မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်း ကမ္ဘောဒီးယားအသင်းနှင့် ဇူလိုင် ၆ ရက်တွင် ခြေစမ်းပွဲ ကစားမည်

မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်း ကမ္ဘောဒီးယားအသင်းနှင့် ဇူလိုင် ၆ ရက်တွင် ခြေစမ်းပွဲ ကစားမည်
အာဆီယံ ယူ-၁၆ ပြိုင်ပွဲအတွက် ပြင်ဆင်မှုများ ပြုလုပ်နေသည့် မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်း (ဓာတ်ပုံ-ရွှေဘုတ်)

ဇွန် ၂၂ ၊ ရန်ကုန်။               ။ ၂၀၁၆ အာဆီယံ ယူ-၁၆ ချန်ပီယံရှစ်ပြိုင်ပွဲအတွက် ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည့် မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းသည် လာမည့် ဇူလိုင် ၆ ရက်တွင် ကမ္ဘောဒီးယားအသင်းနှင့် နိုင်ငံတကာခြေစမ်းပွဲ ကစားရန် စီစဉ်ထားသည်ဟု အသင်းနည်းပြချုပ် ဦးညီညီလတ်က ပြောသည်။ အဆိုပါ အာဆီယံ ယူ-၁၆ ပြိုင်ပွဲကို ဇူလိုင် ၁၀ ရက်မှ ၂၃ ရက် အထိ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး အာဆီယံ အသင်းပေါင်း ၁၂ သင်း ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်သည်။

“ ကျွန်တော်တို့ အသင်းရဲ့ လက်ရှိပြင်ဆင်မှုအရရော ခြေစွမ်းကိုရော အားရကျေနပ်ပါတယ်။ လက်ရှိမှာတော့ ကစားသမား ၂၆ ယောက်နဲ့ လေ့ကျင့်နေပြီး လာမယ့် ယူ-၁၉ နဲ့ ခြေစမ်းပွဲအပြီးမှာတော့ အပြီးသတ် ၂၃ ဦး ရွေးသွားမှာပါ။ ဒီလာမယ့် ဇွန် ၂၄ ရက်ဆို ကျွန်တော်တို့ ယူ-၁၉ အသင်းနဲ့ ခြေစမ်းမှာပါ။ ဒါကတော့ ပြည်တွင်းမှာ ခြေစမ်းတာ နောက်ဆုံးပါပဲ။ ပြီးရင် ဇူလိုင် ၄ ရက်ဆို ကျွန်တော်တို့ ကမ္ဘောဒီးယားကို ကြိုသွားမယ်။ ဇူလိုင်လ ၆ ရက်မှာတော့ အိမ်ရှင်ကမ္ဘောဒီးယား ယူ-၁၆ အသင်းနဲ့ ပြိုင်ပွဲမတိုင်ခင် နိုင်ငံတကာ ခြေစမ်းပွဲကစားဖို့ စီစဉ်ထားတာပါ။ အသင်းက အုပ်စုကြပ်တယ်ဆိုပေမယ့် အုပ်စုအဆင့်ကို အရင်ဆုံးကျော်ဖြတ်နိုင်ဖို့ တစ်ပွဲချင်းအကောင်းဆုံး ပြင်ဆင်သွားမှာပါ ” ဟု ဦးညီညီလတ်က ပြောသည်။

မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းသည် ယခုနှစ် အာဆီယံ ယူ-၁၆ ပြိုင်ပွဲတွင် သြစတြေးလျ၊ စင်ကာပူ၊ မလေးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင် အစရှိသည့် အသင်းများနှင့် တစ်အုပ်စုတည်း ကျရောက်လျက်ရှိသည်။ မြန်မာ ယူ-၁၆ အသင်းသည် အာဆီယံ ယူ-၁၆ ပြိုင်ပွဲကို ၂၀၀၂ ခုနှစ်မှ စတင်ကာ နှစ်စဉ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အအောင်မြင်ဆုံးအဖြစ် ၂၀၀၂ နှင့် ၂၀၀၅ တွင် ချန်ပီယံဆု ၊ ၂၀၀၆ နှင့် ၂၀၁၅ တွင် ဒုတိယဆု၊ ၂၀၁၁ တွင် တတိယဆု တို့ကို ဆွတ်ခူးထားနိုင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly