက်တဲ့အခါမှာ Multi Media ပေါ့။ Multi Media ကုမ္ပဏီကနေပြီးတော့ MDကလည်း သူတို့ကုမ္ပဏီက ဇာတ်လမ်းအတိုလေးတွေ ရိုက်တယ်တဲ့။ ရိုက်ကြည့်မလားဆိုတော့ သင်တန်းက မဆင်းသေးဘူး။ လေးလမှ သင်တန်းဆင်းမှာ နှစ်လဖြစ်တဲ့အချိန်မှာ ရိုက်ကြည်ချင်တယ်ဆိုတော့ အဲ့အန်တီက သူလည်း သူ့ကုမ္ပဏီ ဖြစ်တဲ့အတွက် ဖိတ်ခေါ်တယ်။ ရိုက်ပါပေါ့။ အဲဒီမှာ ဇာတ်လမ်းတို လေးပုဒ် အရင်စရိုက်တယ်။ ရိုက်ကြည့်တာပေါ့။

တကယ်တန်း ရုပ်ရှင်ဇာတ်လမ်း ရိုက်ကူးလာရတဲ့အခါ သူစတင်တွေ့ရှိရတဲ့ အတွေ့အကြုံက ဘာများလဲ။

ကိုယ်က တစ်ခါမှ မရိုက်ဖူးဘူး။ ပထမဆုံးရိုက်ရမှာဆိုတော့ ကြောက်တယ်။ နောက်ပြီး ဖြစ်ချင်တော့ သူက ဂျူရေးရှင်း ချိန်ရတယ်။ ဇာတ်လမ်းတိုက ၁၅ မိနစ် ကျော်လို့မရဘူး။ ကိုယ်ကလည်း တစ်ခါမှ မရိုက်ဖူးတဲ့အခါမှာ ၁၅ မိနစ်မှာ ဂျူရေးရှင်း ဘယ်လောက်ရှိလဲ မမှန်းတတ်ဘူး။ မမှန်းတတ်တော့ သူတို့ ဇာတ်ညွှန်းလာပေးတယ်။ ဇာတ်ညွှန်းပေးတဲ့ဟာကို ဖတ်လိုက်တာပေါ့။ ဖတ်ပြီးတော့ ဆယ်စင်းပေါ့။ တစ်မျက်နှာ တစ်စင်းနှုန်းနဲ့ ရေးထားတာ။ ဆယ်စင်းလောက်ရောက်တဲ့အချိန်မှာ ကိုယ်ဖတ်တယ်။ ဖတ်ပြီးတဲ့အချိန်မှာ ကုမ္ပဏီကိုပြောတယ်။ ကျမ တစ်ခါမှ မရိုက်ဖူးဘူး။ မရိုက်ဖူးတဲ့အတွက် ခဏလောက် အစမ်းရိုက်ကြည့်ချင်တယ်။ သရုပ်ဆောင်တွေခေါ်ပြီး အစမ်းရိုက်ကြည့်ချင်တယ် ဆိုတဲ့အခါမှာ ပထမဆုံး ရိုတတို့  စိုးရန်အောင်တို့လည်း ပါတယ်။ သူတို့ကို ခေါ်လိုက်တယ်။ ခေါ်လိုက်ပြီးတော့ ၁၀ မိနစ်စာ အစမ်းရိုက်ကြည့်တယ်။ ကိုယ့်ဘာကိုယ် ပြန်ပြီးတော့ Edit လုပ်လိုက်တယ်။ ရိုက်ပြီးသားအကြမ်းကို Edit လုပ်တော့ ၇ မိနစ်စာပဲရှိတယ်။ ပြရမှာက ၁၅ မိနစ်။ အဲဒီမှာ တိုင်ပတ်သွားတယ်။

စစချင်း ဒုက္ခရောက်တယ်ဆိုတာ အဲဒါ ဂျူရေးရှင်း မချိန်တတ်တာပေါ့။ ဥပမာ နှစ်နာရီစာဆိုရင် ဘယ်နှစ်စင်းရှိမယ် ဘယ်လောက်လောက်ရိုက်ရင် နှစ်နာရီစာဖြစ်မယ်။ ဘယ်လောက်လောက်ရိုက်ရင် တစ်နာရီခွဲ ဘယ်လောက်လောက်ရိုက်ရင် နာရီဝက် မမှန်းတတ်ဘူး။ စစချင်းမှာတော့ အဲဒီ ၁၅ မိနစ်စာမှာ ဒုက္ခရောက်သွားတာပေါ့။

ပထမဆုံး စရိုက်တဲ့ ကင်မရာမင်းကတော့ ဦးအပ်ချည်တို့ ကိုအောင်စောဦးတို့ပေါ့။ သူတို့ကကျတော့ အစကတည်းကခင်တာ။ ခင်နေတော့ ကင်မရာမင်းက အဆင်ပြေတယ်။ ဒါပေမယ့် အဆင်မပြေတာက ခရူတွေ( စက်အဖွဲ့ )ပေါ့။ ခရူဆိုတော့ ယောကျ်ားလေးတွေဆိုတော့ လာတုန်းကတော့ ခရူအုပ်စုကတော့ ကျွန်မကြည့်လိုက်တာက ခရူမှာက ခုနှစ်ယောက် ရှစ်ယောက်လောက်တော့ ကျွန်မတွေ့တယ်။ ဒါပေမယ့် တကယ်ရိုက်ကွင်းပေါ်မှာ စင်းပေါ်မှာလည်းကျရော ဆက်တင်ဆိုလည်း စာပွဲခုံမရမယ်ဆိုလည်း ကိုယ်က အရမ်းစိတ်မြန်တော့ ကိုယ်ပါဝင်မ။ ရွှေ့လိုက်ဆိုလည်း ကိုယ်ပါ ဝင်ရွှေ့တယ်။ နောက်ဆုံး လုပ်ရင်းလုပ်ရင်းနဲ့ ငါချည်းပဲလုပ်နေရတယ်။ ဘယ်ရောက်ကုန်ပြီလဲ မသိဘူးဆိုပြီး ကြည့်လိုက်တော့ အိပ်နေတယ်။ တချို့ဆို ချောင်တွေမှာ သွားအိပ်နေတယ်။ နောက်ပြီးတော့ မိန်းကလေးရိုက်တာပဲ ကိစ္စမရှိပါဘူးဆိုပြီး သူတို့က ပညာပေးချင်တဲ့ သဘောလေးတွေ လုပ်တယ်။ လိုက်တင်တွေကျရင်လည်း ထိုးချင်သလိုထိုးတယ်။ အများကြီးပေါ့။ Lesson ပေးတာတွေကတော့ အများကြီးပဲ။ မီးထိုးမှန်ထိုးက စပေးတာကို ပြောပြတာပါ။

ဒါရိုက်တာတစ်ယောက်ဖြစ်လာဖို့ ဖြတ်သန်းခဲ့ရတဲ့ အချိန်တွေ နေ့ရက်တွေကလည်း တော်ရုံဇွဲနဲ့ဆို လက်လျှော့ပြီးနောက်ပြန်ဆုတ်သွားနိုင်ပါတယ်။ ဒါပေမယ့် ဒါရိုက်တာ ကျော်နှင်းဆီကတော့ ပညာယူရင်းနဲ့သာ စိတ်ခေါ်မှုတွေကို ကျော်ဖြတ်သွားနိုင်ခဲ့ပါတယ်။

ပညာလေးတွေ နဲနဲပေါ့ စမ်းတာလေးတွေပါတယ်။ Actor တွေကပေါ့နော်။ Actor တွေက စမ်းတာပေါ့။ Actor တွေဆိုတော့ အကုန်ပါတယ်။ ဇာတ်ပို့ကလည်းစမ်းတယ်။ မင်းသားကလည်းစမ်းတယ်။ မင်းသမီးကလည်း စမ်းတယ်။ အထူးသဖြင့် Actor အကြီးကြီးတွေပေါ့ အန်ကယ်ကြီး ဆရာ ဦးအောင်သွင်ပေါ့။ ဦးအောင်သွင်ဆိုလို့ရှိရင် မင်းသားကြီး မင်းသား သူက Edit လည်း တတ်တယ်။ အကုန်တော်တယ်။ တော်တဲ့အခါမှာ သူ့ကိုခေါ်ပြီးတော့ ဘဘနဲ့ ရိုက်ချင်တယ်။ ဇာတ်လမ်းလေးက ဘဘနဲ့ လိုက်တယ်ဆိုတော့ သူရိုက်တယ်။ သူက သူ့ကို ဒါရိုက်တာလုပ်ပေးမယ့် သူတစ်ယောက်လေ။ သူ့ကို ရိုက်ပေးမယ့်သူက အရည်အချင်းရှိလား မရှိလားဆိုတာက သူစမ်းမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူက ဒါရိုက်တာခိုင်းတာ လုပ်ရတော့မှာ အဲဒီဒါရိုက်တာ အသုံးကျလား အသုံးမကျလား သူ ကျိန်းသေ စမ်းမှာ။ အဲဒီအတွက် စိတ်ဆိုးစရာမလိုဘူးလို့ ထင်တယ်။ သူကမေးတယ် အခု ဘယ်စင်းကို ရိုက်နေတာလဲ။ ဟုတ်ပြီ စင်းသရီးကို ရိုက်တာ။ ကဒ်ဘယ်လောက်လဲ ကဒ်သရီးကို ရိုက်တာ။ ကဒ်ဝမ်း ကဒ်တူးကိုပြော။ ကဒ်ဝမ်းက အိမ်ကိုရိုက်မယ်။ ကဒ်တူးက ဘစ်ကလို့စက် ရိုက်မယ်။ ကဒ်သရီးကို ထော်လီကဒ်သုံးတယ်။ သူ စဉ်းစားတယ် စဉ်းစားတာက သူကလည်း Edit လည်း တတ်တယ်လေ။ လက်ခံသွားတယ်။ နောက်ဆုံး လက်ခံသွားတဲ့အချိန်မှာ ဘဘက နောက်တစ်ကားကျရင် ဆုံမယ်နော် အဲဒါတွေ ပြောသွားတာပေါ့။

တချို့ သရုပ်ဆောင်ဆိုရင် အင်္ကျီအဝတ်အစားက ဒီအဝတ်အစားက အဆက်ရှိတယ်နော်။ နောက်နေ့ကျရင် ဒီစင်းက ပြန်ရိုက်မှာ၊ ဟုတ်ကဲ့တဲ့။ နားထောင်တယ်။ နောက်နေ့ကျရင် သူတို့ ဝတ်ချင်တာ ဝတ်လာတယ်။ အဲဒါဆိုရင် ကျွန်မပြောတယ်။ အိင်္ကျီမှားနေတယ်ဆိုတော့ မမှတ်မိဘူးတဲ့။ အဲလိုပြောတယ် ခပ်ပေါ့ပေါ့ပဲ။ မမှတ်မိရင် ဒီမှာကြည့်လို့ ဓာတ်ပုံနဲ့ ကျမ စင်းတိုင်းစင်းတိုင်းကို ဓာတ်ပုံအမြဲတမ်းရိုက်တယ်။ ဖုန်းနဲ့ အမြဲတမ်း ရိုက်တယ်။ ဒီမှာကြည့် ဒီအင်္ကျီ တစ်ချက်တည်းပြလိုက်တယ်။ အဲလိုပြောရင် အော် ဟုတ်ကဲ့ဆိုပြီး သွားပြန်လဲတာပေါ့နော်။ နောက်ပြီးရင် ပြင်ခိုင်းတာပေ့ါနော်။ ရိုက်ရင်းတန်းလန်းနဲ့ ဇာတ်သိမ်းမကြိုက်ဘူး ပြင်ပေးပါတို့။ အဲလိုမျိုးတွေလာတယ်။ ဇာတ်ညွှန်းက Complete ပြီးနေတာကို အဲလိုမျိုးလုပ်တော့ ဖျက်သလိုဖြစ်နေတာပေါ့။ အဲလိုဆို အတိုက်အခံ ငြင်းရတယ်။ အဲလိုမျိုးတွေလည်း ကြုံရတာပေါ့နော်။ 

ဒီကာလအတွင်းမှာ ရုပ်မြင်သံကြား ဇာတ်လမ်းတွဲတွေ မှတ်တမ်းရုပ်ရှင်တွေ ဂီတဗီဒီယိုတွေ နိုင်ငံအကျိုးပြု သီချင်းတွေကို ရိုက်ကူးခဲ့ပြီး ယခုအချိန်မှာတော့ ရုပ်ရှင်ထုတ်လုပ်ရေးတစ်ခုနဲ့ လက်တွဲဖို့ကိုတောင် သဘောတူညီမှု ရထားပြီးပါပြီ။

အခုနောက်ပိုင်း အခု ဇာတ်တစ်ဇာတ် ရှိတာပေါ့နော်။ မိန်းကလေးက အဓိကပဲပေါ့နော်။ ကာရိုက်တာချိန်းသွားတာ သူက ဘယ်လိုပြောရမလဲဆိုတော့ ဖန်ပြွန်သန္ဓေသားစပ်တာ မှားသွားလို့ တိရိစ္ဆာန်တစ်ပိုင်း ဖြစ်သွားတာပေါ့နော်။ အဲဒီမှာ သူက သူ့ရဲ့ပြဿနာကို ဘယ်လိုရှင်းမလဲပေါ့။ အဲဒါလည်း မိန်းမဇာတ်ကောင်ပဲ။ အဲဒီဇာတ်လမ်းလေး ရွေးထားတယ်ပေါ့နော်။

နောက်တစ်ခါ အခုဇာတ်လမ်းတွေ ရိုက်ချင်တာက ကွန်မန်ဒိုမျိုး ဇာတ်ကားတွေပေါ့နော်။ မိန်းကလေးတွေက အဓိက ယောကျ်ားလေးတွေ ကြားထဲမှာ မိန်းကလေးတစ်ယောက် ညပ်ပါသွားတာ သူကပဲ ဦးဆောင်သွားတယ်။ အဲလိုမျိုးပေါ့။ တချို့ဆို ရောင်းစားခံရတယ်လေ။ ရောင်းစားခံရတဲ့အချိန်မှာ သူက ဘယ်လို ပြန်ကယ်ထုတ်တာတို့ အဲသလိုမျိုး ဇာတ်လေးတွေကို နောက်ပိုင်း ရွေးထားတယ်။ မိန်းကလေးတွေနဲ့ ပတ်သက်တာ ပညာပေးလေးတွေပေါ့။

ဒါရိုက်တာ ကျော်နှင်းဆီအဖြစ်နဲ့ ဗီဒီယိုဇာတ်ကား ၃၀ ကျော် ရိုက်ကူးပြီးတဲ့နောက်မှာတော့ ကြိုးစားမှုရဲ့ ရလဒ်တွေကို မြင်နေရပါပြီ။ အခုတော့ သူမဟာ ပရိသတ်ရဲ့ အားပေးမှုနဲ့ နေရာတစ်ခုကို ရောက်ရှိနေပါပြီ။

အကြိုက်ဆုံးကတော့ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ထုတ်ရိုက်တဲ့ကားပေါ့။ ဘဝမှာ ပထမဆုံး ထုတ်ရိုက်တဲ့ကားက Micro Film ပေါ့။ Micro Film မှာ ပထမဆုံး ကိုယ့်ပိုက်ဆံနဲ့ကိုယ် ထုတ်ရိုက်တယ်။ တစ်သိန်းပဲကုန်တယ်။ ကိုယ့်စိတ်ကြိုက် ကိုယ်ရိုက်ရတယ်။ ကိုယ် Producer ၊ ကိုယ် ဒါရိုက်တာ၊ ကိုယ် Edit၊ ကိုယ်ဇာတ်ညွှန်း၊ ကိုယ့်ဘာသာကိုယ်ရိုက်တယ်ပေါ့။ ဇာတ်လမ်းလည်း ကိုယ့်ဘာသာကိုယ် စဉ်းစားတယ်။ အဲဒီကား Micro Film မှာ People Choice ရခဲ့တယ်။ ကိုယ့်စိတ်ကြိုက် ဖန်တီးခွင့်ရတဲ့ကားမှာ ဆုရခဲ့တာ အရမ်းသဘောကျခဲ့တာပေါ့နော်။

ဒါရိုက်တာ ကျော်နှင်းဆီက ခိုလှုံရာ ဇာတ်ကားရိုက်ကူးခဲ့တာနဲ့ပတ်သက်ပြီး အခုလို ပြောပြတာကလည်း စိတ်ဝင်စားဖို့ ကောင်းလှပါတယ်။ တကယ်တော့ ခိုလှုံရာဇာတ်ကားကို မျက်ရည်နဲ့ရိုက်ခဲ့ရတယ်လို့တောင်ဆိုရမလားပါပဲ။

ဇာတ်လမ်းရေးကတည်းက မျက်ရည်ကျတယ်။ ကိုယ် ဇာတ်ညွှန်း သိပ်မရေးတတ်ဘူး။ ဒါပေမယ့် စကားလုံး နှစ်လုံးသုံးလုံးကို ရင်ထဲကိုထိပြီး ရင်ထဲမှာ မကောင်းဘူး။ နောက်ပြီးတော့ ဘိုးဘွားရိပ်သာသွားပြီးတော့ အဖွားကြီးကို သွားရွေးတယ်။ ဇာတ်လမ်းကို ပြောပြတယ်။ အဲဒီမှာတစ်ခါ ငိုတယ်။ အဖွားကြီးကော သုံးယောက်ပေါင်းပြီး ငိုတယ်။ အဖွားကြီးလည်းငိုတယ်။ အုပ်ချုပ်ရေးမှူးလည်းငိုတယ်။ ကိုယ်လည်းငိုတယ်။ မျက်ရည်ကျပြန်ရော တစ်ခါ။ ပြီးတော့ ရိုက်ကူးရေးမှာလည်း တစ်ခါ မျက်ရည်တရွဲရွှဲနဲ့ ရိုက်တယ်။ ငိုကြပြန်ရော။ Editing လုပ်ပြန်တော့လည်း တီးလုံးထည့်ဘာထည့်နဲ့ ငိုကြပြန်ရော။ အဲဒီမှာ လေးငါးခြောက်ခါ ငိုခဲ့ရတယ်။ အဲဒီဇာတ်ကားကြီး ရိုက်တုန်းကပါ။

အနုပညာအပေါ် ရူးသွပ်ပြီး ဇွဲကြီးလှသူတစ်ဦးအပေါ် မိသားစုရဲ့ နားလည်မှုကလည်း ဘယ်လောက်အရေးကြီးမလဲဆိုတာကိုလည်း ခန့်မှန်းမိကြမှာပါ။ ဒီအကြောင်းကိုလည်း သူက အခုလိုပြောပြပါတယ်။

အဖေနဲ့အမေကတော့ အေးတယ်။ အေးတယ်ဆိုတာက အနုပညာထဲက မဟုတ်ဘူးပေါ့နော်။ ဒီ အဖေကတော့ ဝန်ထမ်းပဲ။ အမေကတော့ ငယ်ငယ်လေးကတည်းက ဘာမှမလုပ်ဘူး။ ကျွန်မတို့ အဖေ မိသားစုကလည်း အကုန်ဝန်ထမ်းတွေကြီးပါပဲ။ မိသားစုအကုန်လုံး။ ကျွန်မတစ်ယောက်တည်း ထူးချွန်ပြီး ဒီ အနုပညာထဲကို ဝင်လာတယ်။ ဒါပေမယ့် အားပေးပါတယ်။ အမေ သမီးကတော့ ဒီ ကျောင်းလည်း အဲလိုပဲ ယဉ်ကျေးမှုတက္ကသိုလ်တက်ချင်တယ်။ ပန်ချီဆွဲချင်တယ်။ အိမ်က ဟုတ်ပြီလုပ်ပေါ့ နောက် Editing သင်တန်း တက်ချင်တယ်ဆိုတော့လည်း လုပ်တက်ဆိုပြီး အမေက ပိုက်ဆံတွေဘာတွေ ထုတ်ပေးတယ်။ ဒါရိုက်တာသင်တန်း တက်ချင်တယ်ဆိုတော့လည်း အားပေးတာပေါ့နော်။ နောက်က မိဘနှစ်ပါးက ဝါသနာမပါဘူး။ ဒါပေမယ့် လုပ်တဲ့မျိုးရိုးလည်းမရှိဘူး။ ရှေ့မှာ ရှေ့ဆောင်လမ်းပြ လုပ်ခဲ့တဲ့သူလည်း မရှိဘူး။ ကိုယ်က ပထမဆုံး လုပ်တယ်။ ဒါပေမယ့် နောက်ကနေပြီးတော့ အမေအဖေက အားပေးတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly